Monday, 9 March 2009

ကျူရှင်ဆရာ နာ (၄) နာ

ဆောင်းပါး
-ကျော်သိင်္ခ-
မတ်လ ၈ ရက်၊ ၂၀၀၉

မနေ့က အင်တာနက်သတင်း တစ်ပုဒ်တွင် “တက္ကသိုလ်ဝင်စာမေးပွဲများ လာမည့် မတ်လ ၁၁ ရက်နေ့တွင် ဖြေရတော့မည်” ဟူသည့် သတင်းကို ဖတ်လိုက်ရတော့ ယခုအချိန်တွင် အလုပ်များနေကြမည့် ကျောင်းသားများ သာမက ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ၏ ပုံရိပ်များကို ပြန်လည်မြင်ယောင်ကာ ယခုဆောင်းပါးကို ရေးဖြစ်ခဲ့ပါသည်။

ကျနော်သည် ရန်ကုန်မြို့၌ အင်္ဂလိပ်စာသင် ကျူရှင်ဆရာဘ၀နှင့် စာသင်ခဲ့ရသည့်နှစ်များတွင် ၂၀၀၅ ခုနှစ်စာသင်နှစ်သည် ကျူရှင်ဆရာဘ၀တွင် တစ်သက်စာ မေ့မရနိုင်သော နှစ်တစ်နှစ်ဟု ဆိုရပေမည်။ ထို့ပြင် ကျူရှင်ဆရာဘ၀ကို "နာလေးနာ" နှင့် ကျောခိုင်းခဲ့ရသော နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ် စာသင်နှစ်က ကျနော် ကြုံတွေ့ခဲရသော အတွေ့အကြုံတစ်ခုကို ပြန်လည်မျှဝေချင်ပါသည်။

ကျနော်သည် ရန်ကုန်မြို့တွင် ၁၀ တန်းကျောင်းသားများကို အင်္ဂလိပ်စာသင်ပေးသည့် ကျူရှင်ဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ နှစ်စဉ် ပုံမှန် စာသင်ဝိုင်းများနှင့် လက်မလည်အောင်တော့သင်ရသည်။ ကျနော်နှင့် အကျိုးပေးသော အလုပ်ဟုဆိုရမည်။ သို့သော် ရန်ကုန်မြို့ရှိ နာမည်ကြီး ကျူရှင်ဆရာ စာရင်းဝင်တော့မဟုတ်ပါ။ စာသင်ခြင်းသည် ကျနော် အမြတ်နိုးဆုံး၊ ၀ါသနာအပါဆုံးအလုပ်လည်းဖြစ်သည်။

၂၀၀၅ ခုနှစ် ကျနော်စာသင်သည့် ကျောင်းသားဝိုင်းတစ်ဝိုင်းတွင် စစ်တပ်အသိုင်းအ၀ိုင်းမှ ဗိုလ်မှူးချုပ်တစ်ဦး၏ သားလည်းပါသည်။ တစ်ရက်တွင် အဆိုပါကျောင်းသားတက်သောဝိုင်းသို့ ၄င်း၏မိခင် (ဗိုလ်မှူးချုပ်ကတော်)က သူသားတက်နေသည့် စာသင်ဝိုင်းကို လေ့လာချင်သည်ဟုဆိုကာ ကျနော်စာသင်ချိန်ပြီးဆုံးသည့်အထိ နားထောင်ပါသည်။ စာသင်ချိန်ပြီးဆုံးသွားသောအခါ မိခင်ဖြစ်သူက နောက်စာသင်ချိန်မတိုင်မီ အချိန်ရပါက ကော်ဖီဆိုင်တစ်ဆိုင်သို့ လိုက်ခဲ့ရန်ဖိတ်ပါသည်။ ကျနော်လက်ခံလိုက်ပါသည်။ ကော်ဖီဆိုင်ရောက်သောအခါ အဆိုပါ အရာရှိကတော်က သူ့ယောက်ျားမှာ ဗိုလ်မှူးချုပ်မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သို့ အလုပ်လုပ်ကိုင်ရကြောင်း ပြောပြကာ၊ ယခု သူ့သားတက်နေသည့် စာသင်ဝိုင်းမှ ကလေးမှားမှာ စာတော်ကြကြောင်း၊ ထိုအထဲတွင် သူ့သား စာမလိုက်နိုင်မည်စိုး၍ အိမ်တွင် သီးသန့်တစ်ယောက်တည်း သင်ပေးစေလိုကြောင်း၊ ဥာဏ်ပူဇော်ခကို အဆင်ပြေသလို တောင်းနိုင်ကြောင်း ပြောပါသည်။ သူသားမှာ အတန်းထဲတွင် စာအညံ့ဆုံးဟု ဆိုက မမှားပါ။ ထို့ကြောင့်လည်း တစ်ယောက်တည်း သီးသန့်သင်ပေးလျှင်ပိုပြီးသင့်လျှော်မည်ဟုဆိုကာ ကျနော်လည်း ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်ပါသည်။ ကျူရှင်လခကိုတော့ အခြားဝိုင်းများနည်းတူပင် တောင်းပါသည်။

သို့နှင့် ၄င်းတို့ စစ်တပ်ဝင်းအတွင်းသို့ တစ်ပတ် သုံးရက်တော့ စာသင်ရင်းရောက်ဖြစ်သည်။ အိမ်ထဲသို့ မ၀င်မီ ခြံအ၀င်အ၀ဂိတ်တွင်တော့ ဂိတ်စောင့်စစ်သား (RP) များက ကျနော့်လက်ဆွဲအိတ်ကို အ၀င်၊ အထွက် စစ်ဆေးသည်။ ထို ဗိုလ်မှူးချုပ်သားအား စာသင်ပေးရသည့်အချိန်မှာ မနက်ပိုင်းဖြစ်၍ မနက် ၇ နာရီထိုးလျှင် ကျနော် သူတို့အိမ်သို့ ရောက်နှင့်နေပြီ။ အိမ်ရှိအိမ်သားများ နှင့် မိဘများကလည်း ကျောင်းသားကို မနက်ခင်းစောစောထစေချင်သည့်အတွက်ကြောင့် စာသင်ချိန်ကို မနက်ခင်းစီစဉ်ပေးရသည်။ သို့သော် ကျနော် စာသင်ရန် ရောက်နှင့်နေသည့် အချိန်တွင် ကျောင်းသားက အိပ်ယာက မထသေးသည်က များသည်။ ကြိုကြိုတင်တင် နှိုးပေးမည့်သူလည်းမရှိ။ ကျနော့်မှာ ဧည့်ခန်းတွင် နာရီဝက်ခန့် ထိုင်းစောင့်ရသည်က များပါသည်။ ကျောင်းသား အိပ်ယာက နိုးလာလျှင်လည်း မျက်နှာသစ်၊ သွားတိုက်သည်က နာရီဝက်ခန့်ကြာသဖြင့် စာသင်ချိန်ထဲမှ တစ်နာရီ အလဟဿ ဖြစ်သွားတော့သည်။ စာသင်ချိန်မှာ နှစ်နာရီယူထားသဖြင့် နောက်ထပ်တစ်နာရီတိုးပြီးသင်ပေးရသော် ၄င်းအချိန်ပြီးလျှင်၊ သွားသင်ရမည့် နောက်တစ်ဝိုင်းသို့ တစ်နာရီနောက်ကျမှ ရောက်ရသည်။ သို့နှင့် တစ်နေ့လုံးသင်ရသည့် ၀ိုင်းများပါ တစ်နာရီစီနောက်ကျကုန်သည်။

ထိုအိမ်တွင် တစ်လခန့် စာသင်ပြီးသော် ကျနော် စိတ်ပျက်ရသည်။ ကျောင်းသားက ပေးထားသော အိမ်စာများကို မလုပ်။ စာမေးလျှင်လည်းမရ။ အိမ်ရှိ မိဘ၊ ညီအစ်ကို မောင်နှမများကလည်း ကြပ်မတ်ပေးခြင်းမရှိ။ တစ်ရက်တွင် တပည့်ဖြစ်သူက သူ့အမေအား ကျနော်နှင့် တစ်ပတ်တစ်ရက် အပြင်ထွက်ပြီး လက်ဘက်ရည်ဆိုင် ထိုင်ခွင့်ရရန် ပူဆာပါတော့သည်။ ကျနော့်တွင် အားလပ်ချိန်ဆိုလို့ အင်္ဂါနေ့တစ်ရက်သာရှိပါသည်။ ထိုနေ့တွင်ပင် တစ်ပတ်လုံး စာမေးပွဲ စစ်ထားသည့် ၀ိုင်းများမှ အဖြေလွှာများကို စစ်ရသဖြင့် အားချိန်မရှိပါ။ တပည့်လုပ်သူက ပူဆာလွန်းသဖြင့် အမေလုပ်သူက ကျောင်းသားသည် ဆရာအပေါ်သံယောဇဉ်ရှိ၍သာ ထိုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း၊ အခြားဆရာများကိုမူ ထိုသို့ မတောင်းဆိုကြောင်း၊ ကျနော့်အနေနှင့် လိုက်လျောသင့်ကြောင်း မကြာခဏ နားပူနားဆာ (နပူနဆာ) လုပ်သဖြင့် ကျနော် စိတ်ပျက်ပျက်နှင့်ပင် စာသင်ချိန်မရှိသည့် အင်္ဂါနေ့ညနေပိုင်းတွင် တပည့်ဖြစ်သူနှင့် လက်ဘက်ရည်ဆိုင်ထိုင်ရန် သဘောတူလိုက်ရပါသည်။

တစ်နေ့တွင် လက်ဘက်ရည်ဆိုင်ထိုင်ရင် တပည့်ဖြစ်သူကို ကျနော်က ၄င်း၏ဘ၀ရည်မှန်းချက်နှင့် ပက်သက်ပြီး မေးခွန်းထုတ်ပါသည်။ ၄င်းက သူ့အဖေကဲ့သို့ စစ်ဗိုလ်ကြီးလုပ်ချင်ကြောင်း၊ ထို့ကြောင့် ဗိုလ်လောင်းသင်တန်း တက်ခွင့်ရရန် ၁၀ တန်းတွင် အပြင်းထန်ကျိုးစားဖို့မလိုကြောင်း၊ အမှတ်ကောင်းဖို့မလိုကြောင်း၊ ထို့ကြောင့် စာကို အပြင်းအထန် ကျိုးစားဖို့ မလိုကြောင်းပြောပါသည်။ ကျနော်က ရှင်းပြပါသည်။ စစ်ဗိုလ်လုပ်ချင်သောသူများသည် ၁၀ တန်းတွင် ဖြစ်နိုင်လျှင် ဂုဏ်ထူးကို ဘာသာစုံထွက်သင့်သည့် အပြင်၊ အမှတ်လည်း ကောင်းဖို့လိုကြောင်း၊ အဘယ့်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် စစ်ဗိုလ်များသည် ဆရာဝန်၊ အင်ဂျင်နီယာများကိုပင် လက်ညှိုးထိုး စေခိုင်းနေကြကြောင်း၊ ဆရာဝန် တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ရန် ၁၀ တန်းကို အမှတ်ကောင်းကောင်း နှင့် ဂုဏ်ထူးများစွာထွက်အောင် ကျိုးစားကြရကြောင်း၊ ထို့ကြောင့် ဆရာဝန်၊ အင်ဂျင်နီယာများကို လက်ညှိုးထိုးခိုင်းစေမည့် စစ်ဗိုလ်တစ်ယောက်လုပ်မည့် သူသည် ထိုသူများထက် ပိုတော်သင့်ကြောင်း၊ ပိုတတ်သင့်ကြောင်း ကျနော် ရှင်းပြပါသည်။ သို့သော် တပည့်ဖြစ်သူက "ဖေကြီး ၁၀ တန်းတုန်းက ဘာဂုဏ်ထူးမှ မပါဘူးလို့ ပြောတယ်၊ ရိုးရိုးဘဲအောင်ပြီးတော့ ဗိုလ်ဖြစ်တာဘဲ၊ အခုလည်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကို ခိုင်းနေတာပဲ" ဟု စောဒက တက်ပါသည်။ ကျနော်လည်း မင်းတစ်နေ့တော့ နားလည်လာမှာပါဟုဘဲပြောပြီး၊ ထိုနေ့စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။

သည်လိုနှင့် စာမေးပွဲကြီးကလည်း တစ်လထက်တစ်လ နီးသထက် နီးလာသည်။ ထို ဗိုလ်မှူးချုပ်သားမှာ ပေးထားသော လေ့ကျင့်ခန်းများကိုလည်း ကောင်းကောင်းမလုပ်၊ ကျောင်းမှ ပုံမှန်စစ်ဆေးသည့် လပတ်စာမေးပွဲများတွင်လည်း မအောင်။ ကျနော်လည်း စာသင်ရသည်မှာ မမော။ စာလုပ်ဖို့ ပြောနေရသည်သာ မောသည်။ ထိုနှစ် စာသင်နှစ် မြန်မြန်ကုန်ပါစေဟုသာ ဆုတောင်းနေမိသည်။

ဒီဇင်ဘာလရောက်သောအခါ ဗိုလ်မှူးချုပ်ကတော်က ၄င်းသားအား ကျနော်ကဲ့သို့ အိမ်တိုင်ယာရောက်လာသင်ပေးနေသည့် အခြားဘာသာရပ်ဆိုင်ရာ ဆရာမများနှင့် တိုင်ပင်ကာ သားဖြစ်သူကို ၄င်းတက်နေသည့် ရန်ကုန်ကျောင်းမှ နှုတ်ပြီး လှည်းကူးရှိ အထက ကျောင်းတစ်ကျောင်းတွင် စာရင်းသွင်းပြီး၊ စာမေးပွဲဖြေခွင့် ပုံစံ ကိုလည်း ထိုကျောင်းမှပင် တင်သည်ဟု သိရသည်။ သို့သော် သားဖြစ်သူမှာ ထိုလှည်းကူးရှိကျောင်းတွင် သွားတက်စရာမလို။ စာမေးပွဲဖြေမှသာ သွားဖြေမည်ဟု ပြောပါသည်။ မိဘများက ၄င်းတို့၏ သားကို ကျောင်းပြောင်း စာရင်းသွင်းပြီးသည့်အချိန်တွင် သားဖြစ်သူမှာ ဆရာများစာလာသင်သည့်အချိန်တွင်ပင် ကောင်းစွာသင်ယူခြင်းမရှိတော့။ တစ်ရက်တွင် ၄င်းနှင့် လက်ဘက်ရည်ဆိုင်ထိုင်တော့ ဖြစ်ကြောင်း ကုန်စင်ကို တပည့်လုပ်သူက ကျနော့်အား ပြောပြပါတော့သည်။

၎င်း၏ ပြောပြချက်အရ ၄င်း၏မိခင်ဖြစ်သူက လှည်းကူး အထက (၄င်းစာမေးပွဲဖြေမည့် စာစစ်ဌာန) မှ ကျောင်းအုပ်ဆရာတစ်ဦးနှင့် ပေါင်းကာ စာမေးပွဲဖြေမည့် ၆ ရက်လုံးအတွက် ၄င်းတို့ လိုချင်သည့် အခန်းစောင့်ဆရာမ ၁၂ ယောက်ကို တွေ့ဆုံပြီးဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာကြီးမှ နေ၍ အဆိုပါ ဆရာမ ၁၂ ယောက်အနက် နှစ်ယောက်စီကို ဗိုလ်မှူးချုပ်သား ဖြေမည့် စာမေးပွဲခန်းထဲတွင် အခန်းစောင့်ဆရာများအဖြစ် တာဝန်ပေးမည်ဖြစ်ကြောင်း၊ ခိုးချရန် ချုံ၍ မိတ္တူကူးထားသည့် ဘာသာရပ်ဆိုင်ရာ စာရွက်စာတမ်း (Micro) များကို တစ်ဘာသာလျှင် သုံးစုံကျ ၀ယ်ထားပြီးဖြစ်ကြောင်း၊ တစ်စုံကို သေးငယ်သော အခေါက်ကလေးများ (၄င်းတို့ အခေါ် - ဘာဂျာခေါက်) လုပ်ကာ ကျောင်းသား၏အတွင်းခံဘောင်းဘီအတွင်းတွင်ထည့်၍ စာမေးပွဲခန်းတွင်းသို့ ယူသွားမည်ဖြစ်ကြောင်း၊ ကျန်နှစ်စုံကိုတော့ အခန်းစောင့်ဆရာမ နှစ်ယောက်ကို ထိုဘာသာရပ်ဖြေရမည့်ရက်မတိုင်းခင် တစ်ရက်ကြိုတင်၍ ပေးထားမည်ဖြစ်ကြောင်း၊ အခန်းစောင့်မည့် ဆရာမနှစ်ဦးက ၄င်းတို့၏ စလင်းဘတ်ထဲတွင် ဗိုလ်မှူးချုပ်သား ခိုးချရန် အဆိုပါစာရွက်စာတမ်းများကို ဆောင်းထားမည်ဖြစ်ကြောင်း၊ အကယ်၍ အခန်းပြင်ပမှ တာဝန်ကျ ဆရာတစ်ဦးဦးက အခန်းတွင်းသို့ဝင်ပြီး ကျောင်းသားထံမှ ခိုးချသည့် စာရွက်စာတမ်းများကို တွေ့ရှိသိမ်းဆည်းသွားပါက၊ ထိုဆရာထွက်သွားလျှင် အခန်းစောင့်ဆရာမ နှစ်ယောက်မှ ၄င်းတို့ စလင်းဘတ်အိတ်ထဲတွင် အသင့်ဆောင်ထားသည့် စာရွက်များကို ကျောင်းသားအား ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျနော့်အား တပည့်ဖြစ်သူက အသေးစိတ်ရှင်းပြပါသည်။ ထိုကဲ့သို့ ၄င်း၏ မိဘများက စီစဉ်ထားသည့်အတွက်ကြောင့်လည်း ကျနော့်အနေနှင့် သူစာမကျက်သည်ကို ပူပန်ဖို့မလိုကြောင်း ဆင်ခြေပေးပါသည်။ ကျနော့်စိတ်ထဲတွင်တော့ တပည့်ဖြစ်သူထံမှ ထိုစကားများကို ကြားလိုက်ရပြီးသည့်နောက် ၄င်းအား စာပင် ဆက်သင်ချင်စိတ်မရှိတော့ပါ။ ထိုနေ့မှ စ၍ တပည့်ဖြစ်သူကိုလည်း စာကျိုးစားရန်သော်လည်းကောင်း၊ စာမေးပွဲနှင့်ပက်သက်သည့် မေးခွန်းပရိယာယ်၊ ဖြေပုံဖြေနည်း တို့ကိုသော်လည်းကောင်း ပြောပြ၊ ရှင်းပြချင်စိတ်ပင် မရှိတော့ပါ။

