ကျော်သိင်္ခ
ဇွန်လ ၁၆ ရက်
ဇွန်လ ၁၁ ရက်နေ့ ထိုင်းနိုင်ငံထုတ် “The Nation” သတင်းစာမှ Supalak Ganjanakhundee ၏ “Reasons why Thailand can’t push Burma too far”ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ မူရင်းသတင်းကို ဤနေရာတွင် နှိပ်၍ဖတ်ရှုနိုင်ပါ သည်။
မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီထွန်းကားရေး နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးတိုးတက် ပြောင်းလဲ ရေးကို သာမက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို ဘာကြောင့် တွန်းအားမပေးနိုင်သလဲဆိုတာ အနည်းဆုံး အကြောင်းပြချက် လေးမျိုးရှိပါတယ်။
ပထမဆုံးအချက်ကတော့ လက်ရှိ ထိုင်းနိုင်ငံထဲမှာ အုပ်ချုပ်နေတဲ့ ဒီမိုကရက်ပါတီ အစိုးရဟာ ထိုင်းပြည်သူတွေအားလုံးရဲ့ အာဏာကုန်လွှဲအပ်ထားခြင်းကို မခံရလို့ပါဘဲ။ ဒီမိုကရေစီရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ စကားလုံးကို ပြောနေဖို့တောင် မလိုပါဘူး။ ထိုင်းအစိုးရအနေနဲ့ ဘယ်နိုင်ငံရဲ့ စစ်အစိုးရကိုမှ သွားပြီး အမိန့်ပေးလို့လည်း ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကိုယ်တိုင်ကတောင် ညွှန့်ပေါင်းအဖွဲ့ ဖွဲ့ခဲ့စဉ်အချိန်ကတည်းက ထိုင်းစစ်တပ်အထက်ပိုင်း အရာရှိတွေရဲ့ အကူအညီနဲ့ မကင်းခဲ့တဲ့အတွက်ကြောင့်ပါ။ ယခုလက်ရှိ ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဖာဇီဝ က သူ့အနေနဲ့ အာဏာရဖို့အတွက် စစ်တပ်အထိပ်ပိုင်းက အရာရှိတွေကို ဘယ်လို ပေးဆပ်ခဲ့ရတယ်ဆိုတာကို သူကိုယ်တိုင်ကောင်းကောင်း သဘောပေါက်ပါတယ်။
ထိုင်းပြည်သူလူထုတွေဟာ သူတို့နိုင်ငံရဲ့ အရပ်သားအစိုးရနဲ့ ပြဿနာတွေ ဖြစ်တဲ့အခါတိုင်း စစ်တပ်ကို ပါဝင်ပြီးစွက်ဖက်စေ ချင်ကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဘဲ ထိုင်းနိုင်ငံအတွင်းမှာ နောက်ဆုံးအကြိမ် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါသေးတယ်။ သို့သော် ထိုင်းစစ်အာဏာရှင်စနစ်ဟာ ၂၀၀၇ ခုနှစ်မှာဘဲ အဆုံးသတ်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ပါဝင် ပက်သက်ခြင်းမရှိဘူးလို့ ဘယ်သူကမှ ပြောလို့မရနိုင်ပါဘူး။ ဒါကို ယခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရလက်ထက်မှာဘဲ အထင် အရှား တွေ့မြင်နိုင်ပါတယ်။
အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုတဲ့ ဒီနိုင်ငံရေး စကားလုံးတစ်လုံးကို ဒီထိုင်းအစိုးရ ဘယ်လိုမှ အသုံးမချတတ်သေးပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အ၀ါရောင်ဝတ်တွေ နဲ့ အနီရောင်ဝတ်တွေကိုတောင်မှ သင့်မြတ်အောင်မလုပ်နိုင်မှတော့၊ ဒီထက်ပိုဆိုးတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာကို ထိုင်းအစိုးရအနေနဲ့ ထင်မြင်ချက်မပေးတာက ပိုကောင်းပါလိမ့်မယ်။
ကစဥ့်ကလျား ဖြစ်နေတဲ့ မြန်မာပြည်အခြေအနေက ထိုင်းနိုင်ငံထက်ပိုပြီးဆိုးနေတယ်ဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ မြန်မာပြည်အရေးကိစ္စမှာက နိုင်ငံရေးပြဿနာတွေတင် မကပါဘူး။ လူမျိုးရေးပြဿနာတွေကလည်း ရှိနေပါသေးတယ်။
ဒုတိယအချက်ကတော့ လက်ရှိအာဏာရထားတဲ့ ထိုင်းအစိုးရအဖွဲ့ဝင်တွေအနေနဲ့ကလည်း သူတို့ရဲ့ အတိုက်အခံအဖွဲ့အစည်း အုပ်စုတွေအနေနဲ့ နောင်မှာဘာတွေဆက်ပြီး လုပ်လာမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တောင်မသိသေးပါဘူး။ ထိုင်းအစိုးရက သူ့ရဲ့အတိုက်အခံပါတီတွေအနေနဲ့ မြန်မာစစ်အစိုးရကို တိုက်နေတဲ့အပေါ်မှာလည်း အယုံအကြည် မရှိဘူး ဖြစ်နေတယ်။
အဲဒီကိစ္စနဲ့ပက်သက်ပြီး ကောက်ချက်ချရရင်တော့ လက်ရှိထိုင်းအစိုးရက ဗမာစစ်အစိုးရနဲ့ အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကြားမှာ ကြားနေ၀ါဒ အနေနဲ့ဘဲ ရှိနေမှာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရွန်ယာ ကလည်း သူ လက်ရှိရာထူးမှာ စပြီးတာဝန်ထမ်းဆောင်စဉ် ကာလကတည်းက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသား အုပ်စုတွေကို စစ်အစိုးရရဲ့ လမ်းကြောင်းကို လိုက်ဖို့ အကြိမ်ပေါင်း များစွာ စကားပြောခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလို တိုက်တွန်းချက်တွေဟာ စစ်အစိုးရအတွက် အများကြီး အကူအညီဖြစ်စေပြီး၊ စစ်အစိုးရအတိုက်အခံ အင်အားစုတွေအတွက် အားလျော့စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ နှင့် ချိတ်ဆက်ပြီး မြန်မာ့အရေးမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတဲ့ ထိုင်းလူမျိုး အနည်းငယ်ဘဲ ရှိပါတယ်။ လက်ရှိ အာဏာရ ထိုင်း ဒီမိုကရက်ပါတီက အမျိုးသမီး အဖွဲ့ဝင် အချို့နဲ့ အရှေ့တောင်အာရှ စာပေဆုချီးမြှင့်ခြင်း ခံထားရတဲ့ စာရေးဆရာ Jiranan Pitpreecha တို့လောက်ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်လောက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖူးခဲ့ကြတာပါ။ ထိုင်းနိုင်ငံ တီမာဆက် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား သူမရဲ့အသက် ၆၀ ပြည့်တဲ့ အချိန်မှာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ သို့သော်လည်း အခုလို မြန်မာ့အရေးမှာ ထိုင်းဘက်က ဒီလောက်လေး ပါဝင်တာလောက်က ဘာမှ မဆိုစလောက်လေးပါ။ ထိုင်းနိုင်ငံအတွင်းက အင်အားကြီးတဲ့ ဘယ်အုပ်စုကမှ ဒေါ်အောင်ဆန်းစုကြည် ကိစ္စအပေါ်ကူညီပေးဖို့ ထိုင်းအစိုးရကို တွန်းအား မပေးနိုင်ခဲ့ပါဘူး။
တတိယ အချက်အနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေပေါ်မှာ အားကိုးနေရတဲ့ အတွက်ကြောင့်ပါပဲ။ တက်လာသမျှ ထိုင်းအစိုးရ၊ ဘယ်အစိုးရဘဲဖြစ်ဖြစ် မြန်မာစစ်အစိုးရကို စိန်မခေါ်ဝံ့ပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်အစိုးရကို ဒေါသထွက်အောင်လုပ်ရင် သူတို့ စီးပွားရေးတွေမှာလည်း အကုန်ဒုက္ခများသွားမယ်ဆိုတာကို ထိုင်းအစိုးရက သိထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တခြားနိုင်ငံတွေက မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့တဲ့အခါမှာလည်း ထိုင်းအစိုးရက ပါဝင်ပက်သက်ခြင်း မရှိခဲ့ပါဘူး။ အဓိက အကြောင်းအရင်းကတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တဲ့အထဲမှာပါလိုက်ရင် သူ့နိုင်ငံရဲ့ စီးပွား ရေးကိုပါ တိုက်ရိုက်ထိခိုက်သွားမှာ စိုးတဲ့အတွက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာ လုပ်ငန်းကို ပြန်ပြီး သုံးသပ် ကြည့်မယ်ဆိုရင်၊ ဥပမာ - ၂၀၀၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာတွေ တင်သွင်းခွင့် ပိတ်ပင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့အခါက ဖြစ်ပါတယ်။ ထိုအချိန်က ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာ တင်သွင်းတဲ့ လုပ်ငန်းဟာလည်း အကြပ်ရိုက်ခဲ့ပါတယ်။ အကြောင်းကတော့ ထိုင်းနိုင်ငံထဲကို ပြည်ပမှ တင်သွင်းတဲ့ ကျောက်မျက်ရတနာ တွေထဲမှာ မြန်မာနိုင်ငံက ကျောက်မျက်တွေ ပါဝင်နေလို့ပါဘဲ။ ပတ္တမြား နဲ့ အခြား မြန်မာ့ ကျောက်မျက်တွေဟာ ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ဈေးကွက်ထဲမှာ ၂၀ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေလို့လည်း ဖြစ်ပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံမှ ကျောက်မျက်တင်သွင်းခြင်းကို ပိတ်ပင်သည့် ဥပဒေကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ မှာ ထုတ်ပြန်ပြီးနောက်ပိုင်းကနေစပြီးတော့ ၂၀၀၈ ခုနှစ် စတုတ္ထပတ်မှာ ထိုင်းနိုင်ငံက အမေရိကားသို့ ကျောက်မျက်တင်သွင်း သည့် ပမာဏဟာလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာနမှ လာတဲ့ သတင်းအချက်အလက်အရ ပြီးခဲ့သည့် နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံက အမေရိကားသို့ တင်သွင်းသည့် ကျောက်မျက်ပမာဏဟာ ၃၅.၁၉ ရာခိုင်းနှုန်းအထိ ထိုးကျသွားပါတယ်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပက်သက်မှုမှာ ကျောက်မျက်တစ်ခုတည်းတင် မဟုတ်သေးပါဘူး။ ထိုင်းအစိုးရက မြန်မာနိုင်ငံ နှင့် ဓာတ်ငွေ့ပိုက်လိုင်သွယ်ပြီး ရတနာ နှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့တွင်းတို့မှ တစ်နေ့ကို သဘာဝဓာတ်ငွေ့ တစ်ဘီလီယံ ကုဗပေကို တင်သွင်းနေပါတယ်။ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးက သုံးစွဲတဲ့ သဘာဝဓာတ်ငွေ့ပမာဏ၏ ၂၀ ရာခိုင် နှုန်းဟာ ဗမာပြည်ကနေ တင်သွင်းတာ ဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၂၀၀ ကျော်ကျော် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ထို နယ်နိမိတ်များမှလည်း မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဖြတ်ကျော်ပြီး ၀င်ရောက်လာခြင်း နှင့် လူကုန်ကူးခြင်းမှ အစ နိုင်ငံရေးပရိပက္ခတွေအဆုံး ပြဿနာတွေလည်း ရှိနေပါသေးတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နယ်စပ်အရေးကိစ္စမှာ ထိုင်းအစိုးရကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သိနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ မြန်မာစစ်တပ် နှင့် ကေအင်န်ယူတို့ ထိုးစစ်ဆင်မှုကြောင့် အနည်းဆုံး စစ်ပြေးဒုက္ခသည် သုံးထောင်လောက် ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့ကြပြီး၊ ယခုဆိုလျှင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်ပေါင်း တစ်သိန်းတစ်သောင်း ရှိပါပြီ။ အဲဒီအချိန်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ယူထားတဲ့ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စနှင့်ပက်သက်ပြီး စစ်အစိုးရအပေါ် ထုတ်ပြန်ချက် ထုတ်ပြန်တဲ့အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ယခုလိုမျိုး အခက်အခဲတွေကိုတောင် မကျော်လွှားနိုင်သေးရင်၊ ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စမှာ လည်း ၀င်ပြီးကူညီနိုင်ဖို့ အလွန်ကို အလှမ်းဝေးနေဦးမှာပါ။
Wednesday, 17 June 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment