-အောင်ခက်-
ထမင်းကောင်း ဟင်းကောင်စားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာ ဖတ်ပရိသတ်အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးလိုက်ပါတယ်။ စာရေးဆရာ ဒေါက်တာဖေမြင့် ၏ အမြင် နှင့် မှတ်ချက်တိုလေး ကို ကိုအောင်ခက် က စုစည်း တင်ပြထားခြင်းဖြစ်ပါတယ်။
ဒီဆောင်ပါး ဟာ ယနေ့ ပြည်တွင်း၊ ပြည်ပ မှာ နေထိုင်နေကြပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာ ရေးကို ဆည်းပူးခွင့် မရခဲ့ သော လူငယ်များအတွက် အားဆေးတခွက် ဖြစ်လာလိမ့်မယ်လို့ ဆန္ဒပြုရင်း-
အိမ်က စာအုပ်သည် ကိုယ်ပိုင်ကောလိပ်
တက္ကသိုလ်များ၊ ကောလိပ်များသည် တိုင်းပြည်တပြည်၏ ပညာမဏ္ဍိုင်များဖြစ်တာမှန်၏ ။ သို့သော် ၎င်းတို့ ဆီမှာ သင်ကြားပေးနေသည့် ပညာရပ်အများအပြားသည် မိမိဘာသာ အိုးမကွာ အိမ်မကွာ လေ့လာဆည်းပူး၍ ရနိုင်တာတွေဖြစ်၏ ။
စံနစ်တကျသာ အသုံးချမည်ဆိုက အနီးဆုံးစာကြည့်တိုက်သည် သင့်အတွက်တက္ကသိုလ်ဖြစ်နိုင်၏ ။ ကောင်းစွာစုစည်းထားသော သင့်အိမ်က စာအုပ်စင်သည်လည်း ကိုယ်ပိုင်ကောလိပ်ဖြစ်နိုင်၏။
ကိုယ်ပိုင်ကောလိပ်ကို အထင်မသေးနှင့်။
စာကြည့်တိုက်များ၊ စာအုပ်စင်များမှ ပညာကို ကိုက်တိုင်တူဆွရှာဖွေခဲ့သော သူသည် ဘွဲ့လက်မှတ်တစုံတရာ ၏ ကျားကန်ပေးမှု မခံရသော်လည်း လူရည်လူသွေးအရာ၌ ကား ဇွန်နှင့် ခွံ့ကျွေးခံရသူ များထက် နည်းနည်းမျှ ညံ့လိမ့်မည်မဟုတ်ပါ။
လက်တွေ့လောက၌ အောင်မြင်မှုရမရ ဟူသည်ကိုလည်း ဘွဲ့ လက်မှတ်ထက် ပညာဗဟုသုတနှင့် လူရည်လူသွေးတို့ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ရာ စာအုပ်စင်တက္ကသိုလ်မှ ဆင်းလာသော ပုဂ္ဂိုလ်သည် တစ်နေ့သောအခါ လူတကာထက် ခေါင်းတလုံးသာ သူ မုချ ဖြစ်လာရပေလိမ့်မည်။
ဒေါက်တာဖေမြင့်
Rest of your post
No comments :
Post a Comment