-ဇော်မင်း-
၁၉၇၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကို လက်ဝဲကွန်မြူနစ် အုပ်စုဖြစ်တဲ့ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီများက သိမ်းပိုက် နိုင်လိုက်ပါ တယ်။ ခမာနီများ ကမ္ဘောဒီးယားကို သိမ်းပိုက်အပြီးမှာ အဲသည့်နိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံခြားသားများကို နှင်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ သတင်းထောက်များ အစရှိတဲ့ နိုင်ငံခြားသားများ ကမ္ဘောဒီးယား နိုင်ငံကနေ ထွက် ခွာခဲ့ကြရပါတယ်။
အဲသလို ကမ္ဘောဒီးယားကနေ ထွက်လာခဲ့ရတဲ့ နိုင်ငံခြားသားများထဲမှာ ပြင်သစ်လူမျိုး ခရစ်ယန်ဘုန်းတော်ကြီး ဖရန်ဆွာ ပွန်ရှိုး လည်း တဦးအပါအဝင် ဖြစ်ပါတယ်။
ခမာနီတို့ အာဏာရပြီး ဆက်တိုက်ဆိုသလိုပဲ လုပ်အားပေးစခန်းတွေ တည်ထောင်ပါတယ်။ အဆိုပါ လုပ်အားပေး စခန်းတွေမှာ သောင်းသိန်းချီတဲ့ ကမ္ဘောဒီးယားလူမျိုးများ မိမိဆန္ဒအလျောက် မဟုတ်ဘဲ လုပ်အားပေးခဲ့ရပါတယ်။ ဘုံလယ်ယာတွေ ဆည် မြောင်းတွေ ဖေါက်လုပ်တဲ့ နေရာများမှာ လုပ်အားပေး ခဲ့ကြရပါတယ်။ အစားအစာ ကောင်းကောင်း မွန်မွန် မစားရတဲ့အပြင် ဆေးကုသခွင့်တွေလည်း မရှိတဲ့အတွက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ခမာနီတို့ရဲ့ အာဏာကို အံတုမယ်လို့ ထင်မြင်ယူဆခံရတဲ့ သူတွေကိုလည်း အကျဉ်းစခန်းတွေမှာ စစ်ဆေးရင်း နှိပ်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ပညာတတ် မှန်သမျှ နိုင်ငံတော်ရဲ့ အကြီးဆုံး ရန်သူလို့ သတ်မှတ်ခံရတဲ့ အတွက် တိုင်းပြည် တည်ဆောက်ရာမှာ အရေးပါတဲ့ ပညာတတ်များ အမြောက်အများ အသတ်ခံခဲ့ရပါတယ်။
ထိုထိုသော အကျိုးဆက် အကြောင်းဆက်တွေကြောင့် ကမ္ဘောဒီးယား နိုင်ငံသား ထောင်ပေါင်းများစွာ ဒုက္ခသည်များ အဖြစ် နိုင်ငံကနေ ထွက်ပြေးခဲ့ ကြရပါတယ်။
ထိုကဲ့သို့ ထွက်ပြေးလာတဲ့ ကမ္ဘောဒီးယား နိုင်ငံသား ဒုက္ခသည်တွေကို လူကိုယ်တိုင်တွေ့ဆုံပြီး ခရစ်ယန် ဘုန်းတော်ကြီး ပွန်ရှိုး က အင်တာဗျူးများ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာ ကမ္ဘာပျက်သလို ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဘုန်းတော်ကြီး ပွန်ရှိုးက ကမ္ဘာ့အစိုးရများကို သိသာအောင် တင်ပြခဲ့ပါတယ်။ သို့သော်လည်း ထိုအချိန်က ယဉ်ကျေးပါ သည်ဟု ဆိုသော နိုင်ငံ တကာ အစိုးရများက ထိုအဖြစ်အပျက်တွေဟာ ဘုန်းတော်ကြီး ပွန်ရှိုး တင်ပြသလောက် ဖြစ်နေ တယ်လို့ မယူဆခဲ့ကြပါဘူး။ ဘုန်းတော်ကြီး ပွန်ရှိုးက ဇတ်နာအောင် ပိုပိုသာသာ တင်ပြနေတယ်လို့လည်း ယူဆခဲ့ကြပါ တယ်။
တဆက်တည်း ဆိုသလိုပဲ ဘုန်းတော်ကြီး ပွန်ရှိုးက စာအုပ်တအုပ် ထုတ်ဝေဖြန့်ချီပြီး ကမ္ဘောဒီးယား နိုင်ငံမှာ ဘာတွေ ဖြစ်နေ သလဲဆိုတာကို ထပ်မံတင်ပြ ပြန်ပါတယ်။ အဲသည့် စာအုပ်ကတော့ Year Zero လို့ခေါ်တဲ့ စာအုပ် ဖြစ်ပါတယ်။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းတာက ကမ္ဘာကြီးဟာ ကမ္ဘောဒီးယား နိုင်ငံမှာ အမှန်တကယ် ဘာတွေ ဖြစ်နေခဲ့သလဲ ဆိုတာကို သတိ မထားသလို စိတ်လည်း မဝင်စားခဲ့ကြပါဘူး။ နိုင်ငံရေးက လူ့အခွင့် အရေးထက် အရေးကြီးနေသလိုမျိုး ဖြစ်နေခဲ့ပါတယ်။
၁၉၇၇ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ သမတ ဂျင်မီကာတာ အာဏာရလာခဲ့ပါတယ်။ သူအာဏာ မရခင်က မဲဆွယ်စည်းရုံး တဲ့ ကာလတွေမှာ သူသာ အာဏာရလာရင် ကမ္ဘာတလွှားမှာ လူ့အခွင့်အရေးအတွက် ဦးစားပေး လုပ်ဆောင်မယ်လို့ ကတိ ကဝတ် တွေ ပေးခဲသူလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားက အဖြစ်အပျက်တွေကို သမတ ဂျင်မီကာတာလည်း မကြားဘဲမဟုတ် ကြား သိခဲ့ပါတယ်။ သို့သော်လည်း သူအာဏာရတဲ့ ၁၉၇၇ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ လူ့အခွင့် အရေးကို အကြီးအကျယ် ချိုး ဖောက်နေတဲ့ ခမာနီအစိုးရကို ဝေဖန်ရှုံ့ချဖို့ ပြင်ဆင်ခဲ့ပါတယ်။ သို့သော် နောက်ထပ် (၁၅) လအထိ ကြာမှသာ ဝေဖန်ပြစ်တင် ရှုံ့ချတာကို စတင်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်ကစလို့ ထိုအတောအတွင်း ကမ္ဘောဒီးယား နိုင်ငံမှာ နှိပ်စက်မှု၊ ညှဉ်းပမ်းမှု၊ သုတ်သင်မှု၊ အငတ်ဘေးတို့ကြောင့် လူဦးရေ နှစ်သန်းကျော် သေဆုံးခဲ့ ရပြီးဖြစ်ပါတယ်။
၁၉၇၈ ခုနှစ် ကုန်ခါနီးလောက်မှာ ဗီယက်နမ်တပ်တွေ ကမ္ဘောဒီးယားကို ဝင်လာပြီး ခမာနီအစိုးကို ဖြုတ်ချ လိုက်ပါတယ်။ ခမာနီ အစိုးရလည်း ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့ တောတောင်တွေဖက်ကို ဆုတ်ခွာ ထွက်ပြေး သွားရပါတယ်။ တချိန်တည်းမှာလည်း ကုလသမဂ္ဂမှာ ကမ္ဘောဒီးယား ထိုင်ခုံက နှစ်လုံးဖြစ်လာပါတယ်။ ခမာနီကိုယ်စားပြု အဖွဲ့နဲ့ ဗီယက်နမ်အားကိုးနဲ့ နောက်တက် လာတဲ့ အဖွဲ့ဖြစ်နေပါတယ်။ ကုလသမဂ္ဂဟာ အဲသည့် အချိန်မှာ ဘယ်သူ့ကို ကုလအတွင်း ထိုင်ခုံပေးသင့်သလဲ ဆိုပြီး ဝေဝါး နေပါတယ်။ နောက်ဆုံးမှာ လူတွေသတ်ခဲ့တဲ့ ခမာနီကို ဆက်ပြီး ကုလသမဂ္ဂမှာ ကာလတခုအထိ ထိုင်ခုံပေးခဲ့ အသိအမှတ် ပြု ခဲ့ပါတယ်။ ဘာဖြစ်လို့တုံးဆိုတော့ ဗီယက်နမ်တို့ ဆိုဗီယက်တို့ဟာ အဲသည့်အချိန် စစ်အေးတိုက်ပွဲ ကာလအတွင်းက နောက် တက်လာတဲ့ ဖနွမ်းပင်အစိုးရနဲ့ မဟာမိတ်တွေ ဖြစ်နေခဲ့လို့ပါ။ နေတိုးနဲ့ ဝါဆောရဲ့ အားပြိုင်မှု အထွဋ်အထိပ်ကို ရောက်နေတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် စစ်အေးတိုက်ပွဲ အရိပ်မဲကြီးရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ဟိုးနောက်အဝေးကြီးမှာသာ ရှိခဲ့ပါတယ်။
ဘုန်းတော်ကြီး ပွန်ရှိုးက ကမ္ဘောဒီးယားမှာ လူသားမျိုးနွယ်တို့ကို မျိုးတုံးလုအောင် သတ်ဖြတ်နေပါတယ်လို့ ကနဦးမှာ တင်ပြ ခဲ့တာတွေကို ကမ္ဘာကြီးက ဂရုမစိုက်ခဲ့ပါ။ လက်အတော်လွန်ပြီး နောက်ပိုင်းကာလ များကြမှသာ ကမ္ဘာကြီးက ကမ္ဘောဒီးယား ကိစ္စကို ဂျီနိုစိုက် (သို့) မျိုးတုံးသတ်ဖြတ်မှု ဆိုပြီး အလေးပေး ပြောလာကြတာ ဖြစ်ပါတယ်။ အော်စကာ ဆုရတဲ့ Killing Field ဆိုတဲ့ ရုပ်ရှင်ဇတ်ကားဟာ အဖြစ်မှန်တွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သို့သော် အတော်လေး နောက်ကြပြီးမှ ကမ္ဘာ့ ပရိသတ်ကြီး သိခွင့်ရခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေဟာ အကဲဆတ်တယ်။ ဦးစားပေးတယ်။ စိုးရိမ်စိတ် ရှိကြတယ်လို့ လူတွေက ယေဘူယျအားဖြင့် သိကြပါတယ်။ သို့သော်လည်း အနောက်နိုင်ငံကြီးတွေဟာလည်း သူတို့ရဲ့ နိုင်ငံခြားရေး ပေါ်လစီ တွေကို သူတို့နိုင်ငံရဲ့ အကျိုးကျေးဇူးနဲ့သာ ချိန်ကိုက်ကြည့်တဲ့ အတွက် ဒီသဘာဝကို နားလည်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အခု မြန်မာနိုင်ငံမှာလည်း အုပ်စိုးသူတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ အနောက် နိုင်ငံ ကြီးများရဲ့ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရးအပေါ် ကူညီတဲ့ ပုံစံဟာ နှုတ်၏စောင်မခြင်း သဘောထက် မပိုပါသေး ဘူး။
အဲသလို ဆိုလိုက်လို့ အာရှတိုက်မှာ အင်အားအကြီးဆုံးလို့ ဆိုနိုင်တဲ့ တရုတ်နိုင်ငံရဲ့ ခြေသလုံး ပြေးဖက်တော့ရော မြန်မာပြည် နိုင်ငံရေးဟာ အဆင်ချော လာမလားလို့ မေးနိုင်ပါတယ်။ အဖြေအတိအကျ ရှိဖို့ရာ မလွယ်ပါဘူး။ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံမှာ ကိုယ်လိုချင်တဲ့ အဖြူ (သို့) အမဲ ဆိုတဲ့အဖြေဆိုတာ ဘယ်တုံးကမှ မရှိပါဘူး။ မြန်မာပြည်က ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ကြီးငယ်လတ်တို့ ဘယ်လောက် ပါးရည်နပ်ရည် ရှိသလဲဆိုတာ အပေါ်မှာ မူတည်ပါတယ်။ နောက်တချက် ကတော့ နိုင်ငံကြီး တွေနဲ့ ကုလသမဂ္ဂကို အလွန်အကျွံအားကိုးတဲ့ စိတ်ထားမျိုး ဖျောက်ဖို့လိုပါတယ်။
ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ စကားရှိတယ် ဆိုတာကိုတော့ မမေ့သင့်ပါ။
ဇော်မင်း (လူ့ဘောင်သစ်)
၃ ရက် မတ်လ ၂ဝဝ၉ ခုနှစ်
ဆက်လက်ဖေါ်ပြပါမည်၊
Rest of your post
Monday, 30 March 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment