Tuesday 28 April 2009

GHRE က တကွာပါမှ မြန်မာထောင်သားများအတွက် ပစ္စည်းများသွားရောက် လှူဒါန်း













Photos by Kyaw Thein Kha
Photo 1. Giving foods to Burmese Migrant workers prisoners in Takuapa jail
Photo 2. Books donation and one of the prison authorities accepted the donated books.

-ကျော်သိင်္ခ-
ဧပြီလ ၂၈ ရက်

ဧပြီလ ၂၇ ရက်နေ့က Grassroots – Human Rights and Education Development အဖွဲ့အစည်းမှ ၀န်ထမ်းများက ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ် ရှိ တကွာပါထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ထောင်ဝင်စာ သွားရောက်တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး၊ ရွှေ့ပြောင်းအလုပ်သမား ထောင်သားများ ဖတ်ရန် ပညာပေး၊ ဗဟုသုတ၊ ရသ၊ ၀တ္ထု ဆောင်းပါး စာအုပ်အစုံ အုပ် ၂၀၀ နှင့် ငါးခြောက်ကြော် (၄”x၃” အိပ်ဖြင့်) ၁၀၃ ထုပ်တို့ကို လှူဒါန်းခဲ့သည်။

အခုလို ထောင်ဝင်စာ သွားတွေ့ပြီး လှူဒါန်းရခြင်း နှင့် ပက်သက်ပြီး GHRE မှ လက်ထောက် ဒါရိုက်တာ ဒေါ်ပိုပိုက “ကျမတို့ အခုလို သွားရတဲ့ အဓိက ရည်ရွယ်ချက်က တကယ်လို့ မတရားထောင်ချခံရတဲ့လူဆိုရင် ကျမတို့အနေနဲ့ တရားဥပဒေ နည်းလမ်းအရ သူတို့ကို ဘယ်လို ကူညီနိုင်မလဲ။ ဒါကတစ်ချက်။ ဒုတိယ တစ်ချက်က ကျမတို့ ဗမာတွေ ထိုင်းနိုင်ငံထဲမှာ လူထု အကျိုးပြုလုပ်ငန်း လုပ်နေပြီးမှ၊ ထိုင်းနိုင်ငံက ထောင်တွေထဲမှာ ကျနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကို သူတို့မိဘတွေက ဘယ်လိုလုပ်ထောင်ဝင်စာ လာတွေ့နိုင်မလဲ ပေါ့နော်။ အဲဒီနှစ်ချက်ကို ကျမတို့ စဉ်းစားပြီးမှ၊ တစ်အချက် သူတို့ကိုလည်း ကူညီပြီးသားဖြစ်အောင်၊ နှစ်အချက် က သူတို့ကို စိတ်ပိုင်းဆိုင်ရာလည်း အားပေးရာရောက်အောင်ပေါ့နော် အဲဒီလိုမျိုး နှစ်ချက် နဲ့ ကျမတို့က သူတို့ကိုသွားပြီးကူညီတယ်။ အဓိကကတော့ ကျမတို့ အဖွဲ့အစည်းက အလုပ်သမားဖွံ့ဖြိုးရေး တာဝန်ခံတွေရယ်၊ နောက်တစ်ခုက ပညာရေးက ဆရာဆရာမတွေ နဲ့ ၀န်ထမ်းတွေပေါ့နော်၊ သူတို့ရဲ့ ရှိတဲ့လစာလေးတွေနဲ့ စုပေါင်းပြီး ကျမတို့ သွားပြီး ကူညီတာပါ” လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လိုက်လံပြီး ကူညီဆောင်ရွက်ပေးနေတဲ့ GHRE မှ ကိုမိုးဝေကလည်း “အရင်အခေါက် တွေတုန်းက ကျနော်တို့ ထောင်သားတွေကို သွားတိုက်ဆေးတို့၊ သွားတိုက်တံတို့၊ သန့်ရှင်းရေးပစ္စည်းတွေပေါ့။ တစ်စုံစီပေးတယ်၊ တစ်စုံကို အနည်းဆုံး တစ်ရာကျော်၊ နှစ်ရာလောက်တော့ ကျတယ်။ အခု ဒီတစ်ခေါက်တော့ ကျနော်တို့ ငါးခြောက်ကြော် နဲ့ စာရွက်စာတမ်းတွေဆိုရင် ကျန်းမာရေးပညာပေး စာအုပ်တွေ၊ ကူးစက်ရောဂါ ပျံ့ပွားနိုင်တဲ့ရောဂါတွေ အကြောင်းပေါ့။ အဓိကက တော့ သူတို့ အခုအချိန်မှာ လိုအပ်နေသေးတာ ဆေးဝါးလေးတွေ၊ နည်းနည်းပါးပါး သူတို့ လိုအပ်နေတယ်။ ဆေးဝါးဆိုတာ ဖျားနာ၊ နှာစေး၊ ချောင်းဆိုး ပျောက်ဆေးလေးတွေပေါ့။ တစ်ခါတစ်လေ ထောင်သားတွေက သွားတောင်းရင်၊ ထိုင်းဘာသာစကား မတတ်တာနဲ့၊ ဟိုသွားတောင်း၊ ဒီသွားတောင်း နဲ့၊ မရတာနဲ့ အခက်အခဲတွေရှိတယ်။ ပြီးတော့ နောက်တစ်ခုက သူတို့ ထောင်က လွတ်ကာနီးအချိန်မှာ အိမ်နဲ့ဆက်သွယ်ပြီး အ၀တ်အစားလေးတွေ ၀တ်ဖို့မှာရမယ်။ ထောင်ထဲမှာ နှစ်တွေကြာခဲ့ပြီဆိုတော့ အ၀တ်အစားကောင်းကောင်း မရှိဘူးလေ။ ထောင်အ၀တ် အစားတွေဘဲဝတ်ရတယ်။ ဒါကြောင့် ထောင်ကနေထွက်လာရင် ၀တ်ဖို့ ဘောင်းဘီလေးဘာလေးတွေ လိုလာတာပေါ့။ အ၀တ်အစား ကောင်းကောင်းလေး တစ်စုံစီလောက်တော့ လိုလာတာပေါ့” လို့ ပြောပါတယ်။

GHRE အနေနှင့် ယခုကဲ့သို့ တကွာပါထောင်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေကို ထောင်ဝင်စာ သွားတွေ့တဲ့ အစီအစဉ်ဟာ ယခင်နှစ်များကတည်းက ရှိခဲ့ပြီး၊ ယခုနှစ်တွင် ထောင်ဝင်စာ နှစ်ခါသွားတွေ့ပြီးပြီဖြစ် ကြောင်း၊ ယခင်လကလည်း တကွာပါထောင်အတွက် ထိုင်းဘတ်ငွေ တစ်သောင်း လေးထောင်ရှိ ကျောက်စားပွဲဝိုင်း သုံးစုံကို လှူဒါန်းခဲ့ကြောင်း၊ နောင်ကိုလည်း အဖွဲ့အစည်းအတွင်းမှ ၀န်ထမ်းများ၏ ကူညီနိုင်မှု Budget အင်အားပေါ်မူတည်ပြီး မြန်မာ ထောင်သားများအား အလျဉ်းသင့်သလို အစားအသောက်နှင့် အခြားလိုအပ်သော ပစ္စည်းများ လှူဒါန်းသွားဖို့ အစီအစဉ် ရှိကြောင်းလည်း သိရပါတယ်။



Rest of your post

No comments :