Friday, 29 May 2009

ဒီနေ့ အရေးယူလို့ ရတာကို မနက်ဖန် မရွေ့ နဲ့ 



ကျော်သိင်္ခ
မေလ ၂၇ ရက်

မေလ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှ Achara Ashayagachat ၏ “No better time to hit the junta” ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။


န၀မအကြိမ်မြောက် အာရှ-ဥရောပ ၀န်ကြီးများ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တွင်လည်းကောင်း၊ ဆယ့်ခုနှစ် ကြိမ်မြောက် အာဆီယမ်-ဥရောပ ၀န်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တို့တွင် လည်းကောင်း၊ ယခုအပတ်အတွင်း ကျင်းပတော့မည်ဖြစ်ပါသည်။ ထိုအစည်းအဝေးပွဲများတွင် ဆွေးနွေးမည့် ၀က်တုတ်ကွေး ရောဂါအ ကြောင်း၊ ဘဏ္ဍာရေးအကြပ်အတည်း ကိစ္စနှင့် ရာသီဥတု ပြောင်းလဲခြင်း ကိစ္စများကို ဖုံးလွှမ်းပြီး ဆွေးနွေးပွဲကို မလွဲ မသွေ ဂယက်ရိုက်သွားမယ့် အကြောင်းအရာကတော့ ဗမာပြည် ဒီမိုကရေစီအရေးကိစ္စ နှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံ ကြမ္မာဘဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်လုံခြုံရေးနှင့် ဗမာပြည်ရဲ့ အနာဂတ်အတွက် အဖြေရှာရန် ဥရောပ သမဂ္ဂနှင့် ၄င်းအဖွဲ့အစည်းနဲ့ လက်တွဲ လုပ်ကိုင်နေကြတဲ့ နိုင်ငံများအတွက် ယခုအချိန်လောက် ကောင်းသော အချိန်အခါ မရှိတော့ပါ။ ၁၉၉၇ ခုနှစ်က စတင်ပြီး အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ ဗမာနိုင်ငံရဲ့ အနာဂတ်အရေးဟာ အာဆီယံကို ခေါင်းခဲစေပါတယ်။ ယခုလာမည့် ဆွေးနွေးပွဲနှစ်ခုမှ ပေါ်ထွက်လာမည့် ရလာဒ်ဟာလည်း မျှော်လင့်မထားတဲ့ စစ်အစိုးရဲ့ ဗမာပြည်ပြောင်းလဲရေး ဆိုတဲ့ မူဝါဒတွေအပေါ် သံသယတွေ အဖြစ်ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ အနေနဲ့ ဗမာပြည် အပေါ် ၄၇ နှစ်ကြာကြာ အုပ်စိုးလာတဲ့ အာဏာရှင် စစ်အစိုးရနဲ့ ဘယ်လိုဆက်ပြီး ဆက်ဆံရမလဲဆိုတဲ့ချက်ကလည်း ရှိနေ သေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနှင့်ကတော့ ဗမာစစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အပေါ် တရားစွဲ ဆိုတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဗမာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုသက်တမ်းကို ထပ်ပြီးတိုးလိုက်ပြီ ဖြစ်ပါ တယ်။

