ကမ္ဘာကြီး ကို ပြောင်းလဲစေခဲ့တဲ့ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေး ဂေါ်ဘာချော့ဗ် (သို့)
မြင့်မြတ်သော ဆိုဗီယက်ယူနီယံ ကို အဆုံးသတ်သွားခဲ့တဲ့ မြင့်မြတ်တဲ့ ခေါင်းဆောင် ဂေါ်ဘာချော့ဗ်
မြင့်မြတ်သော ဆိုဗီယက်ယူနီယံ ကို အဆုံးသတ်သွားခဲ့တဲ့ မြင့်မြတ်တဲ့ ခေါင်းဆောင် ဂေါ်ဘာချော့ဗ်
-မြတ်စိုး-
စစ်အေးခေတ်နှောင်း တိုက်ပွဲ ကာလအတွင်း ဆိုဗီယက်ယူနီယံ ကို ဦးဆောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေး မှူးချုပ်ဟောင်း ဂေါ်ဘာချော့ဗ် က လက်ရှိ ရုရှား ၀န်ကြီးချုပ် ဗလက်တီမီရာ ပူတင်ဦးဆောင်တဲ့ ရုရှားညီညွှတ်ရေးပါတီ ကြောင့် ရုရှားနိုင်ငံမှာ ကွန်မြူနစ်များ ဟာ အဆိုးဝါးဆုံးသော အခြေအနေကို ရင်ဆိုင် နေရပြီလို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး ကို လိုလားပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်မှု ကို အားပေးထောက်ခံ ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဂေါ်ဘာချော့ဗ် က ရုရှားနိုင်ငံရဲ့ ပါလီမန် နှင့် တရားစီရင်မှုတွေ မှာ လွတ်လပ်မှုမရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့သလို ယနေ့ ကမ္ဘာမှာရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာ အနောက်နိုင်ငံတွေ အနေနဲ့ အရင်းရှင်စံနစ် အပေါ် ယုံကြည်မှုလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး လို့ အေပီ သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတစ်ခုမှာ ပြစ်ပြစ်နစ်နစ် ပဲ ဝေဖန်သွားခဲ့တယ်။
အမေရိကန်ဟာ စစ်အေးတိုက်ပွဲကို အနိုင်ရခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေပေမဲ့ ၊ ဒီနေ့ ကမ္ဘာမှာ စီးပွားရေး အကျပ် အတည်းတွေ၊ ကပ်ဆိုးကြီးတွေ ဖြစ်ပျက်နေတာတွေဟာ အရင်းရှင်စံနစ် ကျဆုံးခန်း အတွက် သင်ခန်းစာယူဖို့ အချိန်ကျရောက်နေပါပြီ လို့ ရှုံ့ချပြောဆို သွားခဲ့တယ်။ အရင်းရှင်စံနစ်ရဲ့ ကျဆုံးမှုတွေကို ဒီနေ့ အမေရိကန် သတင်း မီဒီယာတွေမှာ ခင်ဗျားတို့ ကျယ်ကျယ် လောင်လောင် ကြားနေရပြီ မဟုတ်လားလို့ သူရဲ့ သုံးသပ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
ဒါပေမဲ့ ဂေါ်ဘာချော့ဗ် ကို ကမ္ဘာ့နံမည်ကြီး နှင့် ဈေးကြီးတဲ့ Louis Vuitton ကုမ္ပဏီနဲ့ Pizza Hut ကုမ္ပဏီ တွေရဲ့ ကြော်ညာ အခန်းအနားတွေ မှာ တွေ့ရှိခဲ့ကြတယ်။ ဒီတွေ့ရှိခဲ့မှု အပေါ် သတင်းထောက်ရဲ့ မေးမြန်းချက်ကိုတော့ သူတည်ထောင် ထားသော အသင်းအဖွဲ့ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ငွေလို လို့လုပ်ခဲ့ရကြောင်း ရယ်မောပြောဆိုခဲ့တယ်။
ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့ဗ် ဟာ ၁၉၉၂ ခုနှစ်မှာ ဒီမိုကရေစီ အရေးပါမှု အခန်းကဏ္ဍ၊ ကိုယ်ကျင့် တရား နှင့်သိက္ခာ၊ လူသားများ၏ ကျင့်ဝတ်တွေ ကို တိုးတက်မြင့်မား အားပေးကူညီတဲ့ (Gorbachev Foundation) အဖွဲ့အစည်း ကို တည်ထောင်ခဲ့ပြီး၊ ရုရှားနိုင်ငံမှာလည်း ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ပွင့်ပွင့်လင်းလင်းဝေဖန်မှုတွေကို ထောက်ခံ အားပေးနေသူ တစ်ယောက် အဖြစ် ထင်ရှားစွာရပ်တည်နေခဲ့တယ်။
တချိန်က ကမ္ဘာ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ကို ဦးဆောင်ခဲ့တဲ့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့ဗ် ဟာ သူရဲ့ ယုံကြည်ချက်တွေကို သတိရှိရှိ၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ပြောဆိုနေတုန်းပါ။ တနေ့မှာ Ukraine, Kazakhstan and Belarus နိုင်ငံတွေဟာ ရုရှားနိုင်ငံနဲ့ ပြန်လည် ပေါင်းစည်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်း သူရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ သူဟာ ကမ္ဘာ့အရေးအခင်းတွေမှာလည်း သူရဲ့ ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနေတဲ့ အထင်ကရ ကမ္ဘာ့ခေါင်းဆောင်တဦးအဖြစ် ဆက်လက် တည်ရှိနေပါတယ်။
ချက်သမ္မတဟောင်း ၊ ပိုလန်ဝန်ကြီးချုပ်ဟောင်း၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ဟန်ဂေရီ အပါအ၀င် အရှေ့ ဥရောပ နိုင်ငံရေး ခေါင်းဆောင်ဟောင်းတွေက တော့ ဂေါ်ဘာချော့ဗ် ဟာ အများကောင်းစားဖို့ နဲ့ လွတ်မြောက်ဖို့ တွေ အတွက် လူနည်းစုရှေးရိုးစွဲ ကွန်မြုနစ်များ ရဲ့ အမုန်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင် တိုက်ပွဲဝင်ခဲ့တယ်။ ဂေါ်ဘာချော့ဗ် ရဲ့ Perestroika နှင့် glasnost နိုင်ငံရေး အတွေးအခေါ် ဟာ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့ ပြီး အရှေ့ နှင့် အနောက် ဂျာမာန် နှစ်နိုင်ငံ ပေါင်းစည်းနိုင်ခဲ့သလို၊ အရှေ့ဥရောပ နိုင်ငံတွေရဲ့ လွတ်မြောက်ရေး ကို ရရှိစေခဲ့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အရှေ့ဥရောပ ခေါင်းဆောင် တွေကတော့ ဂေါ်ဘာချော့ဗ် ကြောင့်သာ တိုးတက်ပြောင်းလဲ မှုတွေကို အဆုံးအရှုံးနည်းနည်း အကြမ်းဖက်မှု နည်းနည်းနဲ့ အရှေ့ဥရောပ နိုင်ငံများ ရဲ့ လွတ်လပ်မှု ကို ပြုလုပ်လာစေနိုင်ကြောင်း၊ ကွန်မြူနစ်စံနစ်ဆိုးကြီးအောက် လွတ်မြောက်လာစေ ခဲ့ကြောင်း၊ ဒီလို လုပ်ဆောင် ပေးခဲ့မှု အပေါ် အထူးကျေးဇူးးတင်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။
ဂေါ်ဘာချော့ဗ် ရဲ့ Perestroika နှင့် glasnost နိုင်ငံရေးအတွေးအခေါ် ဟာ အရှေ့ဥရောပနိုင်ငံတွေသာမက အာရှတိုက်ရှိ ကွန်မြူနစ် နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေ ကို ရိုက်ခတ် ခဲ့ပြီး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်ဖို့ အတွက် တွန်းအားပေးစေလာခဲ့တယ်။ အနှစ် ၂၀ အတွင်း အာရှနိုင်ငံတွေရဲ့ နိုင်ငံရေး မှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်။ တရုတ်ပြည်မှာ လူငယ် အတက်ပညာရှင် ခေါင်းဆောင်တွေ နဲ့ အစားထိုးခဲ့တယ်။ အာရှ တိုက်မှ အာဏာရှင်တွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှား မှ ဆူဟာတို၊ ဖိလစ်ပိုင် မှ မားကို့စ်၊ မလေးရှား မှ မဟာသီ၊ စင်္ကာပူက လီကွမ်ယု တို့ဟာ အာရှနိုင်ငံရေးလောက မှ ဒီနေ့ ကွယ်ပျောက် သွားခဲ့ပါပြီ၊ အဲဒီနိုင်ငံတွေ မှာ နိုင်ငံရေး၊ စီးပွားရေး သိသိသာသာ တိုးတက် ပြောင်းလဲ လာမှုတွေ တွေ့လာ ရတယ်။ ဒီနေ့ အရှေ့ နဲ့ အနောက်ကို ကာစီးထားတဲ့ ဘာလင်တံတိုင်းကြီးမရှိတော့ဘူး၊ ယူဂိုစလားဗီးယား၊ ဆိုဗီယက် ယူနီယံ ဆိုတာမရှိတော့ဘူး၊ အရှေ့တီမောနိုင်ငံဟာ လွတ်လပ်ရေးရရှိသွားခဲ့ပါပြီ။
တချိန်တုန်းက အစာရေစာငတ်မွတ်ခေါင်းပါးမှုကြောင့် မိသားစု အလိုက် ရေထဲခုန်ချ ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ကြရတဲ့ တရုတ်နိုင်ငံဟာ ဒီနေ့ ကမ္ဘာမှာ စီးပွားရေး အင်အားကြီး နိုင်ငံ တခု အဖြစ်ရပ်တည်နေပါပြီ။ တောင် နဲ့ မြောက် စစ်ပွဲကြောင့် အတိဒုက္ခရောက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ လည်း နည်းပညာနဲ့ စီးပွားရေး တိုးတက်နေမှု မှာ ဒေသတွင်းနိုင်ငံတွေ ကတောင် အသိအမှတ်ပြုခြင်းခံထားနေရပါပြီ၊ ရေဘေးဒဏ် ခံ အမြဲလိုလိုခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်၊ စစ်တလင်းဖြစ်ခဲ့ရတဲ့ ကမ္ဘောဒီယား နိုင်ငံတွေ မှာ နိုင်ငံရေး၊စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ကို သိသာထင်ရှားစွာပြုလုပ်နေတာကို ကမ္ဘာနိုင်ငံတွေက အသိအမှတ်ပြုလာနေကြပါပြီ။
အနှစ် ၂၀ အတွင်း ကမ္ဘာကြီးဟာ ပြောင်းလဲသွားခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ်က ကွယ်ပျောက် မသွားခဲ့တဲ့ အပြင် လွန်ခဲ့တဲ့ အနှစ် ၂၀ က အခြေအနေထက်တောင် ပိုမို ဆိုးယုတ်သွားခဲ့တယ်။ ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာတောင် လျှပ်စစ်မီးမရတော့ဘူး။ အတ္တတွေကြီး ပြီး တစ်တိုင်းပြည်လုံးကို အမှောင်ချဖို့ လုပ်ခဲ့ကြတယ်။ ပညာရေး၊ကျန်းမာရေး တွေ မှာ ကမ္ဘာနောက်ဆုံး အဆင့် ကျရောက်နေသလို၊ ဒုက္ခသည်ဦးရေ ဟာ အိမ်နီချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ သန်းနဲ့ချီရှိနေတယ်။ တချိန်က ကမ္ဘာ့ အဆင်းရဲဆုံးနဲ့ အဆိုးဝါးဆုံး နိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေ မှာတောင် မြန်မာ လူမျိုးတွေ သွားရောက်လုပ်ကိုင်နေကြရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တယ်။ မြန်မာ ပြည်သူတွေ ဆင်းရဲအတိဒုက္ခရောက်နေကြပြီး၊ လူနေမှုအဆင့်အတန်း အနိမ့်ဆုံးအခြေအနေ ရောက်ရှိ နေတယ်ဆိုတာ နားဂစ် မုန်တိုင်းကြီး က တကမ္ဘာလုံးကို သိရှိနားလည်လာစေခဲ့တယ်။
ဒီလို ကပ်ဆိုးကြီး၊ အဖြစ်ဆိုးကြီး ဘာကြောင့်များ မြန်မာပြည်သူတွေ ၀မ်းနည်းစွာ ရင်ဆိုင်နေကြရတာလဲ?။ မြန်မာပြည်က စာရေးဆရာ ဒေါက်တာ ကိုတာ ကတော့ သူ့ အမြင် ကို အခုလို ပွင့်ပွင့် လင်းလင်း ဆွေနွေး တင်ပြခဲ့ဘူးပါတယ်။
"စစ်အာဏာရှင်တွေဟာ သူတို့က ရန်ဖြစ်ဖို့ကို ငယ်ငယ်ကတည်းက သင်ထားတဲ့သူတွေ ဖြစ်နေတော့ ရန်သူကိုဘဲ လိုက်ရှာနေကြတဲ့ စိတ်ကူးယဉ်လောကမှာ နေကြလို့တဲ့။ မိတ်ဆွေရယ်လို့ မရှာဘဲ ရန်သူကိုဘဲ ရှာတော့ ရန်သူကိုဘဲ တွေ့တာပေါ့။ ဒီတော့လည်း လမ်းပျောက်တော့တာပေါ့။"
မှန်ပါတယ်။ စစ်အာဏာရှင်တွေဟာ မြန်မာပြည်မှာ လူတန်းစားပေါင်းစုံ၊ အသင်းအဖွဲ့ ပေါင်းစုံနဲ့ ရန်သူတွေ ဖြစ်နေသလို နိုင်ငံတကာ အသိုင်းအ၀န်း ကို ရန်သူလို သဘောထားနေပြီး စိတ်ကူးယဉ် ကမ္ဘာထဲမှာ နေ နေကြတယ်။ ကျိန်းသေ တာကတော့ ကမ္ဘာကြီး က တိုးတက်ပြောင်းလဲနေတယ်။ မြန်မာပြည်ကတော့ ကမ္ဘာကြီး နဲ့ ဆန့်ကျင်တဲ့ လာရာဘက်ကို နောက်ပြန် သွားနေတယ် ဆိုတာပါဘဲ။
Rest of your post
No comments :
Post a Comment