Sunday, 22 March 2009

အာရှတိုက် က အနုပညာရှင်ကြယ်ပွင့်လေး ရှရီးစ် ပန်ပင်ကို (Charice Pempengco)





Body Guard ဇတ်ဝင်ခန်း သီချင်း ၀င်နီဟူစတန် ရဲ့ “ I have Nothing” တေးသီချင်း ကို သီဆိုတင်ဆက်နေစဉ်
(Charice Pempengco - ၁၆ နှစ်)


-ပက်ထရစ်ရှာလင်း-

ကျမ မှတ်မိ၍သလောက်တော့ ၁၉၈၀ ခုနှစ်ပတ်ဝန်းကျင် ကာလတုန်းက ဖိလစ်ပိုင် တေးဂီတ အနုပညာရှင် တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ တွေ့လာကြရတယ်။ ၁၉၉၀ ခုနှစ် ကျမ ထိုင်းနိုင်ငံကို ရောက်ခဲ့တယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြို့ ကြီးတွေမှာ ရှိကြတဲ့ ( Night Clubs ) ၊ ဇိမ်ခံဟိုတယ်ကြီးတွေ နဲ့ဧည့်ခံပွဲ တော်တော်များများမှာ အဲဒီတုန်းက ဖိလစ်ပိုင်လူမျိုး Jazz, Pop အဆိုတော်တွေ၊ ဂီတပညာရှင်တွေက လွှမ်းမိုးလာခဲ့ကြသလို၊ Ballroom အက၊ Tango အကတွေ သင်ကြာပေးခဲ့သူတွေဟာလည်း ဖိလစ်ပိုင်နိုင်ငံက အကပညာသည်တွေ ကိုသာ ကျမ တွေ့ခဲ့ရတယ်။ ဒီနေရာမှာ ဖိလစ်ပိုင်လူမျိုးတွေရဲ့ တေးဂီတ အနုပညာဟာ နိုင်ငံတကာ မှာ အဆင့်မှီ အောင်မြင်ပေါက်ရောက်ခဲ့တယ် ဆိုတဲ့အချက်ပါ။ ဒီနေ့ခေတ်ကာလ မှာလည်း ဖိလစ်ပိုင် တေးဂီတ အနုပညာရှင်တွေဟာ အာရှတိုက်မှာ သာမကတော့ပဲ၊ ကမ္ဘာမှာပါ ထိုးဖောက်ပြီး ၀င်ရောက် ယှဉ်ပြိုင်ကာ နေရာယူလာခဲ့ကြတာ ကြားသိရတော့ အာရှတိုက်သူ ကျမ တစ်ယောက်အနေနဲ့ အင်မတန်မှာ ၀မ်းသာစရာ ဖြစ်ခဲ့ရပါတယ်ရှင်။ အင်မတန်မှ ချစ်ဖွယ်ကောင်းပြီး၊ ဂုဏ်ယူစရာကောင်းလှတဲ့ ဖိလစ်ပိုင် တေးဂီတအဆိုတော်ရှင်မလေးတစ်ယောက်ကို ကျမ မိတ်ဆက်ပေးပါရစေ။ သူမလေးရဲ့ ထူးခြားတဲ့ အသံဟာ တကမ္ဘာလုံးက သီချင်းဆိုသူတွေ တအံ့တသြ ဖြစ်စေခဲ့ရတယ်။ ကမ္ဘာ့တေးဂီတ လောက မှာ တုန်ခါသွားစေခဲ့တယ်။

စာဖတ်သူတွေကို မိတ်ဆက်ပေးချင်တဲ့ ကလေးမလေး က တော့ ယနေ့ ကမ္ဘာ့လူငယ်တေးဂီတလောက မှာ နာမည်ကြီး လူသိများလာခဲ့တဲ့ ပေါ့တေးဂီတအဆိုတော်မလေး အာရှတိုက်သူ ရှရီးစ် ပန်ပင်ကို (Charice Pempengco) ပါပဲ။ မြန်မာကလေးငယ်တွေ၊ လူငယ်တွေ လောကမှာ သူမကို သိရှိသူ သိပ်ရှိလောက်မှာ မဟုတ်ပေမဲ့၊ သူမဟာ ထိုင်း၊ဂျပန်၊ကိုရီးယား နိုင်ငံတွေမှာ သာမက အမေရိကန်၊ အင်္ဂလန်၊ ဆွီဒင်၊ နယ်သာလန် အပါအ၀င် ဥရောပနိုင်ငံတွေက လူငယ်တိုင်း၊ ဂီတမြတ်နိုးသူတိုင်းက အံ့မခန်းလောက်အောင် ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်းတွေ ကိုခံခဲ့ရတဲ့ ချစ်စရာကောင်းလောက်တဲ့ ပေါ့အဆိုတော်ရှင် ပင်ကိုယ် စွမ်းရည် တေးသံရှင်ကလေးမလေး ဖြစ်သွားခဲ့ပါပြီ။ သူမလေးကို ကို ဂျပန်၊ကိုရီးယား၊ နိုင်ငံတွေက အကြိမ်ကြိမ်ဖိတ်ခေါ် ပြီး၊ တီဗွီသတင်းဌာန တွေကနေတဆင့် ထုတ်လွှင့်ပေးခဲ့တယ်။ တောင်ကိုရီးယား ဆိုးလ်မြို့ မှာ ဖိတ်ခေါ်ယှဉ်ပြိုင် ခဲ့တဲ့ ပင်ကိုစွမ်းရည် နှင့် ကျွမ်းကျင်မှုပြိုင်ပွဲမှာ ကိုရီးယားပြည်သူတွေရဲ့ အသဲကျော်လေး ဖြစ်ခဲ့တယ်။ You Tube မှာ တင်ထားတဲ့ သူမ သီဆိုခဲ့တဲ့ တေးဂီတပွဲ တွေ ကို တကမ္ဘာလုံးက သန်းနဲ့ချီ ကြည့်ရှု့ ခဲ့ကြတယ်။ တောင်ကိုရီးယား က တေးဂီတ လူငယ်လေးတွေ အားကျအတုယူခဲ့ကြရတဲ့ TV show ကို ဒီနေရာမှာ ခံစားနိုင်ပါတယ်ရှင်။



အသက်အငယ်ဆုံးနဲ့ ကမ္ဘာကျော်ဖြစ်နေတဲ့ အာရှတိုက်သူလေး ရှရီးစ် ပန်ပင်ကို (Charice Pempengco -၁၄ နှစ်)


သူမဟာ ဖိလစ်ပိုင် မှာ ၁၉၉၂ ခုနှစ် မေလ ၁၀ ရက်နေ့ မှာမွေးဖွာခဲ့ပြီး၊ သူမရဲ့ ဖခင် နှင့် မိခင် တို့ အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ လမ်းခွဲသွားကြခဲ့စဉ်က သူမလေးဟာ ၃ နှစ် သမီးအရွယ်လေး ပဲရှိပါသေးတယ်။ သူမလေး ဟာ မုဆိုးမ သမီးလေးတစ်ယောက်ပါ။ ကလေးမလေးဟာ သူမရဲ့ မိခင် ထိမ်းကျောင်း သင်ကြားမှုအောက်က ကြီးပြင်လာခဲ့ပြီး၊ သီချင်းဆိုနည်း ဆိုပုံ အသံအနိမ့်အမြင့်တွေကို မိခင်ဖြစ်သူကသာ သင်ကြားပေးခဲ့တယ်။ သူမရဲ့ ဆရာဟာ သူမရဲ့ မိခင် တစ်ဦးသာဖြစ်ခဲ့ ပါတယ်လို့ ကမ္ဘာ့ သတင်းမီးဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြာခဲ့တယ်။

သူမလေး သီချင်းတွေ ကို အသက် ၄ နှစ်မှာ စတင်သီဆိုခဲ့တယ်လို့သိရတယ်။ သူမဟာ အသက် ၇ နှစ် မှာ တီဗွီ ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ နိုင်ငံတကာမှာ အကြိမ်ပေါင်း ၈၀ လောက် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပြီး၊ အကြိမ်ကြိမ်ဆုချီမြင့်ခြင်းခံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်နံမည်ကြီး တီဗွီအစီအစဉ် ( ABC, PBS, Ellen TV Show, Opera Show, စတဲ့ နံမည်ကြီး TV shows တွေတိုင်းမှာ သူမလေးကို ဖိတ်ခေါ် ပွဲထုတ်ပြသခဲ့ပြီး၊ သူမရဲ့ ပင်ကိုယ်စွမ်းရည် သီချင်းဆိုမှုတွေကို ဂုဏ်ပြုခဲ့ကြတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော် အခန်းအနားတွေမှာတောင် သူမလေး ကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းခံခဲ့ရတယ်။ တိုင်တန်းနစ် ဇတ်ဝင်ခန်းသီချင်း သီဆိုခဲ့တဲ့ ကမ္ဘာ့ကျော် အဆိုတော် ဆလင်းဒီယွန်းနဲ့အတူ သီချင်းကို အတူတူဆိုခဲ့စဉ်က ကမ္ဘာ့ကျော် အဆိုတော် ဆလင်းဒီယွန်း မျက်ရည်တွေပါးပြင်ပေါ်တောင်ကျခဲ့တယ်။ ဆလင်းဒီယွန် နဲ့ အတူ သီဆိုခဲ့တဲ့ "Celine Dion Duet : Because You Loved Me" ကို ဒီနေရာမှာ ကြည့်ရှု့ ပါ။

Body Guard ဇတ်ဝင်ခန်း သီချင်း ၀င်နီဟူစတန် ရဲ့ “ I have Nothing” တေးသီချင်း သီဆိုတင်ဆက်ခဲ့မှု ကို လာရောက်ကြည့်ရှု့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေက တခဲနက် အားပေးခဲ့ကြတယ်။ သူမဟာ ထူးခြားတဲ့ အသံပိုင်ရှင် မလေးဆိုတာ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက ပြောဆိုခဲ့ကြတယ်။ သူမလေး ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်သူ့အချစ်တော် လေးတစ်ယောက် ဖြစ်ခဲ့သလို၊ သူမကို ကမ္ဘာ့တေးဂီတ အနုပညာရှင်လောက က တော့ တောက်ပ လာတော့မဲ့ တေးဂီတ အနုပညာရှင် ကြယ်ပွင့်ကလေးအဖြစ် လေးစားချစ်ခင် နေကြပါပြီ။ ဂီတ အကယ်ဒမီဆုရွေးချယ်ပွဲတွေမှာ ၁၅ ကြိမ်တိုင်အောင် ရွေးချယ်ခြင်းခံရတဲ့ ကမ္ဘာကျော် တေးရေး၊ ဂီတအနုပညာရှင် ဒေးဗစ်ဖော့စတာ(David Foster)ရဲ့ စီစဉ်ပေးမှုနဲ့အတူ မကြာခင်မှာ သီချင်းအယ်ဘန်းတွေထွက်လာတော့မှာဖြစ်သလို၊ ကမ္ဘာ့မြို့ကြီးတွေ မှာ ၊ အားကစားပြိုင်ပွဲတွေမှာ ဖျော်ဖြေတင်ဆက်နေပါပြီ။ ဖိလစ်ပိုင်ပြည်သူတွေကတော့ သူမကို နိုင်ငံရဲ့ မင်းသမီလေးတပါးလို့ တင်စားပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ တေးဂီတ အနုပညာ အောင်မြင်နေမှုအပေါ် ဂုဏ်ယူဝင့်ကြွားမဆုံးဖြစ်နေကြပါတယ်။

ကျမတို့ မြန်မာပြည်မှာလည်း တေးဂီတ အနုပညာကို ချစ်မြတ်နိုးကြတဲ့ ကလေးငယ်များ၊ လူငယ်လေးများ အာရှတိုက်သူ ကြယ်ပွင့်လေး ဖိလစ်ပိုင်လူမျိုး ကလေးငယ်မလေး ရှရီး ပန်ပင်ကို (Charice Pempengco) ကို အတုယူ အားကျပြီး၊ အောင်မြင်တဲ့ အနုပညာရှင် ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်ကြပါစေလို့ ။




Rest of your post

1 comment :

Anonymous said...

သူမရဲ့ ကိုယ်ပိုင် website မှာ သူမရဲ့ ဘ၀ဖြစ်စဉ်ကို ရိုက်ထားတဲ့ VCD အပါအ၀င် သူမ သီဆိုထားသော သီချင်းများကိုပါ ကြည့်နိုင်ပါတယ်။

သူမ သီဆိုတာကို နားထောင်ရတာ ကြက်သီးမွှေး ထရလောက်အောင် ကျေနပ်မှု ပီတိကို ရရှိပါတယ်။

http://www.charicepempengco.com/


စစ်မှန်သော အနုပညာရှင် မှန်သမျှ မြတ်နိုးသူ ...