တိုင်းပြည်တိုင်းရဲ့ဟာ မျိုးဆက်သစ် လူငယ်တွေ ရဲ့ လက်ထဲ မှာပဲ ရှိတယ်ဆိုတာ ဘယ်လိုမှငြင်း လို့  မရ ပါ ဘူး။ ဘက်စုံ ဖွံ့ ဖြိုးတိုးတက်တဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံ တစ်ခု တည်ဆောက်ဖို့ အရည်အချင်း ပြည့်မှီတဲ့၊ မျိုးချစ်စိတ် ပြည့်ဝတဲ့၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို လေးစားတန်ဖိုး ထားတတ် တဲ့ လူငယ်တွေ ပေါ်ထွန်းလာဖို့  အင်မတန်အရေးကြီးပါတယ်။
မြန်မာ့ ရာဇ၀င်မှာ အဲ့ဒီလို အရည်အချင်းရှိတဲ့၊ သတ္တိ ဗျတ္တိ နဲ့ ပြည့်စုံတဲ့ လူငယ်တွေ ကပဲ ခေတ်အဆက်ဆက် တိုင်းပြည် လွတ်လပ်ဖို့ ၊ ပြည်သူ၊ ပြည်သား အားလုံး ကောင်းစားဖို့ အမျိုးမျိုး အနစ်နာခံ ကိုယ်ကျိုးစွန့် ပြီး တိုက်ပွဲ ၀င်ခဲ့ကြတာ ဟာ ဂုဏ်ယူ လေးစားစရာ ကောင်းပါတယ်။ အခုလို စိတ်ဓတ် မြင့်မားတဲ့ လူငယ်တွေ ပေါ်ထွန်းလာဖို့ ကလည်း ရှေ့ ကဦးဆောင်တဲ့၊ လူငယ် က လူကြီး ဖြစ် လာတဲ့ မျိုးဆက်တွေ ကပဲ တဆင့် တဆင့် နဲ့  လက်ဆင့် ကမ်း ဦးဆောင် လမ်း ညွှန်မှုပေးသွားကြရ တာပါ။ အင်္ဂလိပ် လက်အောက်မှာ သူ့ ကျွန် ဘ၀ရောက်တုန်းက လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လူငယ်တွေ ကပဲ နိုင်ငံ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ ကြတယ်။ ဒါပေမယ့် ဆရာ သခင်ကိုယ်တော်မှိုင်း တို့ လို ဆရာကောင်းတွေ၊ မျိုးဆက်ဟောင်းတွေ ရဲ့ သွန်သင် ပဲ့ပြင်မှ ၊ လမ်းပြ ဦးဆောင်နိုင်မှုတွေဟာ အရေးကြီးတဲ့ အခန်းက ပါဝင်ခဲ့ ပါတယ်။
အဲ့ဒီလို အင်္ဂလိပ်ခေတ်ကစလို့ အမျိုးသားရေး တက်ကြွတဲ့ လူငယ်တွေ၊ အရည်အချင်း ပြည့်မှီတဲ့ လူငယ်တွေဟာ ဆဲဗင်းဂျုလိုင်၊ မှိုင်းရာပြည့်၊ဦးသန့် အရေးအခင်း စသည်ဖြင့် ခေတ်အဆက်ဆက် အာဏာရှင်စံနစ် နဲ့ မတရား မှုကို ရှေ့ တန်းကနေ ဦးဆောင်ပြီး တွန်းလှန်ခဲ့ ကြပါတယ်။ နောက်ပိုင်း ၈၈ အရေးတော်ပုံ နဲ့ ၉၆ မျိုးဆက်တွေ အထိ အာဇာနည် မျိုးဆက်တွေ အထင်အရှား ရှိနေခဲ့ ပါတယ်။ ဒါပေမယ့် နအဖ၊ န၀တ စစ်အုပ်ချုပ်ရေး အောက်မှာ အရည်အချင်းမှီ၊ စိတ်ဓာတ်မြင့်မားတဲ့ မျိုးဆက်တွေ တဖြည်းဖြည်း နဲ့ တိမ်ကောလာခဲ့ တာကတော့ တိုင်းပြည်အတွက် အင်မတန် မှ ရင်လေးစရာပါ။ ဗိုလ်နေ၀င်း လက်ထက်ကတော့ ကျေုာင်းသားလူငယ် တွေကို လက်နက်အားကိုး ပြီး အသေသတ်ခဲ့ ပေမယ့် စိတ်ဓတ်ရေးရာ နဲ့ အသိညဏ်ပညာ ပိုင်းကိုတော့ အသေမသတ်နိုင် ခဲ့တဲ အတွက် ၈၈ ကမျိုးဆက်သစ် လူငယ်တွေဟာ မဆလ ကို တစ်ခန်းရပ် ချုပ်ငြိမ်းစေခဲ့ ပါတယ်။ ဒ်ီသင်ခန်းစာ ဟာ ဗိုလ်သန်းရွှေ နဲ့ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်တွေ အတွက် သူတို့  ကုလားထိုင် ကို ကိုင်လှူပ်နှိုင်မဲ့ ထက်ထက်မြက်မြက် နဲ့  စိတ်ဓာတ်မြင့်မား တဲ့ မျိုးဆက်သစ်တွေ မပေါ်ထွက်လာဖို့ စနစ်တကျ နဲ့ မျိုးဖျက် စီမံကိန်းတွေ ဆောင်ရွက်ဖို့  ဖြစ်လာခဲ့ ပါတယ်။
စစ်အုပ်ချုပ်ရေး အောက်မှာ ပထမဆုံး ကြုံတွေ့ ရတဲ့ ပြဿနာက မျိုးဆက် ကွာဟမှု ပြဿနာ ပါ။ ၉၆ ကျောင်းသား လှုပ်ရှားမှု နောက်ပိုင်း မှာ တက္ကသိုလ်၊ ကောလိပ် အဆင့် ပညာရေး စံနစ်ဟာ အကန့်  အသတ်မရှိ ရပ်ဆိုင်းချင်း ခံရပြီး ၁၀ တန်းအောင် တဲ့ ကျောင်းသားအရေအတွက် သာတိုးတိုး လာခဲ့ရပါတယ်။ ဒီလိုနဲ့  ၁၀ တန်းအောင်ထားတဲ့ လူငယ်တွေ အနာဂတ်မဲ့၊ ဘ၀ရည်မှန်း ချက်တွေပျောက် ပြီး ဟိုမရောက်၊ ဒီမရောက် ဖြစ်ခဲ့ကြရပါတယ်။ လူငယ်တွေ ရဲ့ တစ်ဦးတစ်ယောက်ချင်း ပျောက်ခဲ့ ရတဲ့ ရည်မှန်းချက်တွေ စုပေါင်းပြီးတော့ တစ်တိုင်းပြည်လုံး အနာဂတ်ပျောက် စစ်ဖိနပ်အောပ်မှာ ကျွန်သက်ရှည်
ဖို့ ဖြစ်ခဲ့ရတော့ တာပါပဲ။ လမ်းပျောက်နေတဲ့ လူငယ်တွေကို လမ်းမှန်ပေါ်တင်ပေးနိုင်တဲ့၊ အတွေးအခေါ်မှန်တွေ ရှင်သန်လာဖို့ နဲ့ စိတ်ဓာတ်ရေးရာ မြင့်မားလာဖို့ သွန်သင်ပဲ့ပြင်နိုင်တဲ့ မျိုးဆက်ဟောင်း ၊ မျိုးဆက်ကောင်းတွေ ဟာ အဲ့ဒီအချိန်တွေ မှာတစ်ချို့ က ပြည်တွင်းမှာ မရှိကြတော့ပါဘူး။
တစ်ချို့ တွေက တောတောင်တွေထဲမှာ အမှန်တရား အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ကြ၊ တစ်ချို့ တွေက ပြည်တွင်းမှာ ရှိသော်လည်း နှစ်ရှည်လများ ထောင်နန်းစံ နေကြရပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ အမှုမထမ်းလိုတဲ့ တစ်ချို့ သော အသိပညာရှင်၊ အတတ်ပညာရှင်တွေကလည်း ပြည်ပကို