-မြတ်စိုး-
ပြင်သစ်ကိုလိုနီ ကျွန်းနိုင်ငံဖြစ်တဲ့ ကွန်မိုယိုးစ် ကို ခရီးသည် ၁၅၃ ယောက် သယ်ဆောင် ပျံသန်းသွားတဲ့ ယီမင်နိုင်ငံပိုင် Airbus 310 ခရီးသည်ဂျက်လေယာဉ် ဟာ အင်္ဂါနေ့က ကွန်မိုယိုးစ် ကမ်းခြေ မြောက်ဖက် ၉ မိုင်အကွာ၊ မိုရိုနီလေဆိပ်မှ ၂၁ မိုင်ကွာဝေးသော အိန္ဒိယသမုဒ္ဒရာ ထဲကို ထိုးဆင်းပျက်ကျသွားခဲ့တယ်။ ဘာကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတာ သတင်းအချက်အလက် အသေးစိတ် မသိရှိရသေးပေမဲ့ ၊ လေယာဉ်ရဲ့ ခရီးသွား သတင်းအချက်အလက် တွေ ကို အသံသွင်းဖမ်းယူထားတဲ့ Black Box တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ပြင်သစ်တာဝန်ရှိ သူတွေက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အသံသွင်းဖမ်းယူထားတဲ့ Black Box မဟုတ်ပါဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန က ဒီနေ့ပဲ အတည်ပြုပြောဆိုသွားခဲ့တယ်။
Airbus 310 ခရီးသည် ဂျက်လေယာဉ်အမျိုးအစား ဟာ ဇွန်လ ၉ ရက် နေ့ မကြာသေးခင် ကပဲ အတ္တလန်တိတ်သမုဒ္ဒရာထဲ ထိုးကျပျက်စီးခဲ့တာကြောင့် ခရီးသွားလုံခြုံရေးအတွက် အထူးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းခံနေရတယ်။ လှိုင်းလေ ပြင်းထန်မှု နှင့် လေပြင်း မုန်တိုင်း တိုက်ခိုက်မှုတွေ ဟာ နှစ်စင်းစလုံး ပျက်ကျခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြတယ်။
ဒီလေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါသွားတဲ့ ခရီးသည် ၁၅၃ ယောက်အနက် အသက် ၁၄ နှစ် ဆယ်ကျော်သက်ရွယ်လေး Bahia Bakari ဘာရှီယာ ဘာကာရီ တစ်ယောက် အိန္ဒိယ သမုဒ္ဒရာထဲ ၁၃ နာရီ ကျော် ( 1:30 am to 3:00 pm) ကြာ မျော်နေရာကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြင်သစ်အစိုးရ က ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။ သူမလေးဟာ လေယာဉ်ပေါ်ကနေ ခုန်ချခဲ့ပြီး၊ လေယာဉ် အပျက်အစီး တစ်ခုကို ဖက်တွယ်ကာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ၁၃ နာရီ ခန့် အံသြထူးခြား လောက်အောင် အသက်ရှင်သန် ပြီး မျော်ပါနေခဲ့တယ်လို့ဆိုတယ်။ ဘာရှီယာ ဘာကာရီ နှင့် သူမ မိခင်ဟာ ပြင်သစ်ကနေ ဆွေမျိုးတွေရှိရာ ကွန်မိုယိုးစ် ကျွန်းနိုင်ငံကို နွေရာသီသွားရောက် အပန်းဖြေသွားရောက်ခဲ့ တာလို့ဆိုတယ်။ သူမ ဖခင်က ဘာရှီယာ ဘာကာရီ လေးဟာ ကိုယ်ခန္ဓာ သေးငယ်ပြီး၊ ရေ အနည်းငယ်သာ ကူးတက်တယ်လို့ ဆိုတယ်။ သူ့ရဲ့ သမီးလေးဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အသက်ရှင်သန် လာခဲ့ရတယ်လို့ ပြင်သစ်ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်း မှာ ပြောဆိုသွားပါတယ်။ ၁၉၈၇ ခုနှစ် အမေရိကန် နိုင်ငံ မီချီကန်ပြည်နယ် Detroit မြို့ မှာ Northwest Flight 255 ပျက်ကျသွားခဲ့စဉ်က လေယာဉ်ပေါ်မှာ ပါလာသူ ၁၅၆ ယောက် သေးဆုံးသွားသော်လည်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ဟာ အံသြဖွယ် အသက်ရှင်သန်ခဲ့ဘူးပါတယ်။
ဆယ်ကျော်သက်ရွယ်လေး Bahia Bakari ဘာရှီယာ ဘာကာရီ ရဲ့ အဆိုရ လေယာဉ် သမုဒ္ဒရာထဲထိုးကျသွားခဲ့စဉ်က လေယာဉ် အနီး လူသံတွေဆူညံအောင်ကြားနေရသော်လည်း မှောင်မိုက်နေတဲ့ အတွက် ဘာမှာ သဲသဲကွဲကွဲ မမြင်ခဲ့ရဘူးလို့ ဆိုတယ်။ သူမလေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်မှာ ချိနဲ့နေပြီး၊ မလှုပ်ရှားနိုင်တော့ဘူးလို့ ကယ်ဆယ်သူတွေက ပြောဆိုခဲ့တယ်။ သူမ မျက်နှာဟာ ထိခိုက်ပွန်းရှ ပြီး အညိုအမည်း စွဲနေတယ်လို့ ဆေးရုံမှာ သူကို တွေ့ခဲ့တဲ့ အေပီသတင်းထောက်တစ်ဦး က ပြောဆိုခဲ့တယ်။ လေယာဉ်ပေါ်မှာ ပြင်သစ်နိုင်ငံ သား ၆၆ ယောက် ပါရှိတယ်လို့ ပြင်သစ်အစိုးရက အတည်ပြုပြောဆိုခဲ့တယ်။
ပျက်ကျသွားတဲ့ လေယာဉ် သက်တမ်းဟာ ၁၉ နှစ် ရှိ ပြီး၊ ၁၉၉၀ ခုနှစ်ကတည်းက ပျံသန်းတဲ့ နာရီပေါင်း ၅၁,၉၀၀ ရှိခဲ့တယ်လို့သိရတယ်။ ၁၉၉၉ ခုနှစ် ကစ၍ ယီမင်နိုင်ငံပိုင်လေကြောင်း လိုင်းမှာ ပျံသန်းခဲ့တယ်လို့ဆိုတယ်။ ယီမင်လေကြောင်းလိုင်းရှိ လေယာဉ်များနဲ့ ပက်သက်ပြီး ကွန်မိုယိုးစ် ခရီးသွားသူ တွေဟာ လေယာဉ် အတွင်း လူများပြည့်သိပ်အောင်တင်ဆောင်နေမှု၊ လူသွားလမ်းများမှာ ပစ္စည်းများ ပိတ်ဆို့ တင်ဆောင်မှု၊ လေယာဉ်ခုံများမှာ လုံခြုံမှု ခါးပတ်များ မရှိတော့မှု တွေကို အကြိမ်ပေါင်းများစွာတိုင်ကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။
လေပြင်းမုန်တိုင်းကြောင့် လေယာဉ်ပျက်ကျခဲ့ရတာလို့ ဆိုပေမဲ့၊ ပျက်ကျသွားတဲ့ လေယာဉ်မှာ ပစ္စည်းကိရိယာတချို့ အလုပ်မလုပ်ကြောင်း ၂၀၀၇ ခုနှစ်မှာ ပြင်သစ် လေကြောင်း ထိမ်းသိမ်း ကာကွယ်ရေး အဖွဲ့ စစ်ဆေးခဲ့စဉ်ကတွေ့ရှိ ခဲ့တယ်လို့ ပြင်သစ် သယ်ယူပို့ဆောင်ရေး ၀န်ကြီးက အတည်ပြုပြောဆိုခဲ့တယ်။ ဥရောပ ခရီးသွား သယ်ယူ ပို့ဆောင်ရေး ကော်မရှင် က သူတို့ ရဲ့ စစ်ဆေးချက်အရ လေယာဉ်ဟာ ဥရောပ လုံခြုံမှု စံနှုန်းအားဖြင့် ဘေးအန္တရာယ်ကင်းခြင်း၊ လုံခြုံမှုရှိကြောင်း အတည်ပြုပြောဆိုခဲ့ပေမဲ့၊ ယီမင် နိုင်ငံမှာ ခရီးသည်တွေကို ဘာကြောင့် အခြားလေယာဉ်တစ်စင်းနဲ့ ပြောင်းလဲခဲ့တယ်ဆိုတာ အသေးစိတ်စုံစမ်းမှုတွေကိုဆက်လက် ပြုလုပ်သွားမယ်လို့ဆိုတယ်။ လေယာဉ်ထုတ်လုပ်တဲ့ အဲယားဘတ်စ် ကုမ္ပဏီက ပျက်ကျသွား တဲ့ ယီမင် လေယာဉ်ကို ပြီးခဲ့တဲ့ လ က ပဲ စက်ပစ္စည်း ဆိုင်ရာ နှင့် လုံခြုံစိတ်ချမှုဆိုင်ရာ တွေအတွက် စစ်ဆေးခဲ့ပါသေးတယ်။ သူတို့ရဲ့ စစ်ဆေး တွေ့ရှိချက် အသေးစိတ်တွေကို တော့ လောလောဆယ်မသိရှိရသေးပါဘူး။
လောလောဆယ် ပြင်သစ် စစ်သင်္ဘောတွေ နှင့် ပြင်သစ် စစ်လေယာဉ်တွေဟာ လေယာဉ်ပျက်ကျရာ အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၊ ရှာဖွေရေးလုပ်ငန်းတွေ၊ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေကြပါတယ်။
Wednesday, 1 July 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment