-ယောဟန်အောင်-
(၈)
“ကိုဇော်လွင်...မနက်စောစောစီးစီး ရေတွေ ဘာတွေချိုးလို့ပါလား။”
ချောင်းမှ ရေချိုးပြီး၍ ပြန်တက်လာသည့် သူ့ကို ကိုထွန်းခင်က ပြောလာသည်။
“ဟဲ...ဟဲ... မမလာမယ်လေ...”
“ဟုတ်သားပဲ၊ နည်းနည်းတော့ ရှိုင်းမှ” ကိုထွန်းခင်ကလည်း ပြန်ပြောသည်။
တကယ်တော့ မမဆိုသည်က အခြားမဟုတ် ၀တပ်မှူး ချန်ချင်း၏ ဘယ်နှစ်ယောက်မြောက်မှန်း မသိသော ဇနီးဖြစ်သည်။ ဒုတိယ ဇနီးဟုလည်းဆိုကြသည်။ သူက ဆေးရုံသို့ တပတ်၊ ဆယ်ရက်တခါလာကြည့်၍ လူနာများကို အားပေးတတ်သည်။ သစ်သီး၊ လိမ္မော်သီးများလည်း ၀ယ်လာပေးတတ်သည်။ ဆေးရုံရောက်စဉ်တွင် သူတို့ဆရာလုံများနှင့်လည်း တွေ့တတ်ပြီး ပန်းသီး၊ လိမ္မော်သီးများ ၀ယ်လာပေးတတ်သည်။ အမျိုးသမီးက အသက် ၄၀-ခန့် ရှိမည်။ ရှမ်း-တရုတ်ကပြား ဖြစ်မည်ဟု ထင်သည်။ အသက်ကြီးသော်လည်း ကိုယ်ခန္ဓာအချိုးအစားပြေပြစ်၍ ကြည့်ကောင်းသည့်အထဲ ပါသည်။ ပြင်ဆင်မှုက လည်း မြို့သူတဦး မြို့တွင်နေသည့်အတိုင်း ပြင်ဆင်ထားတတ်သောကြောင့် တောထဲတောင်ထဲ ကြည့်၍ အလွန်ကောင်း နေသည်။ လက်တွင်လည်း ယခုတော့ စိန်လား၊ ပတ္တမြားလား မမှတ်မိတော့သော အဖိုးတန်လက်စွပ်တကွင်းကလည်း အရောင်အ၀ါ တဖြတ်ဖြတ်နှင့် ၀တ်ထားသေးသည်။ သူတို့က ဖောက်ပြန်စိတ်နှင့် ကြည့်မိကြခြင်း မဟုတ်သော်လည်း မမ လာလျှင် အနည်း ငယ်တော့ သူတို့ ပို၍ သပ်ယပ်သန့်ရှင်း ဖြစ်နေတတ်သည်။ ရှိုးထုတ်ထားတတ်ကြသည်။ မမဟူ၍လည်း အချင်းချင်းသာ သိသည့် နာမည်ဝှက်လည်း ပေးထားကြသေးသည်။
ဝတောင်ပိုင်း ဌာနချုပ်တပ်မှူး ချန်ချင်းကတော့ ညနေစောင်းဆိုလျှင် တခါတရံ ဌာနချုပ်နေရာများသို့ မြင်းတကောင်ဖြင့် ရောက်လာတတ်သည်။ အညောင်းအညာပြေ မြင်းစီးထွက်ခြင်း ဖြစ်နိုင်သလို၊ တပ်များ၊ ဌာနများကို လှည့်လည်စစ်ဆေး ခြင်းလည်း ဖြစ်နိုင်ပါသည်။ သူလာလျှင် ရှေ့က ရဲဘော်အချို့က ကြို၍ ပွိုင့်ပြေးလာတတ်သည်။ ရဲဘော် ၁၀ ယောက်ခန့် ရှိမည် ဖြစ်ပြီး၊ နောက်တွင်လည်း တပ်အချို့ပါတတ်သည်။ ချန်ချင်းတယောက်သာ မြင်းစီးလာပြီး ကျန်သူများက ပြေး၍ လာကြရသည်။ အားလုံးက သေနတ်ကို အသင့်အနေအထားကိုင်ထားကြပြီး၊ လုံခြုံရေး ခလုပ်လည်း ဖွင့်ထားတတ်ကြသည်။ သူတို့အဖွဲ့ လန့်သည်က မတော်တဆ ဤရဲဘော်များသာ ခလုတ်တိုက်လဲပါက မပြောကောင်း ပြောကောင်း ကျည် ထွက်သွား နိုင်သည်။ တောင်စောင်း ခြေသွားလမ်းကလေးများက မညီမညာရှိသလို ကျဉ်းလည်း ကျဉ်းသည်။ ဤအဖွဲ့ လာလျှင် ဘာပြောလာသည် မသိ။ ၀ရဲ ဘော်များက ရှေ့က ၀ဘာသာစကားဖြင့် အော်ဟစ်လာတတ်ကြသည်။ တရုတ် ရုပ်ရှင်ကား များတွင် တွေ့ရတတ်သည့် ဧကရာဇ်တယောက်၊ မြို့စားနယ်စားတယောက် တိုင်းခန်းလှည့်လာသည်နှင့်ပင် တူနေသေး တော့...။
တောင်စောင်းတွင် ဖောက်ထားသည့် လမ်းကလေးများက ကျဉ်းသောကြောင့် လမ်းပေါ်ရှိသူများက အားလုံးလမ်းဘေး ဆင်း၍ ထိုင်နေကြရသည်။ မည်သည့်အတွက်ကြောင့် ဤစည်းကမ်းလုပ်ထားသနည်း။ မည်သူက အစဉ်အလာလုပ်ခဲ့ သနည်း တော့ မသိ။ အစဉ်အလာလို ဖြစ်နေခဲ့ပြီ။ စစ်ကြောင်းလာပြီဆိုလျှင်၊ ယခုလို လူကြီးတယောက်ယောက် လာပြီ ဆိုလျှင် မြင်သမျှ ရွာသား အားလုံးက လမ်းဘေးဆင်းထိုင်ကြရသည်။ ခေါင်းကို ငုံ့ထားရသည်။ မော့မကြည့်ရ။ တောင်များ က အချို့ နေရာများတွင် မတ်စောက်သောကြောင့် လမ်းဘေးဆင်းကြရသည့် ရွာသားများမှာလည်း မသက်သာလှ။ လမ်း ဘေးရှိ သစ်ငုတ်၊ သစ်ပင်ကို မြဲမြဲကိုင်၍ ပြုတ်မကျအောင် တဖက်က တွယ်ထားကြရသေးသည်။
ဘော်လီဘောပုတ်နေသည့် ရဲဘော်များလည်း အားလုံးငြိမ်။ ၀တောင်တန်းတွင် တောင်များကိုဖြတ်၍ ဘော်လီဘောကွင်း များ ဖောက်ထားတတ်ကြရာ၊ ရဲဘော်များ အားလပ်ချိန်အတွက် ကစားခုန်စားလုပ်ရန်မှာ ဘော်လီဘောသာ ရှိသည်။ ဘော လုံးပြုတ်ကျသွားလျှင်တော့ ပြန်ကောက်ရသည်မှာ မလွယ်ကျော။ ဆင်းလိုက်ရသည့်တောင်က တမေ့တမော။ ချန်ချင်းလာ ချိန်တွင် ခပ်တည်တည်နေနိုင်သူဆို၍ သူတို့တသိုက်သာ ရှိသည်။ “တပ်မှူး.... နေကောင်းလား” သူတို့က အော်၍ နှုတ်ဆက် တတ်သလို၊ တပ်မှူးချန်ချင်းကလည်း လက်ပြန်မြှောက်၍ ပြုံးပြတတ်သည်။ သူတို့က ဤယဉ်ကျေးမှုတွင် ဘေးမဲ့ ရနေကြ သည်။
ထိုအချိန်က ချန်ချင်းက အသက် (၅၀) ခန့်ရှိမည်။ အရပ်က မမြင့်၊ မနိမ့်၊ လူက ခပ်သွယ်လျလျသာ ဖြစ်သည်။ မျက်နှာ ကတော့ ထက်မြက်သူတယောက်ပုံမျိုး ဖြစ်သည်။
ချန်ချင်း နေရာအိမ်သို့လည်း သူတို့ ၂-၃ ခေါက်မျှ ရောက်ကြသည်။ အိမ်က တထပ်တိုက်သဖွယ် တိုက်ပုကလေးဖြစ်သည်။ အုတ်ဖြင့်ဆောက်ထားသည်လား၊ သစ်ဖြင့် ဆောက်ထားသည်လား ကောင်းကောင်းမမှတ်မိတော့။ မှတ်မိသည်မှာ ပန်း ဥယာဉ်ခြံတခု လုပ်ထားပြီး သပ်သပ်ယပ်ယပ်နိုင်သည်။ ခိုငှက်ကလေးများ မွေးထားပြီး စားလိုလျှင် လေသေနတ်ဖြင့် ပစ်စားနိုင်သည်။ ဤအိမ်တွင်းရောက်သွားပါက မြို့ပေါ်ရှိ အိမ်တလုံးနှင့် ဘာမျှမခြား၊ တောထဲရှိနေသည်ဟုပင် ထင်စရာ မရှိ။ အသုံးအဆောင်၊ ပရိဘောဂများက ပြောင်ပြောင်ယောင်ယောင် ရှိသည်။ မမကိုယ်တိုင်ပင်လျှင် အိမ်နေရင်း ချင်းမိုင်မြို့ ထဲက မြို့သူ တယောက်လို ၀တ်ဆင်ထားသည်။ ဖွယ်ဖွယ်ရာရာ တရုတ်ဟင်းမျိုးစုံဖြင့်လည်း ကြွေးမွေးဧည့်ခံတတ်သည်။ သေချာသည်ကတော့ အိမ်တွင် မြေအောက်ထပ် ထည့်ထားခြင်းပင်။ ချန်ချင်းကတော့ မြေအောက်ထပ်တွင် နေပုံရသည်။
အိမ်ပတ်လည်တွင် သူ၏ကိုယ်ရံတော် အစောင့်တပ်များနှင့် ဘန်ကာကတုတ်များလည်း အခိုင်အမာရှိသည်။ အခိုင်အမာ ဆိုသည်မှ သစ်လုံးကြီးများနှင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ ပိုးထားသည့် သစ်လုံးကြီးများကို သံမဏိချိတ်များဖြင့် ပြန်၍ တွဲကုပ်ထားသေးသည်။
သူတို့ ပထမရောက်ရသည့် အကြောင်းကတော့ ဆေးရုံတွင် တက်လာသည့် ပြဿနာတခုအပေါ် ဆွေးနွေးအဖြေရှာရန် ဖြစ်သည်။ ဆေးရုံတွင် လူနာတဦးလျှင် တနေ့ (၅) ဘတ်အသုံးစားရိတ်ပေးသော်လည်း၊ နောက်ပိုင်း စားဖိုတာဝန်ကျသူက ခိုးကြ၍ ဖြစ်မည်။ အစားအသောက် လစ်ဟင်းလာသည်။ ညံ့လာသည်။ ဤတွင် ရဲဘော်များက ဒေါသပုန်ထကာ ဆူပူကြ သည်။ စားသောက်နေသည့် ပန်းကန်ပြားများကို လွှင့်ပစ်ကာ ပြဿနာရှာကြသည်။ ဤတွင် ဤပြဿနာကို မည်သို့ဖြေရှင်း ကြမည်နည်းဟု ဆွေးနွေးရန် ဖြစ်သလို၊ တဘက်က သူတို့ ဒီမိုကရေစီကျောင်းသားများ မြှောက်ပေး၍ ရဲဘော်များ ထကြွ နိုင်ကြသည်ဟုလည်း သင်္ကာမကင်း ဖြစ်နေပုံလည်း ရသည်။ ဆွေးနွေးကြတော့ စကားပြန်ဖြင့် ပြောကြရသည်။
ချန်ချင်းက စီးပွားရေးဘိဇနက်တခု လည်ပတ်နေပုံမျိုးတွက်သည်။ ကိစ္စအသေးအဖွဲ့ဖြင့် သူမရှုပ်ချင်။ ယခု ဗမာဆရာဝန် တွေရှိတော့ သူတို့အတွက် အများကြီး အကျိုးရှိသည်။ ဤလူနာများကို ချင်းမိုင်ပို့၊ ထိုင်းနိုင်ငံပို့ ကုသရလျှင် သူ့အတွက် ကုန်ကျစားရိတ် ပိုများမည်။ သူတို့ စေတနာထား လုပ်ပေးကြသောကြောင့်လည်း သတင်းကောင်းရသည်။ သူတို့ အပင်ပန်း ခံကြသည်ကိုလည်း အတိုင်းသား မြင်ကြရသည်။ သူတို့ကိုလည်း လက်မလွှတ်ချင်ပါ။ သို့သော် ယုံကြည်မှု ရှိ-မရှိ ဆိုသည် ကတော့ ပြောရခက်သည်။ အကျိုးစီးပွားကိစ္စ ဖြစ်သည်။ ချန်ချင်းက ပြောလာသည်။ သူတို့ကို စားဖိုအတွက် စားရိတ်များ ထုတ်ပေးမည်။ သူတို့က တာဝန်ခံ စီမံခန့်ခွဲပေးပါရန် ကမ်းလှမ်းလာခဲ့သည်။
သူတို့ မလုပ်ချင်။
“ဒီလို တပ်မှူး.... ကျနော်တို့ တက္ကသိုလ်တက်တုန်းက အဆောင်တွေမှာ လုပ်တဲ့နည်း ရှိပါတယ်။ အဆောင်တွေမှာလည်း ဟင်း၊ အစားအသောက် မကောင်းရင် ကျောင်းသားတွေက ပြဿနာ ရှာကြပါတယ်။ အဲသည်တော့ လုပ်ထားတဲ့ စနစ်က မနက်ဈေးဝယ်ထွက်တဲ့အခါ ကျောင်းသားထဲက ကိုယ်စားလှယ် တယောက်လိုက်၊ သူက စားချင်တာကို ပေးထားတဲ့ ပိုက်ဆံနဲ့ တွက်ချက်ပြီးဝယ်၊ အဲသည်တော့ ပိုက်ဆံခိုးတာတို့ မသင်္ကာတာတို့ မဖြစ်ကြတော့ဘူး။ ဟင်း မကောင်းရင်လည်း သူ့ကိုပြော။ ကျောင်းသားတွေကပဲ စီမံကြတာဆိုတော့ ပြဿနာတခု ရှင်းသွားတယ်။” ကိုဝင်းနိုင်က အကြံပြုသည်။
နောက်တော့ ဤအစီအစဉ် တည့်သွားသည်။ နောက်ပိုင်း ဈေးဝယ်ထွက်လျှင် ဆေးရုံမှ နာလံထ၊ သွားလာနိုင်သည့် လူနာ ကိုယ်စားလှယ်တယောက်လိုက်သည်။ သူတို့ ဆေးရုံက အမှာတော်ရှိသည့် ဆေးဝါး၊ ပစ္စည်းများစာရင်းတွင်လည်း ပြဿနာ ရှိလာ ခဲ့သည်။ သူတို့က အမှာစာရင်းပေးသည်။ အ၀ယ်တော်က မြို့အသွားအပြန် လုပ်နေသည့် အခြား တရုတ်လူမျိုးတဦး။ ပတ်တီး အလိပ် (၁၀၀) မှာလျှင် (၅၀) ခန့်သာ ပါလာတတ်သည်။ အချို့ဆေးများက မပါ။ သူတို့အကြောင်းပြချက်ကတော့ ရှင်းသည်။ ပစ္စည်းသယ်လာသည့် လားတကောင် ဘယ်ရောက်သွားသည် မသိ။ ထွက်ပြေးသွားသည်။ ဤသို့ဖြင့် စနစ် အတွင်း ခြစားနေမှုကို မြင်လာရသည်။ သူတို့ကိုလည်း ဆေးအ၀ယ်ထွက်ရာတွင် တဦး လိုက်ရန်ပြောသည်။ ပထမပိုင်းတွင် ကိုဇော်ထွန်း လိုက်သော်လည်း နောက်ပိုင်းတွင် စဉ်းစားကြပြီး၊ မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ရသမျှနှင့် အတတ်နိုင်ဆုံး ကောင်းအောင်လုပ်မည်။ ဤဘိဇနက်ကြီးတွင် သူတို့အတွက် အကျိုးစီးပွား မရှိသလို၊ သူတို့ ရည်ရွယ်ချက် ကလည်း (၀သပ) တပ်မတော်ကြီးကို စည်းကမ်းထိန်းသိမ်း ပြုပြင်ပေးရန် ရောက်လာသည် မဟုတ်ပါ။ သူတို့ကလည်း (၀သပ) တပ်ထဲတွင် အာဏာထူထောင်လိုကြသူများ မဟုတ်ပါ။ အကယ်၍ သူတို့က မလိမ်မိုး မလိမ္မာ ဆေးအ၀ယ်ခရီးတွင် လိုက်နေပါက ရန်သူများလာလိမ့်မည်။ အ၀ယ်တော်တယောက်လည်း သူတို့ကြောင့် အပြစ်ဒဏ်ပေးခံရနိုင်သည်၊ ပြုတ် သွားနိုင်သည်။ ဤထက်ဆိုးသည့် ပြစ်ဒဏ်လည်း ခံရနိုင်သည်။ အငြှိုးအတေးရန် ရှိလာမည်ကိုလည်း သူတို့က မလိုလားပါ။
အမှန်တွင် အားလုံးက စီးပွားရေးကြီးတခု၊ ဘိဇနက်ကြီး တခုလို လည်ပတ်နေကြခြင်း ဖြစ်သည်ကို သူတို့ သဘောပေါက် လာကြသည်။ သူတို့ကတော့ ရှင်းသည်။ အများအကျိုး စေတနာသန့်သည်။ ကိုယ်ကျိုး ဘာမျှ ထည့်တွက်မထားခဲ့ပါ။ ကုသ နေရသော လူနာများမှာလည်း လူသားတယောက် မသေသင့်ဘဲ မသေရလေအောင် ကုသပေးနေခြင်းသာ ဖြစ်သည်။ ဘာအတွက်မျှ ရည်ရွယ်ချက် ထား၍ လုပ်ပေးနေခြင်း မဟုတ်။ ခွန်ဆာတပ်များကို မုန်းတီးရန်ငြှိုးရှိ၍ မဟုတ်သလို၊ ဤစစ်ပွဲ ကြီး ဆက်လက် တောက်လောင်နေစေရေးအတွက်လည်း မဟုတ်ပါ။ သူတို့ရည် ရွယ်သည်ကတော့ (၀သပ) နှင့် ချိတ်ဆက် ရင်းနှီး ထားလိုမည်။ တချိန် သူတို့ သေနတ်များကို စစ်အစိုးရဘက်သို့ ပြန်လှည့် စေရမည်။ သူတို့ ယုံကြည် မျှော်လင့်ထား သည့် ဒီမိုကရေစီရှိသည့်၊ တိုင်းရင်းသားများ အချင်းချင်း အေးအတူပူအမျှ ညီညွတ် မျှတ ချစ်ကြည်စွာ နေထိုင်နိုင်မည့် မြန်မာပြည်အနာဂတ်သစ် အကြောင်း ရှင်းပြလိုသည်။ ဤမျှထက်မပိုခဲ့။
(၉)
ထိုစဉ်က တောင်ပိုင်းဌာနချုပ်၏ တပ်မှူး ချန်ချင်းကို “ဝေ” ညီအစ်ကိုများထဲမှ တယောက်ဟုသာ သူတို့သိထားခဲ့သည်။ တရုတ်လူမျိုးဟု သူတို့သိသော်လည်း၊ ထင်သည်က ယခင်တရုတ်ပြည်က ဗမာပြည်ကွန်မြူနစ်ပါတီသို့ ညီနောင်ပါတီချင်း စစ်ကူအဖြစ် ပေးပို့ကူညီခဲ့သည့် တရုတ်ကေဒါဟောင်း တယောက်ဟုသာ ထင်နေခဲ့သည်။ သို့သော်လည်း နောက်ပိုင်း သူ့အကြောင်း ပြန်လေ့လာ ကြည့်မိသောအခါ သူတို့ အထင်နှင့် အမြင် လွဲမှားနေခဲ့သည်။
ချန်ချင်းဘ၀ဇာတ်လမ်းကလည်း တကယ့် ဟောလီးဝုဒ် ဇာတ်လမ်းတပုဒ်လို။
ဟောင်ကောင်ရုပ်ရှင်တခုလို။
သူက ယခင်ကူမင်တန်ပါတီ အဆက်အနွယ်တဦး ဖြစ်သည်။ ယူနန်ပြည်နယ်ဖွား ဖြစ်သည်။ ၁၉၄၉ တွင် တရုတ်ကွန်မြူနစ် ပါတီက အောင်ပွဲခံသောအခါ ကူမင်တန်တပ်များ ထွက်ပြေးကြရသည်။ သူက မိသားစုနှင့်အတူ ၀တောင်တန်းဒေသရှိ ကျေးရွာများထဲသို့ ကူမင်တန် အကြွင်းအကျန်တပ်များနှင့် အတူ “ဗင်ဗွန်း”ဟူ၍ စခန်းအခြေချကြသည်။ ထိုအချိန်တွင် ကာကွယ်ရေး ခေါင်းဆောင်ဖြစ်နေသူ ခွန်ဆာနှင့် သူတို့ညီအစ်ကိုက ကုန်သွယ်ဖြစ်ကြသည်။ “ဝေဆူလောင်း၊ ဝေဆူကန်း၊ ဝေဆူယင်”ဟူ၍ ညီအစ်ကို ၃-ဦး ရှိသည်။ နောက်ပိုင်း ၁၉၆၄ ခုနှစ်တွင် ခွန်ဆာ၏ တပ်ဖွဲ့သို့ သူတို့ ညီအစ်ကို ၃-ဦး ၀င် သည်ဟု သိရသည်။ ခွန်ဆာထံတွင် ဝေဆူကန်းက ရေဒီယို အော်ပရေတာ၊ နောက်တော့ ဘဏ္ဍာရေးဌာနတွင် တာဝန်ရ လာသည်။ နောက်ပိုင်း ဘယ်လိုပြဿနာ ဖြစ်သည်မသိ။ ခွန်ဆာနှင့် ကွဲကြပြန်ပြီး၊ ၁၉၈၅ ခုနှစ်တွင် သူတို့ ညီအစ်ကို ၃-ဦးကို ခွန်ဆာက ဖမ်းထားလိုက်သည်။ သူတို့က ခွန်ဆာထံမှ အစောင့်များကို လာဘ်ထိုးပြီး ပြန်ထွက် ပြေးလာနိုင်ကြပြန် သည်။ မည်သို့ ပြုလိုက်သည်မသိ။ သူတို့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ ဤအဖြစ်အပျက်အပြီး လူအတော်များများကို လည်း ခွန်ဆာက သူတို့ညီနောင် လွတ်မြောက်သွားမှုနှင့် ပတ်သက်၍ သုတ်သင်ပစ်ခဲ့သေးသည်ဟုလည်း ဆိုကြသည်။ နောက်တော့ (၁၉၈၂-၈၃) တွင် တိုင်ဝမ်ရောက်သွားပြီး ခိုလှုံပြန်သည်။
Linkdata Document
သူတို့သိထားသည့် “ချန်ချင်း”ဟူသည့် နာမည်က ထိုင်းအမည် ဖြစ်သည်။ ပရာဆစ် (Prasit) ဟု ခေါ်ပြီး၊ နာမည် အပြည့် အစုံ က ပရာဆစ် ချန်ချိုင်း ချီဝင်နစ်ပန်ယာ ဖြစ်သည်။ နောက်တော့ သူတို့က ကွန်မြူနစ်မဟုတ်သည့် ၀အမျိုးသားရေး တပ်ဖွဲ့များ ဖြစ်သည့် WNO နှင့် ပြန်ပေါင်းဖွဲ့ကြပြန်သည်။ အိုက်ချောင်စော (Ai Xiaohseu) ၏ တပ်ဖွဲ့များနှင့် ပေါင်းပြီး နယ်စပ်တွင် ခြေကုတ် ပြန်ယူကြပြန်သည်။ (၁၉၈၈) တွင် ထိုင်းနိုင်ငံတွင်း ဘိန်းများနှင့် ဖမ်းမိ၍ ဝေဆူကန်း သေဒဏ် အပြစ်ပေး ခံရ သော်လည်း ဇာတ်လိုက်ဆန်ဆန်၊ မည်သို့လုပ်လိုက်သည်မသိ၊ ပြန်လွတ်လာပြန်သည်။ နောက်ဆုံး ကွန်မြူနစ်ဟောင်း ၀တပ်ဖွဲ့များက တောင်ပိုင်းသို့ ထိုးဖောက်လာသည့် အချိန်တွင် WNO ၀တပ်ဖွဲ့များနှင့် ပြန်ပူးပေါင်း မိကြပြီး၊ သူက (၀သပ) ၏ အမြဲတန်း ဗဟိုကော်မတီဝင် ဖြစ်လာခဲ့သည်။ (၀သပ) တောင်ပိုင်းဗဟိုဌာနချုပ်ကို ကွပ်ကဲ ကြီးကြပ်ရန် တာဝန်ခံဖြစ်လာ ခဲ့သည်။ သို့သော်လည်း ဈေးပေါပေါပဲပဲတော့ ဖြစ်ဟန် မတူပါ။ သတင်းများအရ ဤသို့အပေး အယူတည့်ရန်အတွက် ဘတ်သန်း (၄၀) (အမေရိကန်ဒေါ်လာ ၁. ၆ သန်းကို (၀သပ) ဗဟိုသို့ ပေးခဲ့ရသည်ဟုလည်း ကြားကြရသည်။ [ယခုတော့ သူက နိုင်ငံတကာမှ အလိုရှိနေသည့် နာမည်ကြီး ဘိန်းရာဇာ ဝေဆူကန်း (Wei Hseu-Kang) ဖြစ်နေသည်။ အမေရိကန် ပြည်ထောင်စုက ၁၉၉၈ ခုနှစ်တွင် သူ့ကို ဒေါ်လာ ၂-သန်း ဆုငွေထုတ်၍ မူးယစ်ဆေးကုန်သွယ် ရေး အတွက် အလိုရှိနေသူ အဖြစ် ၀ရမ်းထုတ်ကြေငြာခဲ့သည်။]
သူနှင့် အတူပါလာကြသည့် ကူမင်တန်တရုပ်များက တပ်မှူးများ၊ အ၀ယ်တော်များ တာဝန်ယူထားကြသည်။ စစ်ပွဲဖြစ်လျှင် လည်း ယခင်ဘယ်မှာနေမှန်း မသိကြသည့် တရုတ်အဖိုးကြီးများ ရောက်လာပြီး အကြံပေးကြသည်။ ယခင် ၀စော်ဘွား၊ ၀ခေါင်းဆောင်များ၏ အမျိုးအနွယ်များကိုလည်း တပ်မှူးရာထူးများ သင့်တော်သလို ပေးထားကြသည်။ ထိုစဉ်က သူတို့ နေထိုင်ရာ စခန်းကို တရုတ်ဘာသာဖြင့် “စမ်လူယောင်း” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်က ဂဏန်း (၃၆၁) ဖြစ်သည်။ တပ်မဟာ နံပါတ်လား၊ တောင်ကုန်းအမှတ်လား သူသေချာ မမှတ်မိတော့။ သူသေချာမှတ်မိနေသည်ကတော့ ဤတရုတ်များနှင့် ၀ရဲဘော် များအကြား မညီမျှမှု၊ ပြဿနာ တစုံတရာ ရှိနေကြခြင်းပင်။
(၀သပ) အတွင်း ရုံးသုံးဘာသာစကားက တရုတ်စာဖြစ်သည်။ ၀စာပေက ဖြစ်ဖြစ်မြောက်မြောက် မပေါ်ထွန်းသေး။ ထို့ အပြင် သေကြ၊ တိုက်ကြရသည်မှာ ၀များဖြစ်ပြီး တရုတ်များ၏ ကြွယ်ဝမှုက အတိုင်းသား မြင်နေကြရသည်။ ထိုစဉ်က UWSA (၀သပ) ၏ ဘက်တံဆိပ်ကို ၀ရဲဘော်များက မကြိုက်နှစ်သက်ကြကြောင်းကိုလည်း သူတို့ အမှတ်ရနေသေးသည်။
လက်မောင်းဘက်တံဆိပ်က တောင်သုံးလုံးပေါ်တွင် နဂါး တစ်ကောင်လား၊ နှစ်ကောင်လား မသိ။ ပျံနေသည့် ပုံဖြစ်သည်။ ယခုဖော်ပြထားသည့် ဘက်တံဆိပ်ကဲ့သို့ သေသေသပ်သပ် မရှိသေး။ တောင် ၃-လုံးပုံကလည်း ဖြစ်ကတတ်ဆန်း ဆွဲထား သည့် ဘုရားစူးတောင် (၃) လုံး။ တပ်မဟာအမှတ်ကလည်း ၁၇၁ မဟုတ်ဟုတော့ ထင်သည်။ သေချာ မမှတ်မိ။ သေချာ သည်က နဂါးပျံနေသည်ကို မကြိုက်ကြချင်းပင်။ ၀အရာရှိများက သိသိသာသာပင် ၎င်းဘက်တံဆိပ်ကို မတတ်ကြ။ ရဲဘော် များကလည်း မကြိုက်ကြောင်း ပြောင်ပြောကြသည်။
ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော်....
အကိုးအကား။
1. www.shanland.org
2. BERTIL LINTNER, "THE POLITICS OF THE DRUG TRADE IN BURMA"
OCCASIONAL PAPER NO.33, INDIAN OCEAN CENTRE FOR PEACE STUDIES, The University of Western Australia, Nedlands, Western Australia, 6009. PP-(29-33)
3. Bruce Hawke, BURMA'S CEASEFIRE AGREEMENTS IN DANGER OF UNRAVELING, JANE'S INTELLIGENCE REVIEW, 1 November, 1998.
Rest of your post
Friday, 27 March 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment