Sunday, 1 March 2009

လှေခွက်ချည်းကျန်၊ အလံမလှဲ


-ခင်မမမျိုး-

ကျွန်ုပ်တို့လှေလှော်နေကြသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ပန်းတိုင်ကားမရောက်သေး။
သို့ရာတွင် ထိုပန်းတိုင်တစ်ခုတည်းသည်သာ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သား အားလုံး၏ အနာဂတ်ဘဝ သာယာရေးဖြစ်သည်မို့ ဆက်၍လှော်ကြရပေဦးမည်။ အားလုံး၏ ဘဝအတွက်၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက်။

ဒီမိုကရေစီစနစ်


စနစ်တစ်ခုဖြစ်သည့်အလျောက် အားသာချက်၊ အားနည်းချက်များကား ရှိပါလိမ့်မည်။ သို့ရာတွင် နိုင်ငံတစ်ရပ် ကျင့်သုံးသင့်သည့်စနစ်တစ်ခု ဟူ၍ကား ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။

ဒီစနစ်ကျင့်သုံးသောနိုင်ငံများနှင့် အခြားစနစ်များ၏ကွာခြားမှုများကို ကမ္ဘာ့ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့လာပြီးသည့်နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးများကား နေရာအနှံ့။ ဤသည်ကား ပြောင်းလဲမှုဖြစ်စဉ် တစ်ရပ်ပင်ဖြစ်သည်။ ရှောင်လွှဲ၍မရ။ လက်ခံရမည့်သဘာဝတရား။ တိုးတက်သော လူ့ဘောင်တရပ်အတွက် မရှိမဖြစ်ကျင့်သုံးရမည့် စနစ်တစ်ခု။

အပြုသဘောနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး၊ တိုင်းပြည်ကောင်းကျိုး လုပ်သင့်ပါလျက် စစ်အုပ်စုတို့က အာဏာရှင်စနစ်ကိုပင် ဖက်တွယ်ထားသည်မို့ တိုင်းပြည်နစ်နာစေခဲ့သည်။ သို့ပေမယ့် တိုင်းပြည်၏ ကံကြမ္မာကို အဘယ်ကြောင့် ဤလက်တဆုပ်စာ လူတစု၏ လက်ထဲသို့ ထိုးအပ်ထားရမည်နည်း။

ဘယ်သူပေးပေးမပေးပေး၊ ရအောင်ယူရမည်။ စစ်အာဏာရှင်တို့ထံတွင် ဒီမိုကရေစီမရှိ။ မရှိသူထံမှ တောင်းနေမည့်အစား ရှိလာအောင် လုပ်ယူကြရမည်။ ထိုသို့လုပ်ရေးအတွက် အတားအဆီးဖြစ်နေသည့် စစ်အာဏာရှင်ကို ဖယ်ရှားပစ်ရမည်။

လူ့အခွင့်အရေး

လူသားတိုင်းတွင် မွေးရာပါအခွင့်အရေးရှိသည်။ သန်းပေါင်းများစွာသော လူသားတို့ခံစားနေသော လူ့အခွင့်အရေးအား၊ မြန်မာပြည်သူတို့ကျမှ အဘယ်ကြောင့်ခံစားခွင့် မရှိရသနည်း။ မွေးရာပါ လူ့အခွင့်အရေးကို သူတပါးတို့ ချုပ်ကိုင်ထားသည်ကို အဘယ်ကြောင့် လက်ပိုက် ခေါင်းငုံ့ခံနေကြမည်နည်း။ ကိုယ့်အခွင့်အရေးကို ကိုယ်ပြန်ရအောင် လုပ်ယူကြရမည်။

ဖယ်ဒရယ်မူ

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံသည် ဖယ်ဒရယ်မူမကျင့်သုံးသေးသမျှ တန်းတူညီမျှခွင့်အရေး ဆုံးရှုံးနေမည်မလွဲ။ နိုင်ငံ၏ရေမြေသဘာဝ၊ အခြေအနေ၊ သမိုင်းကြောင်းအရပ်ရပ်သည် ဖယ်ဒရယ်မူကိုသာ တောင်းဆိုညွှန်ပြနေပြီးသား။ (၁ဝ)နှစ်ကလေးအား (၅)နှစ်ကလေးရဲ့ အဝတ်အစားများဝတ်ပေး၍ မည်သို့တော်ပါမည်နည်း။ ဖယ်ဒရယ်စနစ်သည်ကား မြန်မာပြည်၏လိုအပ်ချက်။ တိုင်းရင်းသားများအတွက် အသက်သွေးကြော။

ယင်း (၃)ချက်ကိုသာ အဓိကပန်းတိုင်သတ်မှတ်၍ ကျွန်ုပ်တို့လှေလှော်ကြရပါမည်။
အတားအဆီးများကား အများအပြား ကြုံတွေ့ကြရမည်။

လှေလှော်ခရီးတလျှောက် လှေလှော်ရင်းနစ်သွားသူများလဲရှိသည်။ ဆက်မလှော်နိုင်ပဲ ရန်သူထံ အရှုံးပေးလိုက်သူများလဲ အများအပြား။

ကျွန်ုပ်တို့လှေတပ်တော်ကြီးတွင် လှေများစွာပါဝင်ပါသည်။
လှေပေါင်းစုံမှ လွှင့်ထားသော အလံအမျိုးအမည်များမှာလဲ တလူလူ။

သို့ရာတွင် အားလုံးကိုင်စွဲကြရမည့် အလံကား ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဖယ်ဒရယ်ကို ကိုယ်စားပြုရမည်ပင်။ အားလုံး၏ရင်ထဲတွင် ဒီအလံကို လွှင့်ထူထားပါက မည်သူလှဲနိုင်အံ့နည်း။

လှေများစွာအမျိုးအမည်ကွဲပါသည်။ သို့ရာတွင်ပန်းတိုင် တစ်ခုတည်းသို့သာ ဦးတည်ပါလျှင် မည်သူတားနိုင်အံ့နည်း။

အချုပ်ဆိုရသော် ကျွန်ုပ်တို့အားလုံး လှေခွက်ချည်းကျန်၊ အလံမလှဲစိတ်ဓာတ်ဖြင့် ဆက်လက်လှော်ခတ်ကြပါစို့။ လှေတပ်တော်ထဲတွင် မပါရသေးသူများအား ဖိတ်ခေါ်ပါသည်။

ယခုလှေလှော်ပွဲသည် တော်လှန်ရေး ဖြစ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲမဟုတ်ပါ။ ဘယ်သူဘာက အရေးမကြီးပါ။ ဘယ်သူဘာလုပ်ခဲ့သည်က သမိုင်းဆရာတို့ မှတ်တမ်းတင်ပါလိမ့်မည်။ လက်ရှိမှာ ဘယ်သူဘာလုပ်နေသည်က ပိုအရေးကြီးနေပါပြီ။ နီးစပ်ရာလှေပေါ်တက်ပြီး၊ မြန်မာ့အနာဂတ်ကို မြန်မာတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါစို့။






Rest of your post

2 comments :

Anonymous said...

သူကလည်း ကဗျာတွေစာတွေက ဖွဲ့လို့ကို မပြီးနိုင်ပါလား မမမျိုးရယ်...

Anonymous said...

The most important thing is that not to lose or separate the federal states which are governed by their own races. However, the races in Myanmar are so racists and patriotic. The union of Myanmar will be broken into pieces if federalism is allowed.