ကမ္ဘာစစ်အပြီး ဂျပန်အစိုးရက မြန်မာ နိုင်ငံဖွံဖြိုးရေး လုပ်ငန်း များအတွက် အမေရိကန် ဒေါ်လာ သန်း ၂၅၀ စစ်လျော်ကြေးပေးအပ်စဉ်
ပုံ-တိုက်ပုံအမဲရောင် ၀တ်ဆင်ထားသူမှာ မြန်မာ ကိုယ်စလှယ်ခေါင်းဆောင်း နိုင်ငံခြားရေးဝန်ကြီး ဦးကျော်ငြိမ်း နှင့်
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတ်ဆူအို အိုကာဆားကီး
ပုံ-တိုက်ပုံအမဲရောင် ၀တ်ဆင်ထားသူမှာ မြန်မာ ကိုယ်စလှယ်ခေါင်းဆောင်း နိုင်ငံခြားရေးဝန်ကြီး ဦးကျော်ငြိမ်း နှင့်
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတ်ဆူအို အိုကာဆားကီး
-မောင်လူအေး-
ဂျပန်ခေတ်ဟာသများ စာအုပ်မှ မှတ်မိသမျှ ကို ပြန်လည်ဖော်ပြရေးသားလိုက်ပါသည်။
ဂျပန်တို့ ကား မြန်မာပြည် စစ်မြေပြင်မှ ဆုတ်ကြလေပြီ။ ဗမာလွတ်မြောက်ရေးတပ်မတော် နှင့် မဟာမိတ်တပ်များ က ဂျပန်တပ် တို့ကို တွေ့ရာ သင်္ချိုင်း ဒါးမဆိုင်း ဘဲ အပြုတ်နှံနေသော ကာလ။ ကြယ်နီ လက်ပတ်ဖြင့် မြန်မာ့တော်လှန်ရေးသမား တို့ လည်း ရရာ လက်နက် ဖြင့် ဂျပန်တို့အား ပြောက်ကြားစစ်ဖြင့် တိုက်နေသော အချိန်။
အောက်မြန်မာပြည် ရှိ ရွာလေးတရွာ၌ တောင်သူ အဖိုးကြီးအဖွားကြီး ဇနီးမောင်နှံတို့တွင် မိစု ဟု ခေါ်တွင်သော အပျိုဘော်ဝင်စ သမီးလေး တဦး ရှိသည်။ အဖိုးကြီး အဖွားကြီး သည် ခေတ်ပျက် အတွင်း ချောမောလှပသော သမီး လေး တယောက်ရှိခြင်း သည် ကောင်းကျိုးထက် ဆိုးကျိုး ကို လက်ယပ်ခေါ်ဘိသကဲ့သို့ ရင်တထိတ်ထိတ် ဖြင့် အလွန်ပင်စိုးရိမ်ကြောင့်ကြလျှက်ပင်ရှိကြ၏။ ဘို့မယားဖြစ်လေမလား၊ စိန်ကြည်ဖြစ်လေမလား၊ အာမခံ မဲ့ ဘီအိုင်အေကတော် ဖြစ်လေမလား။ လားပေါင်းများစွာဖြင့် အဖိုးကြီးအဖွားကြီးတို့သည် ကာလပျက် ကြီးအတွင်း စိတ်ပူပန်သောက ရောက်နေရှာလေတော့သည်။ သူတို့၏ စိတ်အပူပင်ဆုံး ကာလတခု သည် သူတို့ မျှော်လင့်ထားသကဲ့သို့ ပင် ရောက်လာလေတော့သည်။
