Tuesday, 9 June 2009
ဗီယက်နမ်တက္ကသိုလ် မြန်မာ့ပညာရေးဈေးကွက်ထဲ ၀င်ရောက်
NEJ / ၈ ဇွန် ၂၀၀၉
မြန်မာ့ပညာရေးဈေးကွက်ထဲ ၀င်ရောက်ရန် ဗီယက်နမ်နိုင်ငံ Duy Tan ယူနီဗာစီတီသည် ယခုလ (၆) ရက်နေ့တွင် ရန်ကုန်မြို့ ပါ့သ်ရွိင်ရယ် ဟိုတယ်၌ မိတ်ဆက်ပွဲကျင်းပခဲ့သည်။
အဆိုပါမိတ်ဆက်ပွဲတွင် တာဝန်ရှိသူများ၏ ပြောပြချက်အရ ၎င်းတို့ ယူနီဗာစီတီသည် အမေရိကန်၊ ဥရောပနှင့် အာဆီယံဒေသတွင်းနိုင်ငံများမှ တက္ကသိုလ်ကျောင်းအချို့နှင့် ကျောင်းသားနှင့်ဆရာ အပြန်အလှန် ဖလှယ်သည့် Exchanging Programs အစီအစဉ်မျိုးလည်း ရှိကြောင်း၊ ၎င်းတို့ ယူနီဗာစီတီကို တက်ရောက် အောင်မြင်ပြီးပါက အလုပ်အကိုင် အခွင့်အလမ်း များစွာရနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။
၎င်းတို့၏ ရှင်းပြချက်အရ Accounting, Business Management, Computer Science, Finance စသည့် ဘာသာရပ်များနှင့် တက္ကသိုလ်တက်လိုသူများအတွက် တနှစ် ကုန်ကျစရိတ် ဒေါ်လာ (၃,၅ဝဝ)၊ Medical Doctor ဆရာဝန်ဘွဲ့အတွက် တနှစ် ဒေါ်လာ (၇,၅ဝဝ) ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိတ်ဆက်ပွဲ တက်ရောက်ခဲ့သည့် ကျောင်းသူမိဘတဦးက “ကျမသမီးက (၁ဝ) တန်းဖြေထားတယ်။ အောင်ရင် နိုင်ငံခြားကျောင်း တခုခု ပို့မယ်လို့ စဉ်းစားနေတာ။ ခု ဒီ ဗီယက်နမ် ယူနီဗာစီတီက ကြော်ငြာနဲ့ ဂျာနယ်ထဲက အင်တာဗျူးကို တွေ့တော့ အခြားပြည်ပ ကျောင်းတွေနဲ့စာရင် ဈေးသက်သာတာ တွေ့ရတယ်။ ဒါနဲ့ လာပြီး စုံစမ်းတာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ငွေတတ်နိုင်သည့်မိဘများက ၎င်းတို့သားသမီးများကို နိုင်ငံခြားတက္ကသိုလ်များသို့ ပို့ပြီး ပညာ သင်ကြားစေကြကြောင်း၊ ပြည်တွင်းတက္ကသိုလ်များသည် ဆေးတက္ကသိုလ်ကအစ ယခုနောက်ပိုင်း စာကောင်းကောင်း မသင်တော့ကြောင်း အခြားကျောင်းသားမိဘတဦးက ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာက ဘွဲ့ရပြီးလည်း ထိုက်သင့်တဲ့လစာရတဲ့ အလုပ်တခုရဖို့ မလွယ်ဘူးလေ။ စစ်ဗိုလ်မိဘတွေ တောင် သူတို့သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ကြိုးစားနေကြတာပဲ” ဟု ပြောသည်။
ရန်ကုန်မြို့မှ အငြိမ်းစားတက္ကသိုလ် ဆရာတဦးကမူ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေသည် အရှေ့တောင်အာရှမှာ ပင် အောက်ဆုံးအဆင့် ရောက်နေသည်ကို ယခုကျောင်းမိတ်ဆက်ပွဲက သက်သေပြလိုက်သကဲ့သို့ဖြစ်သည်ဟု ပြောသည်။
“တချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာ လျှမ်းလျှမ်းတောက် တက္ကသိုလ် ဖြစ်ခဲ့ဖူးတယ်။ ဗီယက်နမ်နိုင်ငံဟာ ယခင်က စစ်ဖြစ်ခဲ့ပြီး ဒုက္ခသည်ပေါင်းများစွာနဲ့ ဆင်းရဲမွဲတေတဲ့ နိုင်ငံဖြစ်ခဲ့တယ်။ အခု ဒီနိုင်ငံက တက္ကသိုလ်တခု မြန်မာ့ဈေးကွက်ကို ရောက်လာတာ မြန်မာအစိုးရအနေနဲ့ ရှက်စရာပဲ” ဟု ၎င်းက ပြောသည်။
ပညာရေး နိမ့်ကျနေသည့် မြန်မာနိုင်ငံတွင် အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျတက္ကသိုလ်တို့မှ ကိုယ်စားလှယ် ရုံးခန်းများ ရှိသကဲ့သို့ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် တက္ကသိုလ်တို့၏ အေးဂျင့်များလည်း ရှိနေပြီး ယခု ဗီယက်နမ် တက္ကသိုလ်က နောက်ဆုံး ဝင်ရောက်လာခြင်း ဖြစ်သည်။
at 09:30
Subscribe to:
Post Comments
(
Atom
)
5 comments :
ဘဲနှယ်ဗျာ ဗီယက်နမ် မှာစာသွားသင်ရမယ် သူ့ဟာသူတောင် ချာလဗတ်ရမ်းနေတာ ပညာရေးမှာ ဗီယက်နမ် ကထွန်းသစ်စအဆင့်ရှိတာ သူကမျှဝေပေးဖို့ နောက် ဆယ်နှစ်လောပ်တော့လိုသေးတယ်ထင်တယ် ဈေးပေါတိုင်းမသွားနဲ့ certificate ရပြီး မတတ်ဘဲနေဦးမယ်
program..u r too right...myanmar parents should look more on the future of their children more deeply...going abroad and study is not always the good thing...vietnam??? even singapore private uni cant grantee the job... i wanna laugh..coz some of my Vietnamese frdz have been leaving their country to study abroad....at that time, myanmar students are planning to go to vietnam to study??? what a joke!!!
တက္ကသိုလ် ဆရာတယောက် သူပြောတာအရမ်းမှန်ပါတယ်ဗျာ။ ဘယ်နယ်ဗီယက်နမ်လို နှိင်ငံကတောင်လာရဲတယ်ဆိုမှတော့မြန်မာနှိင်ငံပညာရေးကတော့ မြောင်းထဲမှာပဲ . ရှက်စရာကောင်းလိုက်တာ
ဟုတ်တယ်ဗျ။ ဘွဲ့ရပြီးဘာမှသုံးစားလို့မရပဲနေဦးမယ်။ ထိုင်းလိုသူ့ထက်သာတဲ့တိုင်းပြည်တောင်တကယ်တန်း
ပညာရေးမှာမမှီသေးဘူး။ထိုင်းမှာအဲဒီနိုင်ငံကကျောင်းသား
တွေစာလာသင်နေတာအများကြီးပဲ။ဒါဆိုသဘောပေါက်။
မိဘတွေပိုက်ဆံကုန်၊ကလေးတွေအချိန်ကုန်တာပဲ
အဖတ်တင်မယ်။ကျွန်တော်တော့အားမပေးဘူး။
ဈေးပေါတာအကြောင်းရှိတယ်လေ။
တတ်နိုင်ဘူးလေ ဈေးနှုန်းလေး တော်ရုံသင့်ရုံနဲ့ လူရိုသေ ရှင်ရိုသေ အလုပ်လေးများ ရဖို့ အာမခံချက်ရှိတယ်ဆိုရင်တော့ သွားကြမှာပဲ။ ရွှေပြည်တော်က ပညာရေးကတော့ အားလုံးသိတဲ့အတိုင်းပဲ။ နအဖဗိုလ်ချုပ်တွေ ဆေးကုရင်တောင် မြန်မာဆရာဝန်နဲ့ မကုတော့ဘူး။ အနည်းဆုံးတော့ စင်္ကာပူပဲ။ ဗီယက်နမ်လည်းမြန်မာထက် သာသလိုလိုရှိတယ်ဆိုရင်တော့ သွားကြဦးမှာပဲ။ တားလို့လည်း ရ မထင်ပါဘူးဗျာ။
Post a Comment