Friday, 29 May 2009

အင်္ဂလိပ်စာလုံးပေါင်းပြိုင်ပွဲ (National Spelling Bee )


-ပက်ထရစ်ရှာလင်း-

မနေ့က ABC ရုပ်မြင်သံကြား အသံလွှင့်ဌာနကနေ ၈ တန်းကျောင်းသူကျောင်းသားလေးများ ယှဉ်ပြိုင်ကြသော ၈၂ ကြိမ်မြောက် အင်္ဂလိပ်စာလုံးပေါင်းပြိုင်ပွဲ (National Spelling Bee ) နောက်ဆုံးနေ့ ကို ရုပ်မြင်သံကြားကနေ နိုင်ငံအ၀ှမ်းမှာ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားခဲ့တယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကလေးငယ်တွေဟာ ၉ နှစ်ကနေ ၁၅ နှစ် အရွယ်လေးတွေ ဖြစ်ကြတယ်။ National Spelling Bee ကို ၁၉၂၅ ခုနှစ်က ကတည်းက စတင်ကျင်းပ ခဲ့ကြတယ်။ ဒီနှစ်မှာတော့ ရုပ်မြင်သံကြား အစီအစဉ်များ၊ ရုပ်ရှင်တော်တော်များမှာ ကြိုတင် ပြသကြော်ညာထား တာကြောင့် ဒီနှစ်အင်္ဂလိပ်စာလုံးပေါင်း ပြိုင်ပွဲ ကို အမေရိကန် မိဖတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရုပ်မြင်သံကြားကြည့်ရှု့ သူတွေ အပြင် တကမ္ဘာလုံးက အထူးပဲ စိတ်ဝင်တစားရှိခဲ့ကြတယ်။

ဒီနှစ်ပြိုင်ပွဲကို ၈ တန်းကျောင်းသူကျောင်းသား ၂၉၃ ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ ယှဉ်ပြိုင်မှု ၁၅ ကြိမ်တိုင် အဆင့်ဆင့် ပြိုင်ဆိုင်ခဲ့ကြရတယ်။ ဒီနှစ်မှာ ထူးခြားတာက ယှဉ်ပြိုင်သူ ၁၁၇ ယောက်ဟာ အင်္ဂလိပ်စာအပြင် အိန္ဒိယ၊ တရုတ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီ၊ စတဲ့ အခြားနိုင်ငံများရဲ့ ဘာသာစကားတွေကို နှိုက်နှိုက်ချွတ်ချွတ် ပြောဆိုနိုင်ကြပြီး၊ ၃၃ ယောက်ဟာ အင်္ဂလိပ်စကား ကို သူတို့ရဲ့ ပထမ ဘာသာစကား အဖြစ်ပြောဆိုသူတွေ မဟုတ်ပါဘူး။ အာရှ ကလေးငယ်တွေ ကို အများကြီးတွေ့ခဲ့ရလို့ ကျမလည်း မြန်မာပြည်က ကလေးငယ်တွေများ ပါလာမလားလို့ စောင့်ကြည့်မိခဲ့ပါသေးတယ်။

ပထမ ဆု ဆွတ်ခူးသွားသူကတော့ ကန်းန်စပ်ပြည်နယ် ( Kansas) က အသက် ၁၃ နှစ်အရွယ် ၈ တန်း ကျောင်းသူလေး အိန္ဒိယနွယ်ဖွား ကယ်ဗီယာ ရှီဗာရှန်းကား Kavya Shivashankar ဆိုသူလေးဖြစ်တယ်။ သူမလေးဟာ အင်္ဂလိပ်စာလုံးပေါင်းပြိုင်ပွဲ (National Spelling Bee ) ကို ယခင်က နောက်ဆုံးကြိမ်အဆင့် ထိ ၄ ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ဘူးသူလေးလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ တော့ သူမဟာ အေးအေးဆေးဆေး ပြုံးပြုံးရွှင်ရွှင် တည်တည်ငြိမ်ငြိမ် စာလုံးတွေကို ပေါင်းနိုင်ခဲ့တယ်။



သူမနောက်ဆုံးနေ့ မှာ ပေါင်းခဲ့ရတဲ့ စာလုံးတွေဟာ အမတန်ကို ခက်ခဲခဲ့ပေမဲ့၊ သူမအတွက်ကတော့ မပေါင်းပြခင်ကတည်းက ကြိုတင်သိရှိနေသလို ဖြစ်နေတယ်။ သူမပေါင်းခဲ့ရတဲ့ အင်္ဂလိပ်စာလုံးတွေကတော့ " blancmange”, “kurta” , “baignoire”, “huisache”, “ecossaise”, “bouquiniste”, “isagoge”, “ergasia”, “escritoire” , “phoresy," "hydrargyrum" and "huisache," စတဲ့ ခက်ခဲတဲ့စာလုံးတွေဖြစ်ခဲ့ပြီး၊ "laodicean ကို နောက်ဆုံးပေါင်းပြပြီး၊ ပြိုင်ဖက်တွေကို အနိုင်ယူသွားခဲ့တယ်။ သူမလေးဟာ အိန္ဒိယအက၊ တယောထိုးခြင်း၊ ရေကူခြင်းတွေ၊ စက်ဘီးစီးခြင်းတွေ ကို ၀ါသနာပါကြောင်း သူမရဲ့ ၀က်ဆိုက် ( Website) မှာဖော်ပြထားပါတယ်။ အနိုင်ရသွားအပြီး ABC ရုပ်မြင်သံကြား နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေကျပြီး ဥဏှောက်နှင့် အာရုံကြောခွဲစိတ်ကုသပေးတဲ့ ပါရဂူမလေး ဖြစ်ခြင်ပါတယ်လို့ သူမကို အားပေးနေတဲ့ ပရိသတ်တွေကို ပြောဆိုခဲ့တယ်။ ဆေးပညာ စာလုံးတွေကို စာလုံးပေါင်းနိုင်ရန် လေ့ကျင့်ယင်း ဥဏှောက် နှင့် ဆေးပညာကို အထူးစိတ်ဝင်စားလာခဲ့တယ်လို့ သူမလေးက ပြောဆိုသွားတယ်။

သူမလေးကို အမေရိကန်သမ္မတ အိုဗားမားက အိမ်ဖြူတော် ကိုဖိတ်ခေါ်ပြီး၊ ဂုဏ်ပြု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဇနီး ဒေါက်တာ ဂျေဘိုင်ဒင် လည်းတက်ရောက်ကြည့်ရှု့ အားပေးခဲ့ပါတယ်။ မြန်မာပြည်မှာ မြန်မာစာလုံးပေါင်းပြိုင်ပွဲတွေကို ကျင်းပပေးခြင်းဖြင့် ကလေးငယ်တွေရဲ့ ပညာရေးစိတ်ဝင်စားမှု၊ ဥာဏ်ပညာထက်မြတ်မှုတွေကို တိုးပွားလာစေနိုင်မယ်လို့ ကျမထင်ပါတယ်။ အခုတော့ ပညာသင်ကြားရမည့်သူတွေဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေတာကြောင့် အင်မတန်မှ ၀မ်းနည်းဖို့ကောင်းပါတယ်။

အထူးသဖြင့် အမေရိကန်ရောက်မြန်မာမိသားစုတွေ မိမိတို့ရဲ့ ကလေးငယ်တွေကို ဒီပြိုင်ပွဲကို ကြည့်ရှု့ ဖို့ အားပေးကြပါလို့လည်း ကျမ တိုက်တွန်းစေချင်တယ်။ မိမိတို့ ကလေးတွေ အတုခိုး၊ အားကျကာ အနာဂတ်မှာ ပညာရေးမှာထူးချွန်တဲ့ သူလေးတွေ ဖြစ်လာနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း-


သူမ နှင့် ABC ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းကို ဒီနေရာမှာ ကြည့်ရှု့ နိုင်ပါတယ်။

No comments :