ပေးပို့သူ - ဗိုလ်မှူး အောင်လင်းထွဋ်၊ှ
ဓါတ်ပုံ -militaryphotos.net
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုတ်မာမှု၊ ရက်စက်မှု၊ ကောက်ကျစ်မှုများကို အဆုံးသတ်ရန်အတွက် တပ်မတော်အတွင်း မြန်မာနိုင်ငံအကျိုးကို လိုလားသော အရာရှိကြီး ၊အရာရှိငယ် ၊အရာခံ ၊အကြပ်၊ တပ်သားများက ကျွန်တော့်အား အောက်ပါအချက်(၃)ချက်ကို တင်ပြလာပါသည်။
“ပထမအချက်က သဘာဝဓါတ်ငွေ့ကရတဲ့ နိုင်ငံခြားဝင်ငွေကို လောလောဆယ်ရပ်ဆိုင်းသွားရန် ဆောင်ရွက်ပေးဖို့ ဒါမှမဟုတ် သဘာဝဓါတ်ငွေ့ကရတဲ့ နိုင်ငံခြားငွေများ၏ Transaction ကို ထိန်းချုပ်ပေးဖို့ ဖြစ်ပါသည်။”
“ဒုတိယအချက် ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အပေါင်းအပါ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်များ၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများ၊ ညွှန်ချုပ်များနဲ့ အနီးစပ်ဆုံး မိသားစုဝင်များကို ပညာပေး စေလိုပါသည်။”
“တတိယအချက်ကတော့ တပ်မတော်အတွင်းမှ အရာရှိ စစ်သည်များ၏ နား၊ မျက်စိကို ဖွင့်ပေးရန်နှင့် ဗိုလ်ချုပ်ကြီးများ၏ မကောင်းမှု၊ ယုတ်မာမှု၊ မတရားမှုများကို များများ သိအောင်လုပ်ပေးပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ နှိုးဆော်ပေးရန် ဖြစ်ပါသည်။”
ပထမအချက်ကို ရှင်းလင်းပြောရရင်တော့ ၁၉၉၇ ခုနှစ် ကတည်းက ရရမည့် Gas ဖိုးငွေသည် ထိုင်းအစိုးရက အကြောင်းအမျိုးမျိုးကြောင့် ထိုစဉ်ကမပေးပဲ ၂၀၀၁ ခုနှစ် ထိုင်းဝန်ကြီးချုပ် Thet Sin အာဏာရပြီးမှ Back Date နဲ့ အားလုံးပြန်ရတဲ့ အတွက် US Dollar သန်းပေါင်း ထောင်ချီ၍ SPDC က ရခဲ့ပါသည်။
ဒါကြောင့် သန်းရွှေသည် နေပြည်တော်သစ်တည်ခြင်း၊ ရုရှားက MIG 29 တိုက်လေယာဉ်များ ၀ယ်ယူခြင်း၊ အနုမြူလက်နက် ရရှိအောင် လုပ်လာခြင်း ၊ Guided Missiles များ၊ အမြှောက်ကြီးများဝယ်ယူခြင်းတို့ကို လုပ်နိုင်ခဲ့ကြောင်း အားလုံးအသိပင် ဖြစ်ပါသည်။
ယနေ့ထိတိုင်လည်း Gas မှ US Dollar သန်းပေါင်း ထောင်ချီ၍ ရနေဆဲ ဖြစ်ပါသည်။ ၎င်း Gas မှ ရငွေများကို မြန်မာနိုင်ငံတော် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Bank များသို့ ထည့်သွင်းခြင်းမပြုသလို စာရင်းလဲမသွင်းပါ။ Gas မှ ရငွေများကို မြန်မာဦးပိုင် (Myanmar Holding) ၏ နိုင်ငံခြားရှိ Bank Account တစ်ခုထဲတွင် ထည့်ပြီး ၎င်းငွေများကို သန်းရွှေ၏ ခွင့်ပြုချက်နှင့် သုံးချင်သလိုသုံးနေသည်ကို သိရပါသည်။ ၎င်းငွေများဖြင့် အဓိက စစ်လက်နက်ပစ္စည်းများ၊ အဆင့်မြှင့် လက်နက်နည်းပညာများ ၀ယ်ယူခြင်း နေပြည်တော်တည်ဆောက်ခြင်းများတွင်သာ အများဆုံးသုံးနေပါသည်။ ထို့ကြောင့် ပထမအချက်ကို ထိထိရောက်ရောက် လုပ်နိုင်လျှင် သန်းရွှေ၏ Heart ကိုထိပြီး သန်းရွှေခေတ် ကုန်ဆုံးသွားနိုင်ပါသည်။
ဒုတိယအချက်ကတော့ သန်းရွှေအပါအ၀င် အပေါင်းအပါများဟာ မတရားကြီးပွား ချမ်းသာ စည်းစိမ်များကို ခံစားပြီးနောက် အကြောက်တရားများ ရှိနေကြပါသည်။ ထို့အပြင် သန်းရွှေနဲ့အတူ နိုင်ငံတကာတရားရုံးတင် ခံရပြီး အပြစ်ဒဏ်ခတ် ခံရမှာကို စိုးရိမ်နေကြပါသည်။ ထို့ကြောင့် သူတို့ကို အာခံသူမှန်သမျှအား မျိုးပြုတ်အောင် ဖြုတ်ခဲ့ပါသည်။ ထို့အတူ သူတို့ရဲ့ အမျိုးကို ဖြုတ်မှာကိုလည်း အထူးစိုးရိမ်ပါသည်။
ယခုထိတော့ သူတို့ တန်ပြန် မခံရသေးပါ။ ဒါ့ကြောင့် “မင်းတို့ သူများကို မတရားလုပ်ရင် မင်းတို့ရဲ့ သားသမီး ဆွေမျိုးတွေလည်း ဒုက္ခရောက်မယ်” ဆိုတဲ့ သတင်းစကားကို ပါးသင့်ပါသည်။ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ စင်္ကာပူအပါအ၀င် နိုင်ငံခြားတိုင်းပြည်များကို နံမည်အမျိုးမျိုးနဲ့ ရောက်နေသူ စစ်ခေါင်းဆောင် သားသမီး ဆွေမျိုးများကို ဖေါ်ထုတ်ပြီး ပညာပေးသင့်ပါသည်။ “မီး” ဆိုတာ ကိုယ့်လက်ပေါ်ကျမှ ဘယ်လောက်ပူတယ် သိနိုင်ပါသည်။ ဒါ့အပြင် ၎င်းတို့အတွင်းမှ ကိုယ်ချင်းစာစိတ်ဖြင့် စစ်အာဏာရှင် စနစ်ကို အာခံသူများလည်း ပေါ်ထွက် လာနိုင်ပါသည်။
တတိယအချက်ကတော့ နှစ်ပေါင်းများစွာ မှိုင်းမိ၊ မှိုင်းတိုက်ခံရသော တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား ပြည်တွင်း ပြည်ပ မြန်မာပြည်သူ ပြည်သားများမှ အလင်းရောင်များ မြင်လာစေဖို့ မျက်စိဖွင့်ပေးကြရန် ဖြစ်ပါသည်။ အထူးသဖြင့် သန်းရွှေနှင့် စစ်တပ်ကို ခွဲပြီး မြင်ပေးကြဖို့ ဖြစ်ပါသည်။ သို့မှသာ စစ်တပ်ကို လက်ကိုင်ပြုနေသော စစ်အာဏာရှင်တစ်စုကို ဖြိုခွဲနိုင်ပေမည်။
အထက်ပါအချက် (၃) ချက်ကို တတ်နိုင်တဲ့ဘက်က အားလုံး ထိထိရောက်ရောက် ၀ိုင်းဝန်း ဆောင်ရွက်ပေးနိုင်ပါလျှင် တပ်မတော်သည် ပြည်သူလူထုနှင့် ပူးပေါင်းပြီးနောက် သန်းရွှေနဲ့ အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းသွားမည်လို့ မြင်ပါသည်။ တပ်မတော်အတွင်းမှ မတရားမှုကို ခေါင်းငြိမ့်မခံလိုသော အရာရှိစစ်သည်များမှ သန်းရွှေကို အားလုံး အာခံလာအောင် ၀ိုင်းဝန်းအားပေး ကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပြောကြားလာပါသဖြင့် ကျွန်တော်မှ ၎င်းတို့ ကိုယ်စား တင်ပြလိုက်ရပါသည်။
http://www.photayokeking.org/ မှပြန်လည်ဖေါ်ပြသည်။
Rest of your post
No comments :
Post a Comment