အခုလို အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ပေါ်လစီကို ဥရောပသမဂ္ဂကလည်း ထပ်တူထပ်မျှ သဘောတူညီထားပြီး သားဖြစ်ပါတယ်။ ထို့ပြင် ဥရောပ သမဂ္ဂအနေနဲ့လည်း စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုဆက်လက်ပြုလုပ်ရေးနှင့် ပြည်ဝင် ခွင့်ဗီဇာ ပိတ်ဆို့ရေးတို့ကို ပိုပြီးပြုလုပ်ဖို့ကို ဝေခွဲရခက်နေပါတယ်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဗမာပြည်အရေး ကိစ္စကို တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနှင့် သုံးသပ်ရလျှင် ယခုနှစ်မှာ အမေရိကန် နှင့် ဥရောပသမဂ္ဂ တို့ရဲ့ အထူး အာရုံစိုက်မှုကို ခံနေရပါတယ်။ တစ်ဆက်တည်းမှာပင် ထိုအကျိုးဆက်က လာမည့်ဇွန်လပိုင်းတွင် ဘန်ကောက်၌ကျင်းပမည့် အာဆီယံဒေသဆိုင်ရာ အစည်းအဝေး နှင့် စင်္ကာပူနိုင်ငံတွင် နိုဝင်ဘာလ၌ ကျင်းပမည့် အာရှ-ဥရောပ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး တို့ကို ဂယက်ရိုက်စေမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အာဏာရှင် စစ်အစိုးရအနေ နှင့်လည်း အခုလိုဘဲ ဆက်လက်ခေါင်းမာနေပြီး၊ ပြည်တွင်းရေးကို အခြားသူများဝင်ရောက်စွက်ဖက်သည်ဆိုပြီး ဘယ်သူ ဘာပြောပြော နားထောင်မယ့်ပုံလည်း မပေါ်ပါဘူး။ အခုလို ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ စစ်အစိုးရရဲ့ သဘောထား ရပ်တည်ချက်အပေါ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ယူထားတဲ့ ထိုင်းနိုင်ငံအနေဖြင့် ယခုထက်ပိုပြီး ထိရောက်တဲ့ တောင်းဆိုမှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ လွှတ်းပေးရေးကို တာဝန်ယူသင့်ကြောင်း နှင့် တာဝန်ယူနိုင် ကြောင်းကို မြန်မာ့အရေးစောင့်ကြည့်လေ့လာသူများက ယုံကြည်ထားကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆူနိုင်းဖာဆတ်က “အာဘီဆစ် အစိုးရအနေနဲ့ ဗမာပြည် အရေးကိစ္စ အပေါ်မှာ မှန်ကန်တဲ့ဘက်ကလျှောက်နေပေမယ့်၊ ဒီအချိန်မှာ ဗမာအစစ်အစိုးရအပေါ် ပိုပြီးတိတိကျကျ ပြတ်ပြတ် သားသား ပြောရမယ့် အချိန်ကို ရောက်နေပြီ” ဟု ဆိုပါသည်။

“ဗမစစ်အစိုးရက အာဆီယံရဲ့တောင်းဆိုချက်ကို မလိုက်လျောခဲ့ရင် အာဆီယံအနေနဲ့ ဘာဆက်လုပ်မလဲ? အားလုံးက ဗမာ ပြည်အရေးကို ပြောနေကြတဲ့အချိန်မှာ အာဆီယံအနေနဲ့ ဗမာစစ်အစိုးရအပေါ်ကို အရေးယူဆောင်ရွက်မှုတွေ လုပ်ရ မယ်။ နောင်မှ ဆိုတဲ့စကားကို ပြောလို့မရဘူး။ နောင်ဖြစ်လာမယ့် အခြေအနေက အခုအခြေအနေနဲ့ ဘယ်လိုနည်းနဲ့မှ တူမှာ လည်း မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ အခုအခါမှာ အာဆီယံသဘောတူ စာချုပ်အတိုင်း ပူးပေါင်းပါဝင်ပြီး အလုပ်လုပ် နေပါ တယ်” ဟုလည်း ဆူနိုင်းက ပြောသည်။

ဆူနိုင်း က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား ASEM လို့ခေါ်တဲ့ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး ကိစ္စကို ဆွေးနွေးပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ဥရောပသမဂ္ဂ နဲ့ အာဆီယံ မှာ အခြားရွေး စရာလမ်း မရှိကြောင်း၊ သို့သော် အတူတကွပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအ တွက် တရုတ်ကိုတွန်းအားပေးဖို့ လိုအပ်ကြောင်း ပြောပါသည်။

တရုတ်နိုင်ငံကလည်း “ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီထွန်းကားရေး” ဆိုပြီး တောင်းဆိုပါတယ်။ တရုတ်အစိုးရက “မြန်မာနိုင်ငံမှာရှိကြတဲ့ သက်ဆိုင်ရာပါတီ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တွေ့ဆုံ ဆွေးနွေးရေး နည်းနဲ့ အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီပုံစံကတော့ ကျနော်တို့ မျှော်လင့်ထားတဲ့ ပုံစံမဟုတ်ပါဘူး။ ဒါပေမယ့် ဘေဂျင်းအစိုးရတော့ ဒီလိုဘဲ ပြောတာပါဘဲ” လို့ ဦးဝင်းမင်းက ပြောပါတယ်။ ဗမာ့အရေးကိစ္စ အတော်များများမှာ တရုတ်အစိုးရက ပုဂ္ဂလိကဆန်ဆန် လုပ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုကိုလည်း ခံနေရတယ်လို့လည်း ဦးဝင်းမင်းက ဆိုပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်ချစားမှု နှင့် အာဏာအလွဲသုံးစားလုပ်မှုအတွက် တရားရုံးက ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သော်လည်း၊ ဗိုလ်ချုပ်ခင်ညွန့်ဟာ နေအိမ်မှာဘဲ အကျယ်ချုပ် အဖမ်းခံရပါတယ်။ “ဗိုလ်ချုပ် ခင်ညွန့်ကို အခုလို ပစ်ဒဏ်ကို လျော့ပေါ့ပေးလိုက်တာက တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှုကြောင့်ဖြစ်တယ်လို့” ဦးဝင်းမင်းက ပြောပါ တယ်။
ဘောလုံးပုတ်ထုတ်သလို အပုတ်ခံနေရတဲ့ ဗမာပြည်အရေးဟာ အခုအခါမှာ ဥရောပသမဂ္ဂနှင့် အာဆီယံ လက်ထဲကို ရောက်နေပါပြီ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကိစ္စအပေါ် တုန့်ပြန်ဆောင်ရွက်ဖို့ အထက်ပါ အသင်းနှစ်သင်းလုံးရဲ့ ဘက်မှာ ပရိသတ်တွေကတော့ ရှိနေပါတယ်။

ဗမာစစ်အစိုးရ နှင့် စစ်လက်နက် အရောင်းအ၀ယ်မပြုလုပ်ဖို့ ပိတ်ပင်ထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံလုံးက ဗမာစစ်အစိုးရနှင့် ပက်သက်မှုရှိတဲ့ ကုမ္ပဏီများ၏ ဘဏ္ဍာရေးပိုင်ဆိုင်မှုကို ထိန်းချုပ်ထားပြီး၊ ဗမာစစ်ဗိုလ်ချုပ်များကို ဥရောပ သို့ အလည်လာရောက်ခွင့် ပြုမှာလည်း မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂအနေနှင့် ဗမာ့အရေးကိစ္စမှာ စစ်မှန်တဲ့ အဖြေတစ်ခုကို ရရှိဖို့၊ အဝေးကနေ ပြောနေရုံတင် မဟုတ်ဘဲ တစ်ကယ်လက်တွေ့ ထိထိရောက်ရောက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နှင့် အဓိပ္ပါယ်ရှိသော ပြန်လည်သင့်မြတ်ရေးကို ရရှိဖို့ အီးယူအနေနဲ့ အာရှရဲ့ အင်အား တွေဖြစ်ကြတဲ့ တရုတ် နဲ့ အိန္ဒိယ နိုင်ငံတို့နှင့် ခေါင်းချင်းဆိုင်ပြီး သူတို့ကို တစ်ခုခုလုပ်ခိုင်းဖို့ ပြောရမှာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ “နိုင်ငံရေးအကျဉ်းသား ဆိုတာရှိနေသေးသရွေ့ မြန်မာနိုင်ငံထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာလည်း ရှိမလာနိုင်ဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

-ကျော်သိင်္ခ-
http://kyawtheinkha.blogspot.com
http://kyawtheinkha-en.blogspot.com

No comments :