တနေ့သ၌ ဂျပန်တပ်စု တစု သည် ထိုရွာလေး သို့ ရောက်ရှိလာလေတော့သည်။ ရွာထိပ်မှ ဂျပန်တပ် ၀င်လာသည် ကိုကြားကြား ခြင်း အဖိုးကြီး အဖွားကြီး တို့သည် သမီးငယ် မိစု အား စပါးကျီထဲသို့ ၀င်ပုန်းနေစေတော့သည်။ မိစု စပါးကျီထဲ ပုန်းနေပြီး နောက် မရှေးမနှောင်း ပင် ဂျပန်တို့ သည် အဖိုးကြီးအဖွားကြီး တို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပင် ရောက်လာလေ တော့သည်။ ဂျပန်စစ်ဗိုလ် က အဖိုးကြီးအား မြန်မာစကား မတတ် တတတ်ဖြင့် “ဘိရုမာ အိုကြီးစံ..မိဇု ရှိတကား” ဟုမေးလိုက်ရာ အဖိုးကြီးလင်မယား မှာ ငယ်ထိပ်မြွေပေါက်သကဲ့သို့ ပင် ပြာပြာသလဲ ဖြစ်သွားကာ “မစ္စတာစံ..မိစု မရှိပါဘူး” ဟုမျက်နှာများပျက်ကာ ပြန်ပြောရှာလေတော့သည်။ မိစု မရှိဘူး ဟု ပြောသံကြားကြားခြင်း ဂျပန်ဗိုလ် သည် ဒေါသ အမျက်ခြောင်းခြောင်းထွက်လာ ကာ “ဘိရုမာ အိုကြီးစံ..ဘကာ..ညာပြောတယ်။ မိဇု ရှိတယ်ကား.. မစ္စတာသိတကား..လိမ်တကား” ဟုထပ် ပြောလေရာ အဖိုးကြီးလဲ ဖြစ်ချင်ရာဖြစ် သမီးဘ၀ တော့ အပျက်မခံနိုင်ပြီ။ သေလို့ကသေတော့ ဟုနှလုံးပိုက်လျှက် “အမှန်ပြောတယ်..မစ္စတာစံ။ မိစု မရှိပါဘူး” ဟူ၍ ဖင်ပိတ်ငြင်းလေ တော့သည်။ ဂျပန်ဗိုလ် လည်း ဒေါသ ထွက်လာ ကာ အဖိုးကြီး အား အိမ်ရှေ့ ၌ပင် ဂျပန်ပါးရိုက်နည်းအစစ်ဖြင့် တဘုန်းဘုန်း ဆော်လေတော့သည်။ အဖွားကြီးလည်း မနေသာ၍ ၀င်ဆွဲရာ အဖွားကြီးကို ပါ ဂျပန်စစ်သားတို့ က ကန်ကြောက်ကျလေတော့သည်။
“ဘိရုမာ..အိုကြီးစံ..မကောင်းတကား။ ညာတကား…တကားတကား နှင့် ဂျပန်စစ်ဗိုလ်နှင့် စစ်သားတို့ ၀ိုင်းဝန်းထုနှက် လိုက်ကြသည်မှာ နောက်မှ ဂျပန် တပ်စုလေး ရောက်လာမှသာ ရပ်လေတော့သည်။ ဂျပန်တပ်စု အရာရှိငယ်မှ ကမန်းကတန်း ပြေး၍ ဂျပန်တပ်ကို ထိန်းသိမ်းလိုက်မှ အဖိုးကြီး၊အဖွားကြီး တို့မှာ ဂျပန်ဗြောတီး မှလွတ်ကျလေတော့သည်။ ၎င်း အရာရှိမှ ဂျပန်စစ်ဗိုလ်အား နားချပြီးနောက် အဖိုးကြီး၊ အဖွားကြီး တို့ထံရောက်လာ၍ သူနှင့်အတူ ပါလာသော ဂျပန်စကားပြန် လူငယ်ကလေးမှတဆင့် “အဘတို့က သူတို့တောင်းတာ မပေးလို့ ဆို။ ဘယ်လိုဖြစ်တာလဲ” ဟုမေးလေမှ အဖိုးကြီးခမျာ “မောင်မင်းကြီးသား ရွှေဂျပန်က မိစု ရှိလား ဆိုလို့ မရှိဘူး ပြောရတာပေါ့ မောင်ရင်ရယ်” ဆိုမှ “ ဟာဗျာ။ အဘ ကလဲ ဂျပန်လို မိစု ဆိုတာ မြန်မာလို ရေ ကိုပြောတာဗျ” စကားပြန်ကလေး က ပြောလိုက်တော့မှ အဖိုးကြီး၊အဖွားကြီးတို့မှာ လူအီစလံဝေ နေသော်ငြား စိတ်နှလုံးသက်သာသွားကြလေသတည်း။
Rest of your post
No comments :
Post a Comment