ထွက်ခွာသွား ကြတဲ့နောက်မှာ စစ်အာဏာရှင်တွေ အတွက် မျိုးဖျက် ဇာတ်သွင်းဖို့  အခြေအနေကောင်း ဖြစ်ခဲ့ပါတယ်။ မဆလ လက်ထက်မှာ ကတည်းက တဖြည်းဖြည်း နဲ့ ကျဆင်းနေတဲ့ ပညာရေး စံနစ်ဟာ န၀တ-နအဖ လက်ထက်မှာ လုံးဝကို မြောင်းထဲကျသွားတော့ တာပါပဲ။ အမည်ခံ ဘွဲ့ တစ်ခုရဖို့ တက္ကသိုလ် ပညာရေး ကို ဆက်မလှန်းနိုင်တဲ့ အချိန်မှာ လူငယ်တွေ အတွက် တစ်ခြားရွေးစရာ လမ်းက အရမ်းကို နည်းပါးခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး လို မြို့ ကြီးတွေမှာ ကွန်ပြူတာ သင်တန်းတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေ စသဖြင့်ရှိ ခဲ့ပေမယ့် ကျန်တဲ့ မြို့ နယ် အဆင့်တွေ၊ တောရွာအဆင့်တွေ နဲ့ တစ်တိုင်းပြည် လုံးက လူငယ်အများစုက ဒီအခွင့် အလမ်းတွေကို လက်လှမ်းမမှီကြပါဘူး။
၈၈ အရေးတော်ပုံ ကာလက မူလတန်း အရွယ်ကျောင်းသား လူငယ်တွေဟာ ရှေ့ က မျိုးဆက်တွေ ရဲ့ လက်ဆင့်ကမ်း အမွေတွေ ဖြစ်တဲ့ နိုင်ငံရေး အသိအမြင်၊ မတရားမှုကို တော်လှန်လို စိတ်စတာတွေ ကိုအပြည့်အ၀ မရခဲ့ပါဘူး။ ၈၈ တော်လှန်ရေး ရဲ့ ရိုက်ခတ်မှု အရှိန်အဟုန်ဟာလည်း ၈၈ ၀န်းကျင်က အလယ်တန်းအရွယ်ကျောင်းသားတွေဖြစ်ခဲ့တဲ့ ၉၆ မျိုးဆက် နဲ့  ပဲ အဆုံးသတ်သွားခဲ့ပါတယ်။
အဲ့ဒီလို မျိုးဆက်တွေ ကွာဟသွားချိန်မှာ စစ်အုပ်ချုပ်ရေးစံနစ်က လူငယ်တွေ နိုင်ငံရေး မှာ စိတ်မပါဝင်စားအောင် နည်းမျိုးစုံ နဲ့ လမ်းကြောင်းလွှဲရုံမက၊ စစ်တပ်ကို အထင်ကြီးလေးစားလာအောင်၊ စစ်သားဖြစ်ချင်လာအောင် မြူဆွယ်စည်းရုံးပါတော့တယ်။ ဗိုလ်သန်းရွှေ ရဲ့ စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး မှာ အနာဂတ် မြန်မာပြည် ရဲ့ လူငယ်တွေ သားကောင် ဖြစ်ခဲ့ရ ပါတယ်။ နိုင်ငံရေး မှာအလွန်အရေး ပါတဲ့ မီဒီယာ ဟာ နအဖ-န၀တ ရဲ့ အဓိက လက်နက် ပါပဲ။ ၈၈ စစ်တပ်အာဏာသိမ်းချိန် မှာပဲ စစ်ချီသီချင်းတွေကို ရုပ်မြင်သံကြား နဲ့ ရေဒီယိုတွေ ကနေ တောက်လျှောက် လွှင့်ထုတ်ထား ပြီး လက်မရွံ့ သားတွေကို ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ပစ်သတ်နိုင်ဖို့ အတွက် ရဲဆေးတင်ပေး ခဲ့တယ်။ နောက်ပိုင်းမှာ ရုပ်ရှင်လောက-မင်းသားမင်းသမီးတွေ အသုံးပြုပြီး စစ်ကားတွေ ရိုက်၊ စစ်ဝါဒ နဲ့ စစ်သားတွေ ကို အထင်မကြီး ကြီးအောင် စည်းရုံးပါတော့တယ်။
ဒီအချိန်မှာ တက္ကသိုလ်ကျောင်းတွေ ပိတ်ထားပေမယ့် စစ်တက္ကသိုလ် နဲ့ စစ်သင်တန်းကျောင်းတွေ ကို ပုံမှန် ဖွင့်ထားတဲ့ အပြင် ကောင်းသထက်ကောင်းအောင်၊ ကမ္ဘာ့အဆင့်မှီအောင် ပြုပြင်မွမ်းမံ ပြီးတော့ လူငယ်တွေကို အနာဂတ် ရဲ့ အာဏာရှင်တွေ ဖြစ်လာဖို့ လမ်းကြောင်းခဲ့ပါတယ်။ စစ်ဆေး တက္ကသိုလ်၊ စစ်အင်ဂျင်နီယာ တက္ကသိုလ်တွေ ဖွင့်လှစ်ပြီး သာမန် အရပ်ဘက် ဆေးကျောင်းတွေ၊ အင်ဂျင်နီယာ တက္ကသိုလ်တွေ တက်ဖို့ အရည်အချင်းမမှီတဲ့ ကျောင်းသားတွေကို အလိုအလျောက် စစ်သား ဖြစ်လာဖို့  ၀င်ခွင့် အမှတ်တွေ လျှော့ပြီး လက်ခံခဲ့ပါတယ်။
နအဖ လက်ထက်မှာ ယူနီဖောင်းဝတ်၊ အာဏာရှိသူတွေ ဟာ နေရာတိုင်းမှာ အာဏာကို အလွဲသုံးစား လုပ်ပြီး အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ကြွယ်ဝချမ်းသာလာတာဟာ တစ်ချို့ သော အတ္တသမားတွေ အတွက် အထင်ကြီး အားကျစရာ ဖြစ်လာပါတယ်။ အထူးသဖြင့် နွမ်းပါးပြီး ထိုက်တန်တဲ့ လစာ မရကြတဲ့ အစိုးရ ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ အာဏာလည်းရ၊ ဥစ္စာလည်းကြွယ်ဝ မယ့် ဖြတ်လမ်းကို လိုက်ဖို့ ရွေးချယ်ကြပါတော့တယ်။ မတရား တာကို ခေါင်းငုံ့  မခံတဲ့ နိုင်ငံရေး တက်ကြွသူ မိသားစုတွေ မှာ နိုင်ငံရေး အသိစိတ်ရှိတဲ့ မျိုးဆက်တွေ ပေါ်ထွက်လာသလို ပဲ အာဏာကို ဖက်တွယ်တဲ့ အသိုင်းအ၀ိုင်းမှာ အာဏာကို တပ်မက်တဲ့ မျိုးဆက် တွေပဲ ဆင့်ပွားလာတာ ဓမ္မတာလို့ ပြောလို့ ရပေမယ့် စစ်အာဏာရှင် မျိုးဆက်တွေ ပျံ့ ပွားလာပြီး တစ်တိုင်းပြည်လုံးကူးစက် ဖို့ အတွက် စစ်အုပ်ချုပ်ရေး က တမင်တကာ စံနစ်တကျ စီမံထားခဲ့တာကတော့ တိုင်းပြည်အနာဂတ်အတွက် မတွေးရဲစရာပါပဲ။
စစ်အစိုးရ ပြောသမျှကို ပဲ ကြားရ၊ ပြသမျှ ကို ပဲ မြင်နိုင်တဲ့ ပြည်တွင်းက လူငယ်တွေ ၊ အထူးသဖြင့် ၈၈ အရေးတော်ပုံ နောက်ပိုင်းမွေးဖွားကြီးပြင်း လာတဲ့ လူငယ်တွေ ဟာ စစ်အုပ်စု ရဲ့ ရက်စက် ယုတ်မာမှုတွေ ကို မျက်ဝါးထင်ထင် မမြင်ဘူးကြတာ ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တိုင်အောင်ပါပဲ။ စစ်အာဏာရှင် နဲ့  စစ်အုပ်ချုပ်ရေး အောက်မှာ ကြီးပြင်းလာတဲ့ လူငယ်တွေဟာ နိုင်ငံရေး ဆိုတာ ကိုယ်နဲ့  မဆိုင်သလို၊ နိုင်ငံရေး ဟာ အရမ်းကြီးကျယ်ပြီး လူငယ်တွေ အလုပ် မဟုတ်သလို ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြပါတယ်။ စစ်အုပ်စု ဟာ လူငယ်တွေ နိုင်ငံရေး မလုပ်ဖို့ ရုပ်ရှင်၊ ဂီတ နဲ့ ဖက်ရှင် မော်ဒယ်လ် စတာတွေကို အတိုင်းထက်လွန် အားပေးအားမြောက် လုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုက်ကလပ် (ညပွဲ) တွေ၊ အနှိပ်ခန်း အမည်ခံ ပြည့်တန်ဆာခန်း တွေကို မသိကျိုးကျွန်ပြုပြီး ကြီးထွားလာစေခဲ့ တာဟာ ဗိုလ်ချုပ်အောင်ဆန်း သတိပေး ခဲ့ တဲ့ ဖာ နိုင်ငံ ဖြစ်ဖို့ လမ်းကို နအဖ ကတွန်းပို့ နေတာပါ။
ဒီလိုနဲ့  လူငယ်တွေ ဟာ အဆိုတော် ပဲ ဖြစ်ချင်သလိုလို၊ မော်ဒယ်လ် ပဲ လုပ်ရမလိုလို နဲ့ အခုနောက်ပိုင်းဆိုရင် အစိုးရ မီဒီယာ ရဲ့ အခန်းဆက် ကိုရီးယား ကားကြည့်ရဖို့  အရေးဟာ ဘီဘီစီ၊ ဗွီအိုအေ နဲ့  ဒီဗွီဘီ တို့ က နိုင်ငံရေး သတင်း နားထောင်ဖို့ ထက် ပိုပြီးအရေးကြီးနေခဲ့ပါတယ်။ ဇော်နေအောင်
Thursday, 2 July 2009
Subscribe to:
Post Comments
(
Atom
)
4 comments :
yes,really right
မျိုးဆက်သစ် လူငယ်တွေ နိုင်ငံရေးအသိပညာ ရဖို့ မြေအောက်စာပေ ပေါ်ထွက်အောင် ကြိုးစား နိုင်ရင် လူငယ်တွေ နိုးကြားလာမည်။
စစ်မိစ္စာများ က ဗိုလ်ချုပ်အထုပ္ပတိ မှစ နိုင်ငံရေး အသိနိုးကြားစေနိုင်သော စာပေများ၊ ကျောင်းစာကြည့်တိုက်များ ကို ကောက်ကျစ်စွာ ဖျောက်ဖျက်ပြစ်လိုက်တာ မျိုးဆက် ၂ ဆက်ပင် ရှိတော့မည်၊။
you are so right but do not forget our country have no human rights, low edcaution, bad business and army government. so what should we do?
some people blme the NLD that it do nothing.anyway,if there is no NLD,all youth became like lansin youth,taza youth,shasung youth lke like ma sa la.
Post a Comment