Tuesday, 7 July 2009

စစ်အုပ်ချုပ်ရေးအောက် မှ မျိုးဆက် များ (၂) - ဇော်နေအောင်



မြန်မာပြည်တွင်း က မျိုးဆက်သစ် လူငယ်တွေ ဟာ ပြည်တွင်းမှာ တိုးတက်ရာ တိုးတက်ကြောင်း လမ်းစ မရှိတဲ့ အတွက် ပြည်ပ နိုင်ငံတွေ မှာ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ရှာဖွေကြဖို့ စိတ်အားထက်သန် နေကြတဲ့ အကြောင်းကို မကြာခင်ကပဲ အင်တာနက် စာမျက်နှာ တစ်ခုမှာ ဖတ်လိုက်မိပါတယ်။ ပြည်တွင်းမှာ အစိုးရ ၀န်ထမ်း လုပ်ဖို့ ကလည်း ပြည်သူ၊ ပြည်သား ရဲ့  ချွေးနဲစာကို ဓားပြတိုက် နိုင်မှ နေသာထိုင်သာ ရှိနိုင်ပြီး၊ ကုမ္ပဏီ ၀န်ထမ်းတွေ ကျပြန်တော့ ရရစားစား နဲ့ လူစဉ်မှီ ၊ လူတန်းစေ့ အောင် မနေနိုင်ပါဘူး။ ဒီလိုနဲ့  နောက်ဆုံးတော့ နိုင်ငံခြား ထွက်ပြီး စီပွားရှာ ဖို့ ကြံရတော့ တာပါပဲ။ ဟိုအရင် ခေတ်တွေတုန်းကတော့ တိုင်းပြည်ရပ်ခြား သွားပြီး စီးပွားရှာ ကြတယ်ဆိုတာ လူနည်းစုပါ။ ဒါပေမယ့် စစ်အစိုးရ ခေတ်မှာတော့ နိုင်ငံရပ်ခြားမှာ စီးပွားရှာကြတဲ့ လူငယ်တွေ သိသိသာသာ တိုးပွားလာခဲ့ ပါတယ်။



နိုင်ငံခြားထွက် ပြီး အလုပ်အကိုင် ရှာဖွေ၊ အလုပ်လုပ် ကြတဲ့ လူငယ်တွေ နဲ့  ပတ်သက်ပြီး ဆရာ အောင်သင်း ပြောဖူးတဲ့ စကားလေးတွေ ကတော့ မှတ်လောက် သားလောက်ပါတယ်။ ဆရာ အောင်သင်း ဆိုတာ က လည်း မျိုးဆက်သစ် လူငယ်တွေ ထူးချွှန်ထက်မြက် ကြဖို့ ၊ အသိညဏ်မြင့်မားလာဖို့ ၊ တိုင်းပြည်တိုးတက် ရာ တိုးတက်ကြောင်း အတွက် ပါဝင်စွမ်းဆောင် နိုင်ကြဖို့ ရည်ရွယ်တဲ့ စာပေတွေကို ပဲ အမြဲရေးလေ့၊ ပြောလေ့ ရှိပါတယ်။ နိုင်ငံရေး သမား လည်းဖြစ်၊ ဘာသာပြန် စာရေးဆရာ အကျော်အမော် လည်းဖြစ်တဲ့ နှစ်ကျွန်းပြန် ဆရာ မြသန်းတင့်(ကွယ်လွန်) ရဲ့ လုပ်ဖော်ကိုင်ဖက် အရင်းအချာ တစ်ဦးဖြစ်တဲ့ ဆရာအောင်သင်း ရဲ့ တစ်ချို့  ဟောပြောပွဲတွေ၊ စာပေ လက်ရာတွေ ဟာ နအဖ ရဲ့ မကြာခဏ ပိတ်ပင်တာ ခံရပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ကြတာနဲ့ ပတ်သက်လို့ ဆရာ အောင်သင်း ပြောတာက - တစ်ချိန်တုန်းက သခင်မျိုးဟေ့ တို့ ဗမာ ရယ်လို့ ကြွေးကြော် ခဲ့ကြတဲ့ ရွှေမြန်မာတွေ ဟာ အခုအခါမှာ တော့ နိုင်ငံတကာ မှာ ကျွှန်မျိုးတွေ ဖြစ်ကုန်ကြရလေပြီ ဆိုတာပါပဲ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ကြသူတွေ ရဲ့ ကိုယ်ကျိုးစီးပွား ကြည့်ပြီး အာဏာတစ်ခုတည်းကိုသာ ရှေ့ တန်းတင် စောင့်ထိမ်းမှုတွေ ကြောင့် ဘက်စုံယိုယွင်း ပျက်စီးနေ တဲ့ တိုင်းပြည်တွင်း မှာ အနေအထိုင် ပျက်ပြီး လူငယ်တွေ သူ့ ကျွန်အဖြစ် နွံနစ်ခဲ့ ကြရပါပြီ။