ဤသို့နှင့် စာမေးပွဲ ဖြေရန် တစ်ပတ်အလိုတွင် ကျနော့်ကျောင်းသား အဖေဖြစ်သူ ဗိုလ်မှူးချုပ်က ကျနော့်အား သူ့သားစာမေးပွဲဖြေနေစဉ် ရက်များအတွင်း မြန်မာစာ နှင့် အင်္ဂလိပ်စာ ဖြေသည့် ရက်များအတွင်း လှည်းကူးတွင် လိုက်နေရမည်ဟု အမိန့်ပေးသလို လေသံနှင့်ပြောပါသည်။ ထိုအချိန်တွင် ကျနော် စာသင်ပေးနေသည့် အခြားဝိုင်းမှ တပည့်များအတွက် ပူပန်စိတ်ဝင်လာသည်။ တစ်နှစ်ပတ်လုံး ကိုယ်စာသင်ပေးထားသည့် ကျောင်းသားများ စာမေးပွဲနီးကပ်နေချိန်တွင် သူ့တို့အနားတွင်ကျနော် ရှိနေရမည် ဖြစ်ပါသည်။ စာမေးပွဲနှင့်ပက်သက်သည့် မေးခွန်းပရိယာယ်၊ ဖြေပုံဖြေနည်း၊ သတိထားရမည့်အရာများကို ထပ်ကာထပ်ကာ မှာကြားချင်သည်။ လှည်းကူသို့ကျနော် လိုက်နေရပါက အခြားတပည့်များကို ထိုကဲ့သို့ သတိပေးစကား၊ အမှာစကားများ၊ အားပေးစကားများ ပြောနိုင်တော့မည် မဟုတ်တော့။ ကျနော် အတော်ကို ခံစားရသည်။

နောက်တစ်နေ့မနက်တွင် အခြားဝိုင်းများမှ ကျောင်းသားမိဘများကို အိမ်တစ်အိမ်တွင် စုခေါ်ကာ ကျနော့်အနေနှင့် စာမေးပွဲရက်အတွင်း အဆိုပါ ဗိုလ်မှူးချုပ်သားနှင့် လှည်းကူးသို့ လိုက်သွားရမည်ဖြစ်ကြောင်း၊ ငြင်းဆန်လို့ မရနိုင်ကြောင်း ပြောရာ ကျနော့် ကျောင်းသားများနှင့် ကျောင်းသားမိဘများက ကျနော့်အခြေအနေအပေါ် အပြည့်အ၀ နားလည်ပေးခဲ့ကြပါသည်။

မြန်မာစာ မဖြေခင် တစ်ရက်အလိုတွင် တပည့်ဖြစ်သူနှင့် သူ့ အစ်ကို၊ အစ်မ ဖြစ်သူတို့နှင့် ကျနော် လှည်းကူးသို့ ရောက်ခဲ့သည်။ ကျနော့်ကို တည်းခိုခန်းတစ်ခုတွင် တပည့်ဖြစ်သူနှင့်အတူ ထားသည်။ မြန်မာစာဖြေသည့်အနေ့တွင် ကျနော့်ကျောင်းသား စာမေးပွဲဖြေရာ လှည်းကူး အထက ( ) သို့ လိုက်သွားသည်။ အဆိုပါ ကျောင်းမှာ ရန်ကုန်ရှိ အထက ကျောင်းများကဲ့သို့ ခမ်းခမ်းနားနား မရှိလှပါ။ ကျနော့်ကျောင်းသား၏ အစ်ကိုဖြစ်သူက ကျောင်းရှေ့တွင် မောင်းလာသော Land Cruiser ကားကို ရပ်ပါသည်။ ကျောင်းရှေ့တွင်လည်း တွဲဖက် အထက များမှ လာရောက်ဖြေဆိုကြသော ကျောင်းသားများ၏ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများ၊ ဆရာ၊ ဆရာမ များမှာ ဖိနပ်ကလေးများ ဖင်ခု ထိုင်ကာ ကျောင်းတွင်းသို့ တစ်မျှော်မျှော်၊ ရင်တစ်မမ နှင့် ငေးကြည့်နေကြသည်။ အချို့ကလည်း အခုလို ၁၀ တန်းစာမေးပွဲကြီး ရောက်သည်အထိ မိမိတို့သားသမီးများကို ငွေကြေးမည်ရွေ့မည်မျှ အကုန်အကျခံကာ ပံ့ပိုးပေးကြရကြောင်း၊ တစ်နှစ်ပတ်လုံး အခက်အခဲများကြားမှ ကျောင်းထားကြရကြောင်း၊ ယခုအခါ ထိုအခက်အခဲများကြားက ကျွတ်တော့မည်ဖြစ်ကြောင်း ပြောနေကြသည်ကိုကြားရသည်။ ကျနော့် ကျောင်းသား၏ အစ်ကို ဖြစ်သူမှာ ကားထဲတွင် အဲယားကွန်းကိုဖွင့်ကာ သီချင်းနားထောင်နေလေသည်။ ကျောင်းရှေ့တွင် သူ့ကားတစ်စီးတည်း ရပ်ထားသည်မဟုတ်။ ရန်ကုန်မှ အခြား စစ်ဗိုလ်များ၊ အရာရှိ သားသမီးများလည်း ထိုကဲ့သို့ ခိုးချရလွယ်ကူသည့် အထက ကျောင်းသို့လာဖြေကြသည်။ ထို့ကြောင့် ထိုကျောင်းအရှေ့တွင် လူကုံထံ အသိုင်းအ၀ိုင်းမှ ကားများက ပိတ်ရပ်ထားကြသည်။

ခဏကြာသောအခါ ကားတစ်စီး ကျောင်းရှေ့တွင် ထိုးရပ်လိုက်သည်။ လှည်းကူးမြို့နယ် ပညာရေးမှူးကားဟု သိရသည်။ ပညာရေးမှူးက ကျောင်းအပေါ်ထပ်အောက်ထပ် စာမေးပွဲဖြေနေကြသည့် ကျောင်းသားများကို တစ်ခန်းဝင်တစ်ခန်းထွက် လိုက်လံကြည့်ရှုနေသည်ကို ကျနော် အပြင်မှ မြင်နေရသည်။ နာရီဝက်ခန့်ကြာသောအခါ ပညာရေးမှူးမှာ ကားမောင်းပြီးထွက်သွားတော့သည်။ ထိုနေ့ မြန်မာစာ ဖြေပြီးသောအခါ တပည့်ဖြစ်သူကို "ကူးနိုင်လား" ဟုကျနော်မေးတော့ ၄င်း၏အစ်ကိုဖြစ်သူက ကျနော့်ကို မကြည်ကြည့်ဖြင့် ကြည့်ပါသည်။

တစ်ရက်တော့ အေးသွားပြီ။ နောက်တစ်ရက်သည် ကျနော်သင်သည့် ဘာသာ အင်္ဂလိပ်ဘာသာ ဖြေရမည့်နေ့ဖြစ်သဖြင့် ရန်ကုန်က တပည့်များကို သတိရသည်။ ထိုအချိန်တွင် ရန်ကုန်က တပည့်များ အနားမှာ ကျနော်ရှိနေလျှင် သူတို့ ဘယ်လောက်များ အားရှိလိုက်လေ မလဲဟု တွေးမိသည်။ ထိုနေ့ညက တည်းခိုခန်းတွင် တပည့်ဖြစ်သူအား အင်္ဂလိပ်စာ သင်ရိုးစာအုပ် (Text book) ကို အနည်းဆုံး တစ်ခေါက်လောက်တော့ အစအဆုံး အသံထွက်ပြီး ဖတ်ခိုင်းသည်။ သို့သော် ပြောစကား နားမထောင်၊ ခိုးချရန်ပြင်ဆင်ထားသည့် ဘာဂျာခေါက်များ နှင့်သာ အလုပ်များနေသည်။ ကျနော်လည်း ဆက်ပြောမနေတော့။

နောက်တစ်နေ့မနက် စာမေးပွဲဖြေချိန် ခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများ အလျှိအလျှို စာမေးပွဲခန်းထဲဝင်သွားကြသည်။ ကျနော်လည်း ပြီးခဲ့သည့်ညက အတွေးတို့ဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့သဖြင့် ခေါင်းအနည်းငယ်ကိုက်လာသည်။ သို့နှင့် ကျောင်းသားအစ်ကိုဖြစ်သူက ကျနော့်ကို တည်းခိုခန်းသို့ ပြန်ပို့ပေးသည်။ တည်းခိုခန်းသို့ရောက်သည်နှင့် ခဏအတွင်း ကျနော် အိပ်ပျော်သွားသည်။

ကျနော် မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။ ရုတ်တရက် အခန်းတခါးကို တဒုန်းဒုန် ထုရိုက်သံကြောင့် ကျနော် လန့်နိုးသွားသည်။ တံခါးဖွင့်လိုက်တော့ ကျောင်းသားအစ်ကိုဖြစ်သူက "ဆရာ...လာ" ဟု ဆိုကာ ကျနော့်လက်ကို ဆွဲကာ ကားပေါ်တင်ပြီး၊ ကျောင်းဘက်သို့ ကားကို အရှိန်မြှင့်ကာ မောင်းပါတော့သည်။ ကျနော်က အကျိုးအကြောင်းမေးရာ၊ ၄င်းက စာမေးပွဲဖြေချိန် စပြီး နာရီဝက်အကြာတွင် ပညာရေးမှူးရောက်လာကြောင်း၊ ကျနော့် ကျောင်းသားဖြေနေသည့် အခန်းထဲတွင် ထိုင်နေပြီး၊ စာမေးပွဲဖြေချိန် မပြီးမီ ၁၅ မိနစ်အလိုတွင်မှ ထွက်သွားကြောင်း၊ ထို့ကြောင့် ၄င်း၏ ညီဖြစ်သူမှာ အောင်မှတ်ရအောင်တောင် မကူးချနိုင်ခဲ့ကြောင်း၊ အခန်းစောင့် ဆရာမ နှစ်ယောက်လည်း ဘာမှ မလုပ်နိုင်ကြောင်း၊ ကျနော့်အနေနှင့် အခြေအနေကောင်းလျှင် ကျောင်းတွင်းသို့ ၀င်ကာ ၄င်းညီ ကိုယ်စား စာမေးပွဲဖြေပေးရမည်ဖြစ်ကြောင်း ပြောရာ ကျနော် အတော်ကို တုန်လှုပ်သွားမိသည်။ စာမေးပွဲတစ်ခုကို ကိုယ်စားဖြေပေးဖို့ မဆိုထားနှင့် စားခိုးချသည် ဆိုခြင်းကပင် စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းကို ချိုးဖောက်၊ ကျူးလွန်ရာရောက်နေပြီ။

ကားကို မည်သို့မောင်းလိုက်သည်မသိ ကျောင်းနောက်ဘက် ခြံစည်းရိုးဘက်သို့ ၁၅ မိနစ်အတွင်းရောက်သွားသည်။ ကျောင်းသားအစ်ကိုဖြစ်သူက ကျနော့် လက်ကိုဆွဲကာ ကျောင်းနောက်ဘက် မလွယ်ပေါက် မှဝင်ပြီး ကျောင်းထဲရှိ အခန်းတစ်ခန်းထဲသို့ ခေါ်သွားသည်။ စာမေးပွဲပြီးသည်မှာ နာရီဝက် ကျော်ကျော်ရှိပြီမို့ ကျောင်းတွင်းတွင် ဆရာအချို့မှလွဲ၍ မည်သူမှ မရှိတော့။ အဖြေလွှာများကို ညနေ ၄ နာရီ ရန်ကုန်စာစစ်ဌာနသို့အရောက် ပို့ရမည်ဟုဆိုသည်။ ကျနော့်ကို ကျောင်းအုပ်ဆရာကြီးဆိုသူက ထိုနေ့တွင်စစ်ဆေးသော မေးခွန်းတစ်စုံနှင့် အဖြေလွှာ၊ ဘော့ပင်န် တစ်ချောင်းကို ပေးသည်။ ကျနော့်ဘေးနားတွင် တပည့်ဖြစ်သူ၊ ၄င်း၏အစ်ကို၊ ဆရာမနှစ်ယောက် နှင့် ကျောင်းအုပ်တို့က ဇောချွေးပြန်နေသော မျက်နှာများဖြင့် မတ်တပ်ရပ်လျှက်ကြည့်နေကြသည်။

ထို အချိန်တွင် ကျနော့် လုံခြုံရေးအတွက် ကျနော်ထည့်စဉ်းစားရတော့မည်။ မချစ်သော်လည်း အောင့်ကာနမ်းရတော့မည်။ ကျနော့်လက်က ဘော့ပင်န် နှင့်အတူ အဖြေလွှာစာရွက်ပေါ်သို့ ရောက်သွားသည်။ မေးခွန်းနံပါတ် ၁ မှ စဖြေကာ မေးခွန်း နံပါတ် ၉ အထိ (မေးခွန်းအားလုံး) ဖြေပေးလိုက်သည်။ သို့သော် စာသင်သက်အတွေ့အကြုံကောင်းကောင်းရှိထားသည့် အလျှောက် အမှတ်ပေးစည်းမျဉ်းကိုတော့ ကောင်းကောင်းနားလည်သည်။ အင်္ဂလိပ်စာသည် အခြားဘာသာများကဲ့သို့မဟုတ်၊ ယခုခေတ်အမှတ်ပေးစည်းမျဉ်းများအရ ကာလ (Tense) မှားပြီးဖြေလျှင် တစ်မှတ်မှမရ၊ အဖြေမှားလျှင် အမှတ်မရ၊ Letter နှင့် Essay တို့တွင် မည်မျှကောင်းအောင်ရေးထားပါစေ။ ပစ္စုပ္ပန်ကာလ နှင့် ရေးရမည့်နေရာတွင် အတိတ်ကာလနှင့်ရေးပါက မည်မျှပင် အရေးအသားကောင်းပါစေ၊ အမှတ်ပေး၍မရ။ သို့သော် မေးခွန်းအားလုံးကို ဖြေလိုက်သဖြင့် အဖြေလွှာကိုကြည့်ရသည်မှာ အမြင်အားဖြင့်တော့ စိတ်ချမ်းသာစရာကောင်းပါသည်။

ညနေခင်းရောက်သောအခါ ရန်ကုန်မှ မိခင်ဖြစ်သူက ထိုနေ့က သူ့သားကြုံလိုက်ရသော အတွေ့အကြုံကြောင့် စိုးရိမ်ကာ လိုက်ချလာပါသည်။ အလာတွင်လည်း သချာင်္ဆရာကို ခေါ်လာပြီး၊ ကျနော့်နည်းတူ တည်းခိုခန်းတွင်ထားပါသည်။ ကျနော့်ကိုတော့ ထိုနေ့ညတွင်ပင် ရန်ကုန်သို့ပြန်ပို့ပါသည်။ ရန်ကုန်သို့ရောက်မှ တပည့်ဖြစ်သူများထံ ဖုန်းဆက်ကာ အားလုံးဖြေနိုင်ရဲ့လားဟုမေးရသည်။ ဖြေနိုင်ကြသဖြင့် ကျနော် ဒီနှစ်အတွက် စိတ်အေးရပြီ။

သို့သော် ရန်ကုန်ကျူရှင်လောက သဘာဝအရ နွေစာသင်ဝိုင်းတွေဖွင့်လျှင်ရသည်။ သို့သော်ကျုနော်မဖွင့်ဖြစ်။ ရင်ထဲမှာမွန်းကြပ်နေသည်။ စာသင်ရသည်ကို စိတ်မကုန်သော်လည်း ကျူရှင်ဆရာဘ၀ကို စိတ်ကုန်လာသည်။ သို့နှင့် မေလဆန်းပိုင်းလောက်တွင် အဆိုပါ ဗိုလ်မှူးချုပ်အိမ်သို့ ဖုန်းဆက်ပြီး ၄င်း၏သား စာမေးပွဲအောင်မအောင်ကို မေးပါသည်။ ၁၀ တန်းအောင်စာရင်းမှာ ဇွန်လကုန်၊ ဇူလိုင်လဆန်းတွင် ထွက်သော်လည်း၊ ၄င်းတို့ အသိုင်းအ၀ိုင်းအနေဖြင့် ကြိုပြီး သိခွင့်ရကြသည် ကို ကျနော်သိပါသည်။ ဗိုလ်မှူးချုပ် ကတော်က ဖုန်းကိုင်ပါသည်။ တစ်လက်စတည်း ဤကဲ့သို့ အပြစ်တင်ဝေဖန်သံပါကြားရသည် "အမလေး... ဆရာရယ်၊ ဘယ်လို လုပ်လိုက်တာလဲ၊ သား အင်္ဂလိပ်စာ အမှတ် ၄၀ ဘဲရတယ်" ဟု လည်းကောင်း၊ ကလေးအဖေ ဗိုလ်မှူးချုပ်ဖြစ်သူက " ဆရာကိုယ်တိုင် ဖြေတဲ့စာမေးပွဲက ၄၀ ဘဲရတယ်ဆိုတော့၊ မင်းရန်ကုန်မှာ စာမသင်သင့်တော့ဘူး၊ မင်းနေတဲ့ နယ်မှာ စာသွားပြန်သင်" ဟုဆိုကာ ဖုန်းချသွားပါသည်။

ထို ဗိုလ်မှူးချုပ်ပြောဆိုသည်ကို ကျနော် မည်သို့မှ မခံစားရပါ။ စားမေးပွဲကို တပည့်ကိုယ်စား ဖြေပေးလိုက်ရသည်ဆိုကတည်းက ဆရာတစ်ယောက်၏ ကျင့်ဝတ်သိက္ခာ ဆုံးရူံးသွားခဲ့မှန်း ကျနော်သိပါသည်။ ကျနော် အားလုံးအဖြေမှန် ဖြေမပေးခဲ့ပါ။ ထိုအချိန်တွင် ကျနော်ကြုံတွေ့လိုက်ရသည့်အခြေအနေမှာ ကျနော့်လုံခြုံရေးဖြစ်သောကြောင့် "ရှဥ့်လဲလျှောက်သာ၊ ပျားလည်းဆွဲသာ" လုပ်ပေးခဲ့သည်သာဖြစ်သည်။

ကျောင်းဆရာဘ၀ကို စိတ်မနာသော်လည်း၊ ကျူရှင်ဆရာဘ၀ကိုတော့ စိတ်နာပါသည်။ စေတနာ၊ ၀ါသနာ၊ အနစ် နာတို့ဖြင့်စခဲ့သော ကျူရှင်ဆရာတစ်ယောက်ဘ၀ကို နောက်ထပ် နာ တစ်နာ ထပ်တိုးကာ စိတ်နာနာဖြင့် ကျောခိုင်းခဲ့ပါသည်။ သို့သော် ကျနော် မြတ်နိုးသော၊ ၀ါသနာပါသော စာသင်ကြားခြင်း အလုပ်ကို ဂုဏ်သိက္ခာရှိသော ကျောင်းဆရာတစ်ယောက်ဘ၀ နှင့်သာ ဆက်လက်ရပ်တည်သွားရန် ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်ပါသည်။

(ကျော်သိင်္ခ)

စာကြွင်း။ ။ ရန်ကုန်တိုင်း အတွင်းရှိ အထက ကျောင်းများအနက် ဒလ အထက နှင့် လှည်းကူး အထက တို့သည် အခြားမြို့များမှ လာရောက် ခိုးချ ဖြေဆိုမည့် ကျောင်းသားများကို အဓိက လက်ခံရာ စာစစ်ဌာနများ ဖြစ်ခဲ့ပါသည်။ တောင်ကြီးမြို့ရှိ အထက ကျောင်းတစ်ကျောင်းတွင် ၁၀ တန်းစာမေးပွဲကို သုံးနှစ်ဖြေဆိုပြီး ကျရှုံးခဲ့သော ကျနော့် သူငယ်ချင်းဖြစ်သူ၏ ညီမှာ ဒလမြို့ အထက တွင် လာရောက် စာရင်းပေးသွင်းဖြေဆိုပြီး ၁၀ တန်းစာမေးပွဲကို ရမှတ် ၃၅၀ နှင့် အောင်ခဲ့ပါသည်။

10 comments :

Anonymous said...

Blame yourself before pointing out your fingers to other people.You said you are teacher, you dont need to follow what these people are saying without your wishes.I can see you had a chance to deny all those things in terms of the way you mentioned.The country has been still under the military dictator due to lots of follower like you.very sacked.

Anonymous said...

My neighbour didn't pass high school exam 4 times. After that he passed exam in 1982.I am thinking it.
What ( How ) did he do?Did he do Dala township Highschool?
Just for smile;

Zaw Naing

Anonymous said...

I agree with Anonymous.

Anonymous said...

Hi Ko Zaw Naing
I know that guy.He didn't pass 4th times exams.So ,He was the oldest student leader among student leaders.he has big thighs.
###

Anonymous said...

နီးရာဓါးကို ကြောက်နေရတဲ့ ဘ၀ဗျ။ ခုလို ၀န်ခံပြောရဲတာတောင် တော်လှပြီ။ အဲဒီလူ ဘယ်သူဆိုတာသိရင် အထဲမှာ စစ်ခွေးတွေက အရေခွံနွာမှာ...
ခင်ဗျားတို့က ပြည်ပမှာ ဆီဦးထောပတ် စားနေပြီး ရှက်စရာ ကောင်းသလေး ဘာလေးနဲ့ အာလေးလျာလေး ပြောမနေပါနဲ့ဗျာ။
ပြည်တွင်းကို ပြန်လာပြီး လုပ်စားကြည့်ကြအုန်း။
ခင်ဗျားတို့ အနံကြီး ကွင်းကျယ်လုပ်နေလို့ စစ်ဗိုလ်တွေ နေရာရ နေကြတာ ...

Kyaw Thein Kha said...

ဟုတ်တယ်။ ဒီမှာ အထဲက လူတွေက နီးရာဓားကို ကြောက်နေရတာ။ အပြစ်တင်တဲ့သူအနေနဲ့ ခင်ဗျားရော အဲဒီလို အခြေအနေမျိုးကြုံလာရင် ဘယ်လို ဖြေရှင်းမလဲ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ကိုယ်လုပ်လိုက်မိတဲ့ အမှားတစ်ခုအတွက် ၀န်ခံပြောဆိုလာတာကို ကြိုဆိုရမှာပါ။ ဖိနှိပ်ပြစ်တင်ဝေဖန်ဖို့ မဟုတ်ပါဘူး။

ကိုယ့်အမှားကို ကိုယ်သိပြီး ထုတ်ဖော်ပြောရဲတာကလည်း သတ္တိပါဘဲ။ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ရဲတာတစ်ခုတည်း သတ္တိမဟုတ်ပါ။ ကိုယ်မှန်ရင်မှန်ကြောင်း၊ မှားရင်လည်း မှားကြောင်း ထုတ်ဖော်ပြောရဲတာကလည်း သတ္တိပါပဲ။ တစ်ခါမှားသွားရင် နောက်တစ်ခါ အလားတူ အမှားမျိုးမမှားအောင်သာ ဂရုစိုက်ရမှာပါ။ အခုလို ကိုယ်တွေအတွေ့အကြုံကို အများကို သိစေချင်တဲ့စေတနာနဲ့ ထုတ်ဖော်ပြောရဲတာကို လေးစားပါတယ်။

ဗမာပြည်ပညာရေးအခြေအနေ ဆိုးနေတာကိုတော့ သိပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ ဆိုးနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

ကိုဘုန်း

Kyaw Thein Kha said...

ဟုတ်တယ်။ ဒီမှာ အထဲက လူတွေက နီးရာဓားကို ကြောက်နေရတာ။ အပြစ်တင်တဲ့သူအနေနဲ့ ခင်ဗျားရော အဲဒီလို အခြေအနေမျိုးကြုံလာရင် ဘယ်လို ဖြေရှင်းမလဲ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ကိုယ်လုပ်လိုက်မိတဲ့ အမှားတစ်ခုအတွက် ၀န်ခံပြောဆိုလာတာကို ကြိုဆိုရမှာပါ။ ဖိနှိပ်ပြစ်တင်ဝေဖန်ဖို့ မဟုတ်ပါဘူး။

ကိုယ့်အမှားကို ကိုယ်သိပြီး ထုတ်ဖော်ပြောရဲတာကလည်း သတ္တိပါဘဲ။ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ရဲတာတစ်ခုတည်း သတ္တိမဟုတ်ပါ။ ကိုယ်မှန်ရင်မှန်ကြောင်း၊ မှားရင်လည်း မှားကြောင်း ထုတ်ဖော်ပြောရဲတာကလည်း သတ္တိပါပဲ။ တစ်ခါမှားသွားရင် နောက်တစ်ခါ အလားတူ အမှားမျိုးမမှားအောင်သာ ဂရုစိုက်ရမှာပါ။ အခုလို ကိုယ်တွေအတွေ့အကြုံကို အများကို သိစေချင်တဲ့စေတနာနဲ့ ထုတ်ဖော်ပြောရဲတာကို လေးစားပါတယ်။

ဗမာပြည်ပညာရေးအခြေအနေ ဆိုးနေတာကိုတော့ သိပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ ဆိုးနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

ကိုဘုန်း

Unknown said...

အကိုရေ...ဘ၀တူတွေပဲဗျာ...တစ်ချိန်က ကျွန်တော်လည်း ဆင်တူတဲ့ ဘ၀ ကြုံခဲ့ ရဖူးပါတယ်...ကျွန်တော်ကတော့ မန္တလေးမှာပေါ့ဗျာ...မန္တလေးကတော့ ပုသိမ်ကြီး အထက ၊ ကျောက်မီး အထက၊ အုန်းချော တွဲဘက် အထက တွေက အဲလိုမျိုးကျောင်းတွေဗျ...အကို့ စာဖတ်ပြီး ပြန်အမှတ်ရပါတယ်...

soewainyein said...

မှန်တယ်... ပြည်ပက လူတွေက အဲသည်လိုပဲ... ဗိုက်ဝပြီး ဘ၀က အတော်အတန် (အတော်အတန်) လုံခြုံသွားတော့ (လုံခြုံသွားတယ်လို့ ကိုယ့်ဘာသာထင်တော့) အဲသည်လိုပဲ... မှန်တာကို ပြောရဲတာကို လေးစားတယ် .. အခက်အခဲကို နားလည်တယ်.. အဲသည် တပ်ထဲကကောင်တွေနဲ့ အခု တိုက်ခန်းချင်းကပ်လျက်နေ နေရတယ်.. အားလုံးကို Database လုပ်ထားတယ်... mp3 mp4 format တွေနဲ့... သင်းတို့ မတရားတာ... လူနေရပ်ကွက်ထဲမှာတောင် မျက်ခုံးမွှေးပေါ် လမ်းလျှောက်ချင်တာ... အားလုံးပဲ... တနေ့ ဖွင့်ချဖို့ရည်ရွယ်ထားပြီးသား... အားလုံးကို ဘော်ဒါတွေဆီ လက်သိပ်ထိုးဖြန့်ပြီးနေပြီ... ဒို့တတွေ အားလုံးညီကြမယ်...

Anonymous said...

ဒီလူကို လုံးဝသဘောတူတယ်... နိုင်ငံရပ်ခြားက ဟမ်ဘာဂါလေးပုံမှန်ကိုက်နိုင်ပြီး ကုတ်လေး တစ်နေ့တစ်ဗူးလောက်စုပ်နိုင်ပြီး အာကျယ်အာကျယ်ကောင်တွေ ပြောတဲ့ အမှိုက်တွေ ခေါင်းထဲမထည့်နဲ့... သည်ကောင်တွေက (သူတို့အထင် ထမင်းလေးနပ်မှန်ရင်) ဘ၀မေ့နေတာ...
ဒီလိုစစ်ကောင်တွေက အားလုံး ၀တ်စုံဆင်တူပဲ... စရိုက်တူတယ်...
ရပ်ကွက်ထဲမှာလည်း သည်လိုကောင်တွေနဲ့ အိမ်နီးချင်းဖြစ်ခဲ့ဖူးတယ်... အားလုံး အပေါ်စီးကချည်းပဲ...
အကျင့်ပါနေတာဖြစ်မယ်..
ဒါတွေကို mp3 mp4 ဖိုင်တွေနဲ့ မှတ်တမ်းတင်ထားပြီး လုံခြုံတဲ့နေရာတွေမှာ ခွဲသိမ်းထားတယ်...
တနေ့ အားလုံးဖွင့်ချမယ်...
ငါတို့ တိုက်ပွဲအောင်ရမယ်...
တရားသော တိုက်ပွဲ အမြဲအောင်တယ်...