Friday, 15 May 2009

ဒေါ်စု ဖမ်းဆီးမှု ပြည်ပရောက် မြန်မာများ ကန့်ကွက်ဆန္ဒပြ


ဖိုးဇော်၊ မျိုးသိဏ်း
သောကြာနေ့၊ မေလ 15 2009 23:07 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်တွင် ယမန်နေ့မှ စတင်ကာ ချုပ်နှောင်ခံရသူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြည်ပရောက် မြန်မာများက ယမန်နေ့မှ စတင်၍ သက်ဆိုင်ရာ မြန်မာစစ်အစိုးရ သံရုံးများရှေ့တွင် ဆန္ဒပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်သို့ ပို့ဆောင်ဖမ်းဆီးလိုက်သဖြင့် လန်ဒန်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှားရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဆန္ဒပြပွဲများ ကျင်းပနေကြခြင်း ဖြစ်သည်။

ယမန်နေ့က လန်ဒန်မြို့တွင် ကျင်းပသည့် ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (လန်ဒန်) က ဦးဆောင်ကျင်းပပြီး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၁ဝဝ ကျော်ခန့် ပါဝင်ခဲ့ကြသည်။

''ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထောင်ချဖို့ ကြိုးစားတာကို လန်ဒန်ရောက် ဒီမိုကရေစီ ဘက်တော်သားတွေက ကန့်ကွက်တဲ့အနေနဲ့ အင်အားပြတယ်။ ချုပ်နှောင်ထားတဲ့အပေါ် အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်'' ဟု အဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းနိုင်က ပြောသည်။

မြန်မာသံရုံးရှေ့တွင် ဆန္ဒပြပြီးနောက် နိုင်ငံခြားရေးဌာန၊ ဗြိတိသျှပါလီမန်နှင့် ဓနသဟာရ နိုင်ငံများ ရုံးဆီသို့ ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

ဒေါက်တာဝင်းနိုင်က ''မေလ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ အချိန်ရောက်နေတာကို မလွှတ်ချင်တဲ့အတွက် ပြဿနာ ရှာတာပါ။ ဒီလောက် လုံခြုံရေးတွေ ချထားတဲ့ ကြားထဲက အမေရိကန် နိုင်ငံသားက အိမ်ထဲ ရောက်တယ်ဆိုတာက မတရား ဉာဏ်ဆင်တာပါ'' ဟု ဆိုသည်။

ဆန္ဒပြသူများက နိုင်ငံခြားရေးနှင့် ဓနသဟာရ နိုင်ငံခြားရေးဝန်ကြီး David Wright Miliband ထံ အိမ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ကြသည်။

ပေးစာထဲတွင် ဒေါ်စုအား မတရား ဖမ်းဆီးချုပ်နှောင်ထားသည်မှာ နေအိမ်အကျယ်ချုပ် ထပ်မံတိုးမြှင့်လိုသည့် လုပ်ရပ်ဖြစ်သည့်အပြင်၊ နိုင်ငံခြားသားတဦး နေအိမ်အတွင်း ဝင်ရောက်ခဲ့ခြင်းတွင် ဒေါ်စု၌ တာဝန်မရှိဘဲ၊ လုံခြုံရေးများတွင်သာ တာဝန်ရှိကြောင်းနှင့် ဒေါ်စု အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဥရောပသမဂ္ဂ၊ အာဆီယံ၊ ကုလနှင့် တိုင်ပင်ကာ ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် စစ်အစိုးရထံ တောင်းဆိုစေလိုကြောင်း ပါရှိသည်။

အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (ဂျပန်) မှ ဦးဆောင်ကာ ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သည်။

''အန်တီစုကို ဖမ်းဆီတဲ့ အပေါ်မှာ မတရားဘူး၊ ဥပဒေနဲ့ ရုံးတင်စစ်ဆေးမယ်ဆိုတာက ဥပဒေမဲ့လုပ်ရပ် ဖြစ်လို့ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားရေး အဖွဲ့ပေါင်းစုံက တိုကျို မြန်မာသံရုံးရှေ့မှာ မနေ့မနက်ကတည်းက ဆန္ဒပြခဲ့တာပါ'' ဟု အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုဝင်းအောင်က ပြောသည်။

ယနေ့တွင်လည်း မြန်မာသံရုံးရှေ့၌ပင် နံနက် ၁ဝ နာရီမှာ ညနေ ၄ နာရီအထိ ဆန္ဒပြခဲ့ရာ တိုင်းရင်းသား အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၃ဝ ကျော်မှ လူဦးရေ ၂ဝဝ နီးပါး တက်ရောက်ခဲ့သည်။

ကိုဝင်းအောင်က ''ဥပဒေမဲ့ ဖမ်းဆီးပြီး တရားစီရင်တဲ့ လုပ်ရပ်အပေါ် အကြွင်းမဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအပေါ်မှာ အထူး စိုးရိမ်နေရတယ်။ ပြီးတော့ ဂျပန်နိုင်ငံအစိုးရရယ်၊ အပြည်ပြည်ဆိုင်ရာကနေ စစ်အစိုးရရဲ့ မတရားလုပ်ရပ်အပေါ်မှာ အကြွင်းမဲ့ ဟန့်တားကန့်ကွက်ပေးဖို့ တောင်းဆိုထားတယ်'' ဟု ပြောသည်။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြခွင့် ရရှိရေးအတွက် အာဏာပိုင်များအား ၄၈ နာရီ ကြိုတင်အကြောင်းကြားရလေ့ ရှိသော်လည်း ယမန်နေ့က ထောင်သို့ ရုတ်တရက် ပြောင်းရွှေ့ ဖမ်းဆီးကြောင်း သိရသဖြင့် အကြောင်းကြားနိုင်ခြင်း မရှိတော့ဘဲ ရုံးချိန်အတွင်း လုပ်ငန်းခွင်မှ ရပ်နားကာ ကိုရီးယား ဥပဒေအတိုင်း တဦးချင်း တန်းစီချီတက်ကာ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူ ၃ဝ ခန့်က ဒေါ်အောင်ဆန်းစုကြည်အား အမြန်လွှတ်ပေးရန်၊ မတရား အမှုဆင် ဖမ်းဆီးမှုအား ချက်ချင်း ရပ်တန့်ပေးရန်နှင့် မတရားသော အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကားချပ်များကို ကိုင်ဆောင်ကာ ခြွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရန် ကြွေးကြော်ပြီး နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ဆန္ဒပြခဲ့သည်။

မလေးရှားရောက် မြန်မာများကလည်း ယနေ့ နံနက် ၁ဝ နာရီမှ ၁ဝ နာရီခွဲအထိ မြို့တော် ကွာလာလန်ပူရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား)၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (MLD) နှင့် မလေးရှားရောက် မြန်မာလုပ်သား ၁ဝဝ ခန့် စုပေါင်းပါဝင်ကျင်းပခဲ့ကြသည်။

မနက်ဖြန်တွင် အိန္ဒိယနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် အခြား နိုင်ငံတကာရောက် မြန်မာများကလည်း ဆန္ဒပြပွဲများ ကျင်းပသွားရန် စီစဉ်နေကြောင်း သိရှိရသည်။


Rest of your post

No comments :