Wednesday, 8 April 2009
ဆိုမားလီးယား ပင်လယ်ဓားပြတွေ သောင်းကျန်းနေ
-အောင်ခက်-
အာဖရိကတိုက်ရဲ့ ကျွဲချို အငူလို့ နာမည်ကြီးတဲ့ ဆိုမားလီးယား ကမ်းလွန်ပင်လယ်ပြင်မှာ ပေ ၇၈၀ ရှည်လျားတဲ့ အမေရိကန် အလံတင် Maersk Alabama ကုန်တင်သင်္ဘောတစီးကို ဆိုမားလီးယား ပင်လယ်ဓားပြ ၄ ယောက်က ပြန်ပေးဆွဲခြင်း ခံခဲ့ရပါတယ်။ Maersk Alabama ကုန်တင်သင်္ဘော မှာ အမေရိကန်သင်္ဘောသား အယောက် ၂၀ ပါရှိပြီး၊ ကင်ညာနိုင်ငံသို့ အရေးပေါ် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် စားနပ်ရိက္ခာ တန်ချိန် ၁၇,၀၀၀ ကို သယ်ဆောင် လာခဲ့တယ်လို့သိရှိရပါတယ်။ သင်္ဘောဟာ ကင်ညာနိုင်ငံ Mombasa မြို့ ကို ဦးတည်ခုတ်မောင်းနေချိန်ဖြစ်တယ်လို့ သိရှိရ ပါတယ်။ သင်္ဘောပြန်ပေးဆွဲခံ ရချိန်မှာ အမေရိကန်ရေတပ် မှ အနီးဆုံး ကင်းလှည့်စစ်သင်္ဘောတွေဟာ အခင်းဖြစ်ပွားရာနဲ့ မိုင် ၃၄၅ မိုင် အကွာမှာ ရှိနေကြ တယ်လို့ အမေရိကန်ရေတပ်အကြီးအကဲ က အတည်ပြုပြောကြား သွားပါတယ်။
နောက်ဆုံးဝင်လာတဲ့ သတင်းအရ Maersk Alabama ကုန်တင်သင်္ဘော မှာ ပါလာတဲ့ အမေရိကန်သင်္ဘောသားတွေဟာ ပြန်ပေးဆွဲခဲ့ကြတဲ့ ပင်လယ်ဓားပြ လေးဦး ကို ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ပြီး ပြန်လည်ထိမ်းချုပ်နိုင်လိုက်ပြီးလို့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြန်ပေးဆွဲခဲ့ကြတဲ့ ပင်လယ်ဓားပြ လေး ဦးထဲက တစ်ယောက်ကို ဖမ်းဆီးထားမိပြီး၊ သုံးယောက်ကတော့ ရေထဲခုန်ချ လွတ်မြောက်ထွက်ပြေး သွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့လည်း အေဘီစီ(ABC) က ရရှိတဲ့သတင်းထဲမှာတော့ ကုန်တင်သင်္ဘောရဲ့ ကပ္ပတိန်ကို အသက်ကယ်လှေနဲ့ လွတ်မြောက်ထွက်ပြေး သွားတဲ့ ပက်လယ်ဓားပြတွေက ဓားစာခံအဖြစ်ခေါ်ယူထားကြပြီး၊ ဖမ်းဆီးထားခြင်းခံရတဲ့ သူတို့ရဲ့ လူနဲ့ လှဲလှယ်ဖို့ ပြောဆိုနေကြတယ်လို့ ဖော်ပြထားတယ်။ သတင်းအချက်အလက်တွေဆက်လက်ရရှိဖို့ ဆက်လက်စုံစမ်းမှုတွေပြုလုပ်နေပါတယ် လို့ ပင်တဂွန်က ဖော်ပြထားပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်ရေတပ်၊ကနေဒါ တွေက ဆိုမားလီးယားကမ်းခြေ ဒေသနှင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ မှာ ကင်းလှည့်နေခဲ့ကြတာ အတောကြာနေပါပြီ။ ပင်လယ်ဓားပြတွေက အမြန်ရေယာဉ်တွေ၊ ခေတ်မှီဆက်သွယ်ရေးကိရိယာတွေ၊ ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်ရေး လက်နက်ကြီး၊ လက်နက်ငယ် တွေကိုသုံးစွဲပြီး တိုက်ခိုက် နေတာကြောင့်၊ ဒီလို အမေရိကန်၊ ဗြိတိန်၊အိန္ဒိယ၊ တရုတ်ရေတပ်၊ကနေဒါ၊ ရုရှားရေတပ်တွေ ကင်းလှည့် နေတဲ့ကြားကပင် ပြန်ပေးဆွဲခံရမှုတွေ ဖြစ်နေခဲ့ရတယ်။ ဒီဖြစ်ရပ်ဟာ တပတ်အတွင်း ၆ ကြိမ်မြောက် ဆိုမားလီးယား ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတကာ ရေကြောင်းသွားလာရေး အဖွဲ့ က အတည်ပြုပြောကြားခဲ့ပါတယ်။
Rest of your post
at 13:43
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment