Saturday, 2 May 2009

တားမြစ် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲ


မေကျော်
စနေနေ့၊ မေလ 02 2009 17:44 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကင်ဆာဖြစ်စေသော အနီရောင် ဆိုးဆေးကြောင့် စားသုံးခြင်း မပြုရန် မြန်မာ စစ်အစိုးရက တားမြစ်လိုက်သည့် ငပိများ ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲနေကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန - FDA က ကင်ဆာ ဖြစ်စေသော အနီရောင် ဆိုးဆေး - Rhodamine B အသုံးပြုသည်ဟုဆိုကာ ငပိ အမှတ်တံဆိပ် အချို့ကို စားရန် မသင့်ကြောင်း ယခုလ ၁ ရက်နေ့တွင် သတင်းစာမှ ကြေညာခဲ့သော်လည်း လက်တွေ့တွင် ဈေးကွက်အတွင်းမှ ပြန်သိမ်းရန် ခက်ခဲရှိနေကြောင်း ငပိပွဲရုံများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ပြန်သိမ်းနေပါတယ်။ ဒါပေမဲ့ အခုအချိန်က ရာသီချိန် မဟုတ်တော့ ကျနော်တို့ လက်ထဲမှာ ကုန်က မကျန်တော့ဘူးဗျ။ ဈေးကွက်ထဲမှာ ရောက်နေကြပြီ။ ပြန်တော့ သိမ်းနေပါတယ်။ ဒါပေမဲ့ ဈေးကွက်ကနေ အကုန် ပြန်သိမ်းဖို့တော့ အခက်အခဲ ရှိပါတယ်” ဟု ရန်ကုန်ရှိ တားမြစ်ခံရသော ငပိပွဲရုံတခုမှ ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

FDA မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါက်တာကျော်လင်းကမူ ဈေးကွက်အတွင်းမှ သိမ်းဆည်းခြင်း၊ ပြန်လည်ရောင်းချခွင့် ပြုခြင်းမှာ မြို့နယ်အလိုက် ဖွဲ့စည်းထားသော အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီများကသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

FDA က စိမ်းစားငပိနှင့် အသင့်စား ငပိ အမျိုးအစားပေါင်း ၁၀၁ မျိုးထဲမှ ၇၉ မျိုးကို စားသုံးရန်မသင့်ကြောင်း အသိပေးခဲ့ပြီး ယင်းတို့ထဲတွင် အသင့်စား ငပိထောင်း အမှတ်တံဆိပ် ၂၀ နှင့် ငပိ အစိမ်း အမှတ်တံဆိပ် ၅၉ မျိုး ပါဝင်သည်။

အနီရောင်ဆိုးဆေးမှာ ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်တင်ရာတွင် ထည့်သွင်းသုံးစွဲပြီး၊ ရောဂါရှာဖွေရာတွင် သုံးသော ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။

ယင်းဆိုးဆေးကြောင့် အစာအိမ် အူလမ်းကြောင်း ရောင်ယမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ကို လတ်တလော ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေနိုင်ကြောင်း သိရသည်။

ငပိကုန်သည်များကမူ ဆိုးဆေးမှာ ငပိ အရောင်လှရေးအတွက် ငပိထုတ်လုပ်သူများက ထည့်ခြင်းဖြစ်ပြီး၊ သူတို့မှာလည်း ကျန်မာရေး ထိခိုက်သည်ကို မသိပါကြောင်း ပြောဆိုကြသည်။

“အခုကတော့ ငပိထုတ်တဲ့ ရာသီချိန် ကုန်သွားပြီ။ နောက်ရာသီချိန် ရောက်ရင်တော့ အရောင်မထည့်ဘဲ အဖြူရောင်ထုတ်ဖို့ ပြောရမယ်” ဟု တိုးပွားငပိ ပွဲရုံက ပြောသည်။

မြန်မာနိုင်ငံတွင် အဓိက ရိုးရာစားကုန် ၂ မျိုး ဖြစ်သော လက်ဖက်နှင့် ငပိကို အန္တရာယ်ရှိသော ဆိုးဆေးများ အသုံးပြုခြင်းကြောင့် မြန်မာ့ FDA က အသိပေး ကြေညာခဲ့သော်လည်း ဈေးကွက်အတွင်း ရောင်းချမှုကို အစိုးရအဆင့် လုပ်ဆောင်မှုမျိုး မရှိသေးပေ။

ငပိ စားကုန်သည် မြန်မာ အများစု၏ မီးဖိုချောင်တွင် မရှိမဖြစ် အခြေခံ စားကုန်ဖြစ်ပြီး၊ အကျဉ်းထောင်များ၊ သင်တန်းကျောင်းများ၊ အခြေခံ လူတန်းစားများက အဓိက ဟင်းလျာအဖြစ် သုံးစွဲနေကြသည်။


Rest of your post

No comments :