Tuesday 14 July 2009

ကမ္ဘာ့ရာဇ၀တ်ခုံရုံး မှ လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာ

ဆီယာလီယွန်း ( Sierra Leone) မှာ မဲပေးနေစဉ်
-မြတ်စိုး-
၀၇-၁၄-၂၀၀၉

နယ်သာလန်နိုင်ငံ သယ်ဟိတ် ( The Hague) မြို့ရှိ ကမ္ဘာ့အထူး ရာဇ၀တ်ခုံရုံးက လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာ ကို လူဦးရေ ၆ သန်းကျော်ရှိတဲ့ ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ အတွင်းဖြစ်ပွား ခဲ့သော ပြည်တွင်းစစ် ကာလအတွင်း လူသားများအပေါ် ရာဇ၀တ်ပြစ်မှုကျူးလွန်ခဲ့မှုများ၊ အကြမ်းဖက်မှုများ၊ အမျိုးသမီးများ အဓ္ဓမ ပြုကျင့်ခံခဲ့ရမှုများ၊ လူသတ်မှုများ၊ ညဉ်းပန်နှိပ်စက်မှုများ စတဲ့ အမှုများ နောက်ကွယ်မှာ ပါဝင်ပက်သက်ခဲ့မှုနဲ့ တရားစွဲဆိုခြင်းခံနေရပြီး၊ ယင်းအမှုများ အတွက် ကြားနာ စစ်ဆေးနေပါသည်။ မျက်မြင် သက်သေ ၂၀၀ ကျော် ယင်းအမှုများမှာ အစစ်ဆေးခံ ကြပါလိမ့်မယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ချားတေလာ ဟာ ၂၀၀၆ ခုနှစ် မှာ နိုင်ဂျီးရီးယားနိုင်ငံမှာ အဖမ်းခံ ခဲ့ရတယ်။ အမှု ကို ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ က ဖွဲ့စည်းပေး ခဲ့တဲ့ ကမ္ဘာ့ တရားရုံးတော်မှာ စတင် စစ်ဆေးကြားနာခဲ့သော်လည်း၊ လုံခြုံရေး အခြေအနေများ ကြောင့် နယ်သာလန် သယ်ဟိတ်မြို့တော် ရှိ ကမ္ဘာ့အကျဉ်းထောင်ဆီ လွှဲပြောင်းခြင်း ခံခဲ့ရတယ်။ တရားလိုများက လူသားတွေအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့မှုဖြင့် အမှုပေါင်း ၁၁ မှု ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ မှ စတင်ပြီး တရားစွဲဆို ထွက်ဆိုခဲ့ကြပြီး၊ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပြီးဆုံးခဲ့တယ်။

မနေ့ကတော့ တရားခံ ဘက်က ပထမအကြိမ် သက်သေထွက်ဆိုချက် အဖြစ် သူကိုယ်တိုင် ကမ္ဘာ့ရာဇ၀တ် ခုံရုံးမှာ ခုခံထွက်ဆိုခဲ့တယ်။ သူဟာ အာဏာမှ အနားယူ ဖြုတ်ချခံခဲ့ရပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Olusegun Obasanjo ထံမှာ နိုင်ငံရေးခိုလှုံခွင့် ရယူခဲ့သော်လည်း၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေ ၊ ဒေသတွင်းနိုင်ငံတွေ နှင့် နိုင်ငံတကာ အစိုးရတွေရဲ့ ဖိအားကြောင့် ကမ္ဘာ့ ရာဇ၀တ်ခုံရုံးကို လွှဲအပ်ပေးခြင်း ခံခဲ့ရပါတယ်။ ပထမဆုံး အကြိမ် အဖြစ် အာဖရိက တိုက်ရှိ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်ဟောင်း တစ်ယောက် အနေနဲ့ ကမ္ဘာ့ ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။


ကမ္ဘာ့ရာဇ၀တ်ခုံရုံး မှ လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာ


လိုင်ဘေးရီးယားနိုင်ငံမှာ လူဦးရေ ၃ သန်းကျော်နေထိုင်ကြတယ်။ လိုင်ဘေးရီးယားမှာ သမ္မတ အဖြစ် တာဝန်ထမ်းဆောင် ခဲ့စဉ် က သူဟာ လူသားတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ ဆီယာလီယွန်း ( Sierra Leone) နိုင်ငံရှိ လက်နက်ကိုင် သူပုန်တွေကို စိန် နှင့် လက်နက်တွေကို လဲလှယ်ခဲ့တယ်၊ အားပေးခဲ့တယ် လို့ လည်း စွပ်စွဲခြင်းလည်းခံနေရတယ်။

အနောက် အာဖရိက တိုက်မှာ ရှိတဲ့ ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ မှာ ၁၉၉၁ ခုနှစ် မတ်လ မှ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလ ထိ ၁၁ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး၊ စုစုပေါင်း လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်းဟာ အစာရေစာငတ်မွတ်မှု၊ ဆင်းရဲမွဲတေမှု အောက်မှာ နေထိုင် နေကြရတယ်။ ပြည်တွင်းစစ် ကာလအတွင်း လူပေါင်း ၅၀၀,၀၀၀ ကျော်သေဆုံးခဲ့ရပြီး၊ လူဦးရေ ၂ သန်းကျော် နိုင်ငံ ကို စွန့်ခွာကာ ရွေှ့ပြောင်း နေထိုင်ခဲ့ကြ ရကြောင်း သိရှိရပါသည်။ ပြည်တွင်းစစ် ကာလအတွင်း (Sierra Leone) နိုင်ငံ မှာ ထောင်သောင်းချီတဲ့ အပြစ်မဲ့ ပြည်သူများ၊ ကလေးငယ်များ ကို သူပုန်တပ်ဖွဲ့ များက စစ်ထဲ အတင်းအဓ္ဓမ ၀င်ခိုင်းပြီး၊ အမိန့်မနာခံသူတွေ၊ သံသယဖြစ်သူတွေရဲ့ လက်တွေကို ဖြတ်ပစ်ကြလို့ ဆီယာလီယွန်း (Sierra Leone) နိုင်ငံ မှာ လူငယ်တော်တော် များများ လက် များ မရှိကြတော့ပါဘူး။ ဆီယာလီယွန်း ( Sierra Leone) နိုင်ငံ မှာ လူငယ်တော်တော်များများ ဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေဖြစ်ခဲ့ကြရတယ်။



ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်တွေ၊ ရာဇ၀တ်ပြစ်မှုကျူးလွန်သူ အာဏာပိုင် တွေဟာ မိမိတို့ အာဏာရရှိစဉ်မှာ လူသားတွေအပေါ် ရာဇ၀တ်ကျူးလွန်မှု၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြလျှင်၊ အာဏာ ကျဆင်း တဲ့အချိန်၊ အာဏာ မရှိတော့တဲ့ အချိန်မှာ မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တရားမျှတစွာ ရင်ဆိုင်ကြရလိမ့်မယ်ဆိုတာ ကမ္ဘာ့ အထူး ရာဇ၀တ်ခုံရုံးမှာ တရားစွဲဆိုခြင်း ခံနေရတဲ့ လိုင်ဘေးရီးယား သမ္မတ ဟောင်း ချားလ်တေလာရဲ့ ဖြစ်ရပ်က သက်သေပြ နေတယ်။

No comments :