လွန်ခဲ့တဲ့ ၅ နှစ်က ၁၀ နှစ်အတွင်းမှာပဲ နိုင်ငံခြားအလုပ်သမား ရှာဖွေတဲ့ အေဂျင်စီတွေ ပြည်တွင်းမှာ အတိုင်းအတာ တစ်ခုအထိ နေရာယူလာ ကြပြီး တောလျှိုတောင်ကြား မကြံ ထွန်တုံးပေါ်က လယ်သမားတွေကအစ မြေခြားရေခြားမှာ ခေတ်သစ်ကျွန်ဝယ် စနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ကိုယ့်မှာ ရှိစုမဲ့စု စုဆောင်းထားတဲ့ ငွေ လေးတွေနဲ့  မလောက်ရင် သူမျာဆီက ချီးငှားပြီး တော့တောင်ကျွန်ခံရတဲ့ ဘ၀ပါ။ ဒီကြားထဲ အလိမ်အညာ နဲ့ မိရင်တော့ မျက်ရည်စက်လက် ဘ၀ပျက်ကြရတော့တာပါပဲ။ မိန်းကလေးတွေ ဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ တိုင်းသူပြည်သား အများစု ရေမြေခြားမှာ ကျွန်ဖြစ်သူကဖြစ်၊ ပြည်တွင်းမှာ လည်း ထမင်းရည်တောင် မှန်မှန် မသောက်နိုင်တဲ့ ခေတ်ပျက်မှာ သူဌေးဖြစ်ပြီး စိန်စီကြသူတွေကတော့ နအဖ နဲ့ အပေါင်းပါတွေ ပဲ ဖြစ်ပါတယ်။ တိုင်းပြည် ပြန်လည် ထူထောင်ပြီး ကိုယ့်မြေ ကိုယ့်ရေ မှာ အရှင်သခင် လုပ်နိုင်ဖို့ ကတော့ လက်တစ်ဆုပ် စာ အာဏာရှင် တစ်စု နဲ့  အတူ အကျင့်ပျက် ချစားနေတဲ့ စနစ်ဆိုးကြီး ကို အပြီးတိုင် မီးရှို့ ပြာချပြီး မြူမှုန့် တစ်မှုန့် မကျန်အောင် လုပ်ပစ်ရ မှာဖြစ်ပါတယ်။

အာဏာရှင် စနစ်ကို ဘယ်သူတွေ အဆုံးသတ်ပေး မှာလဲ၊ ဘယ်လို အဆုံးသတ်ပေးမှာလဲ ဆိုတာကတော့ ရှေ့ ကပြောခဲ့သလို ပဲ မျိုးဆက်ဟောင်းတွေ ရော မျိုးဆက်သစ်တွေ ရဲ့ အပေါ်မှာ ပဲ မူတည်ပါတယ်။ အားလုံး ညီညီညွတ်ညွတ် နဲ့ ပူးပေါင်းဆောင်ရွက် နိုင်မှသာ အောင်ပွဲရ နိုင်မှာပါ။ မျိုးဆက်သစ်တွေ ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်၊ အသိပညာ၊ အတတ်ပညာ တွေ နဲ့ မျိုးဆက်

ဟောင်းတွေ ရဲ့ အဖိုး မဖြတ်နိုင်တဲ့ အသက်တွေ၊ ဘ၀တွေ၊ အချိန်တွေ နဲ့ လဲ ပြီးရယူ ခဲ့ရတဲ့အတွေ့ အကြုံ တွေ ပေါင်းစပ်ပြီး မြန်မာပြည် စစ်အုပ်ချုပ်ရေး ကလွတ်မြောက်ရေး အတွက် ဆောင်ရွက်နိုင်ကြမယ် ဆိုရင် တော့ အတိုင်းအထက်လွန်ပါပဲ။ ဒီနေရာမှာ အရေးကြီးတာက မျိုးဆက်သစ်တွေ ရဲ့ အရည်အသွေးပါ။ နောက်ကတက်လာတဲ့ မျိုးဆက် က ရှေ့ ကမျိုးဆက်တွေ ထက် လက်ရုံးရည်၊ နှလုံးရည် ပိုပြီး ပြည့်ဝနေသင့်ပါတယ်။ ဒါပေမယ့် နအဖ လက်ထက် ခေတ်ပျက်မှာ မွေးဖွား ကြီးပြင်းလာကြ ရတဲ့ မျိုးဆက်တွေ ကတော့ ကံမကောင်း အကြောင်းမလှစွာ ပဲ နအဖ ပုံစံ သွင်းသလို ခံခဲ့ကြရပါတယ်။အဆိုတော်၊ မော်ဒယ်လ် လုပ်ကြမယ်၊ နိုက်ကလပ် သွားမယ် ဒါမှမဟုတ် ဘောလုံးပွဲလောင်းကြမယ် - လောင်းကြေးလေးများ ရလာရင်တော့ ဘီယာလေးသောက်၊ ပြည့်တန်ဆာ ခန်းရောက်တော့တာပါပဲ။


သိပ်မကြာခင်မှာပဲ လူကြီးတွေကလူငယ်တွေ ရဲ့ အသုဘ ကို ပို့ ရတဲ့ အဖြစ်ပါ။ ဒီလို လမ်းမမှားကြဖို့ လမ်းမှန်ပေါ် တွန်းပို့ နိုင်တဲ့ အသိညဏ်မျိုး ရဖို့ စာအုပ်စာပေ ဆို တာကလဲ ပြည်တွင်းမှာ ခပ်ရှာရှားပါ။ အခုလို နည်းပညာခေတ်မှာ အင်တာနက် ဆိုတဲ့ အထွေထွေ ဘဏ်တိုက်ကို ကျတော့လည်း လွတ်လွတ်လပ်လပ် ကြည့်ခွင့်မရပါဘူး။ ကြည့်မရတဲ့ စာမျက်နှာက များပါတယ်။ တတ်သင့်တတ်ထိုက်၊ သိသင့်သိထိုက် တဲ့ ပညာရပ်တွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ အခါမှာ နည်းမျိုးစုံ ကြံဆပြီး ပညာကို ရအောင်ယူကြရမှာပါ။ ပြည်ပမှာ စီးပွားရှာ ကြဖို့ လာကြသူ လူငယ်တွေ လည်း စီးပွားရှာရင်း နဲ့ ပညာကို ရအောင်ဆည်းပူးသင့်ပါတယ်။ အသိပညာ၊ အတတ်ပညာ တစ်ခုခု တတ်မြောက်ထားရင်တော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် သခင်ဖြစ်နိုင်ပါတယ်။ ကိုယ့်မြေ ကိုယ့်ရွာ ပြန်ရောက်လာရင် လည်း ကိုယ်တတ်ထားတဲ့ ပညာ နဲ့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းမှာ တစ်ထောင့်တစ်နေရာ ကနေ ပါဝင် အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။


သခင်မျိုးဖြစ်တဲ့ ကျွန်တော်တို့ ဗမာတွေ ကိုယ့်မြေကိုယ့်ရေ မှာ သခင်ပြန်ဖြစ်ဖို့ အချိန်တန်နေပါပြီ။
ကိုမင်းကိုနိုင် ရဲ့ ကဗျာလေး တစ်ပုဒ် နဲ့ ပဲ ကျွန်တော့်ဆောင်းပါးကို နိဂုံး ချုပ်ပါရစေ-

တိုင်းတပါး ကျွန်၊ စစ်တပ် ကျွန်

ဘယ်ကျွန်မှ မခံ၊ဒေါင်းအလံ ဟေ့

ကျောင်းနံရံတ၀ိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။

ဇော်နေအောင်

၆ ရက်၊ ဂျုလိုင်လ၊ ၂၀၀၉။

No comments :