Monday, 20 July 2009

အသိခက်တဲ့ ကင်(မ်) အပိုင်း (၃): The Secret History of Kim Jong Il



မြောက်ကိုရီးယား အစိုးရ ၇န်ကုန်မြို့ အာဇာနည်ဗိမာန်ကို အကြမ်းဖက် ဗုံးခွဲမှု သမိုင်းမှတ်တမ်း
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်
ပေးပို့မှတ်တမ်းဗွီဒီယို-ကိုနိုင်ဦး

-အောင်ခက်-

၁၉၈၀ ခုနှစ် ပတ်ဝန်းကျင် မြောက် နှင့် တောင် ကိုရီးယား တင်းမာမှုတွေ၊ ရန်စောင်မှုတွေကြီးထွားလာစဉ်မှာ မြန်မာနိုင်ငံဟာ တောင် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံး နဲ့ ဆက်ဆံရေးတွေဟာ တိုးတက်ကောင်းမွန် ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆပ်ပြာစက်ရုံ၊ ဘိလပ်မြေ စက်ရုံတွေကို မြောက်ကိုရီးယားအကူအညီ နဲ့ တည်ဆောက်ခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဆန်စပါးတွေကို မြောက်ကိုရီးယား ဆီ တင်ပို့ရောင်းချခဲ့တယ်။ ဆပ်ပြာတို့၊ ဘိလပ်မြေတို့ ရှားပါးတဲ့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူတွေအတွက် မြောက်ကိုရီးယား ဟာ အဆွေခင်ပွန်း ကောင်းနိုင်ငံ တနိုင်ငံဖြစ်ခဲ့ တယ်။ ဒီကောင်းမွန်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး၊ မြောက်ကိုရီးယားအစိုးရ ဟာ မြန်မာနိုင်ငံ ကို တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝှမ်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ မှာ လာရောက်လည်ပတ်စဉ်မှာ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက် မှု ကို စံနစ်တကျ ကြံစည် ပြုလုပ်ခဲ့တယ်။ သွားလေသူ အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ နှင့် မြောက်ကိုရီးယား သံတမန်ဆက်ဆံ ရေးကို ဖြတ်တောက်ခဲ့တယ်။

စာပေစီစစ်ရေးတင်းကြပ်ပြီး သမိုင်းကို ဖျောက်ဖျက်ခြင်း ခံနေရတဲ့မြန်မာနိုင်ငံမှာ ဆောင်းပါရှင်ဟာ သမိုင်း အချက်အလက်မှန်၊ ဖြစ်ရပ်မှန် တွေ ကို ဒီဆောင်းပါးထဲမှာ အပြည့်အစုံ ဖော်ပြခွင့် မရခဲ့ပါဘူး။

ဆောင်းပါးနောက်ဆုံးပိုင်း မှာ မြောက်ကိုရီးယားသမ္မတ ကင်(မ်) ဂျုံအီး ဟာ ဒေသတွင်းမှာ စစ်အင်အားပြပြီး ခြိမ်းချောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေ ကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာတွေ ကိုတော့ ဖော်ပြထားတယ်။ ခေါင်းဆောင်မှု ယနေ့ထက်ထိတိုင်ပြောင်းလဲမှု မရှိတဲ့ မြောက်ကိုရီးယား အကြမ်းဖက် အာဏာရှင် အစိုးရ ကို ယနေ့ မြန်မာနအဖ စစ်အုပ်စု ခေါင်းဆောင်တွေ ဘာကြောင့် ပုလင်းတူဗူးစို့ ပေါင်းသင်း ဆက်ဆံနေတာကတော့ အင်မတန်မှ အသိရခက် နေတယ်ဆိုတာကို ဘာသာပြန်ဆောင်းပါးရှင် က စာဖတ်သူတွေကို ဝေမျှထားပါတယ်။ မူရင်းဆောင်ပါးရှင် ကတော့ မြောက်ကိုရီးယား ပြည်သူတွေ အကျိုးအတွက်သာဆိုရင် သူရဲ့ ခံစားခဲ့ရမှုတွေကို မေ့ပျောက်ပြီး သူ့အပေါ်ရက်စက်ခဲ့တဲ့ အသိခက်လှတဲ့ ကင်(မ်) ကို ခွင့်လွှတ်နိုင်ပါတယ်ဆိုပြီးဝမ်းနည်းစွာဖြင့် ဆောင်းပါးကို အဆုံးသတ်သွားခဲ့တယ်။

စာဖတ်မိတ်ဆွေများခင်ဗျာ-အကြမ်းဖက် မြောက်ကိုရီးယား အစိုးရ နှင့် မြန်မာနိုင်ငံဆက်ဆံရေးတွေဟာ တိုးတက် ကောင်းမွန် နေပါကြောင်း မြန်မာသတင်းစာတွေ မှာ ဝေေ၀ဆာဆာဖော်ပြနေပေမဲ့၊ လွန်ခဲ့တဲ့ အနှစ် ၂၆ နှစ်နီးပါးက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် တွေကို ဖျောက်ဖျက်နေတဲ့ နအဖ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ လုပ်ရပ်၊ မှားယွင်းနေတဲ့ ဆုံးဖြတ်ချက်တွေကို အနာဂတ်မျိုးဆက်သစ်လူငယ်တွေ သိရှိလေ့လာ နိုင်အောင် ကျနော်တို့ We Fight We Win မှ ဝေမျှပေးလိုက်ပါတယ်။ အားလုံးရွှင်လန်း ချမ်းမြှေ့ပါစေ။

************************************************************************************

အသိခက်တဲ့ ကင်(မ်) အပိုင်း (၃): The Secret History of Kim Jong Il


-ခင်မေသစ်-

၁၉၉၀ ပြည့်နှစ်မှာ ဆိုဗီယက် ယူနီယံ ပြိုကွဲခဲ့တယ်။ ကမ္ဘာကြီးဟာ နေရာအနှံ့ အပြောင်းအလဲတွေ ဖြစ်ထွန်းခဲ့ တယ်။ ဒီမိုကရေစီလှိုင်းလုံးတွေ တရိပ်ရိပ် တလိပ်လိပ် ရိုက်ခတ်ခဲ့တယ်။

ကင်(မ်)ဟာ သူ့နိုင်ငံထဲ အ၀င်မခံပါဘူး။ ကင်(မ်)ရဲ့ ကြွေးကြော်သံတိုင်းဟာ စစ်နဲ့မကင်းဘူး။ နိုင်ငံလေး သေးငယ် ပေမယ့် အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လို လွှမ်းမိုးသိုင်းခြုံထားတဲ့အတွက် ဆတ်ဆတ်ထိမခံတဲ့ နိုင်ငံလည်း ဖြစ်တယ်။ ဒါမှလည်း နိုင်ငံအာဏာတည်တံ့ခိုင်မြဲမယ်လို့ ယုံကြည်ယူဆထားသူဖြစ်တယ်။

ကင်(မ်) ယုံကြည်မျှော်လင့်ထားသလို ဒီကနေ့ တကယ်ဖြစ်လာပါပြီ။ သူ့နိုင်ငံ သူ့ပြည်သူပြည်သားများကို လိုသလို ပုံသွင်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီဝါဒကို ရေရှည်စွဲကိုင်မထားသင့်ပါဘူး။ ငွေကြေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေး အဘက်ဘက်မှာ အနည်းနဲ့အများ၊ အနှေးနဲ့အမြန်၊ ဆုတ်ယုတ်ထိခိုက်လာမှာ အသေအချာပါပဲ။ ချမ်းသာတဲ့ နိုင်ငံများကို နျူးကလီးယား (သို့) စစ်အင်အားပြပြီး ခြိမ်းချောက်ငွေညှစ်တာ၊ နိုင်ငံတကာက အဆုံးမရှိ လိုက်လျောမှု၊ ပြုလုပ်လာစေရန် ရည်ရွယ် ဥာဏ်ဆင်တာမျိုးဟာ သူကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုပဲ။ မဖြစ်စလောက် အကူအညီမျိုးကိုတော့ သူလက်ခံမှာ မဟုတ်ဘူး။

ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံကလေး

“မြောက်ကိုရီးယားဟာ ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံကလေး တစ်ခုပါပဲလား”

ဒီမေးခွန်းကို မေးဖို့မလိုပါဘူး။ ဒီအတိုင်း သူတို့ယူဆထားတယ်။ ဒါပေမယ့် ကင်(မ်) အဖို့ကတော့ မသင်္ကာမှုတွေ၊ မယုံကြည်မှုတွေနဲ့ ဗဟိုအစိုးရ ချုပ်ကိုင်မှုအောက်က လူတွေ တဖြုတ်ဖြုတ် ကြွေနေတယ်။ အားကျနေတဲ့ ပြည်သူပြည်သားတွေဟာ ကိုယ့်လိုအင်ဆန္ဒအတိုင်း ကိုယ်ရွေးချယ်နေထိုင်ခဲ့တဲ့ နိဗ္ဗာန်ဘုံလေး အသွင် မြင်နေကြဆဲပါ။

၁၉၈၉ ခုနှစ်မှာ ပြုံယမ်းက အိမ်ရှင်နိုင်ငံအဖြစ် ကမ္ဘာ့လူငယ် ကျောင်းသားပွဲတော်ကို လက်ခံကျင်းပခွင့် ရရှိခဲ့ ပါတယ်။ နိုင်ငံတကာ အဆင့်မီ စံချိန်တင်နိုင်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ တောင်ကိုရီးယား အိမ်ရှင်လုပ် ကျင်းပခဲ့တဲ့ နွေရာသီအိုလံပစ်ပွဲတော် အဆင့်ထက်သာလွန်ဖို့ အမျိုးသားရေးစိတ်ဓာတ် အပြည့်နဲ့ လှုံ့ဆော်ကြိုးပမ်း ခဲ့ကြတယ်။

ပွဲတော်ရက်မတိုင်မီ (၆) လ အလိုမှာကတည်းက အစိုးရဟာ ပြုံယမ်းတခွင် လှည့်လည်ကြည့်ရှု့ပြီး၊ မျက်စိပသာဒမရှိတဲ့ အခြေအနေမဲ့ နေထိုင်သူများ၊ ဥပမာ- အများအားဖြင့် ဖိနပ်ချုပ်သမား၊ သော့ပြင်သမား၊ နာရီပြင်သမားများ၊ တံဆိပ်တုံးသမားတွေကို မြို့တော်ရဲ့ အပြင်ဘက် ဝေးသီခေါင်တဲ့အရပ်များ ကို ပြောင်းရွှေ့ နယ်နှင်ခဲ့တယ်။ ဒီဖြစ်ရပ်မှာ “ အပြစ်ကင်းစင်မှု” ရှိပါရဲ့ လား။ ကျွန်တော့်မှာ ဆေးသိပ္ပံ အကယ်ဒမီ ကျောင်းကို ပြုစုပျိုးထောင် တဲ့ ပြုံယမ်းဆေးတက္ကသိုလ်ဘွဲ့ရ မိတ်ဆွေတစ်ဦးရှိတယ်။ ဟိုင်နန် အထက်တန်း ကျောင်း မှာတုန်းက ကျောင်းနေဘက် သူငယ်ချင်းတစ်ဦးပေါ့။ ကိုရီးယားစစ်ပွဲမှာလည်းအတူ တိုက်ခဲ့ ဖူးတယ်။ ညီရင်းအစ်ကိုတွေပဲ။ တစ်နေ့ သူ ကျွန်တော့်အိမ်ရောက်လာတယ်။

“ဘာတွေ ဖြစ်လာတာလဲဗျ၊ မျက်နှာက ဖြူဖျော့လို့” ကျွန်တော်ပြောလိုက်တော့ သူက
“ ကြောက်စရာလည်းကောင်းရွံ့စရာလည်း ကောင်းတဲ့အဖြစ်ဗျ”
‘ဆိုပါဦး’

သူငယ်ချင်း မျက်လုံးအိမ်မှာ မျက်ရည်တွေနဲ့ စိုစွတ်ပြည့်လျှံလာတယ်။

“ကျွန်တော် စိတ်မကောင်းဘူးဗျ။ သူတို့ဘ၀ ကို ကျွန်တော် ဖျက်ဆီးပစ်မိပြီဗျာ။ လူမဆန်တဲ့ပြစ်မှုပဲ။ ကျွန်တော် ဘာလုပ်ရမလဲဗျာ။ ဘုရားသခင်ရှေ့ ကျွန်တော် လိပ်ပြာ မသန့်ဘူး”

ကျွန်တော့်သူငယ်ချင်းတော့ ဆေးကုရတော့မယ်။ သူပြောပြတာက ကွန်မြူနစ်ဗဟိုကော်မတီ က အမိန့်တစ်ခု ချမှတ်ခဲ့ကြောင်း၊ အချိန်တိုအတွင်း တောင်ပိုင်းပြုံဂန် နဲ့ ပြုံယမ်းတို့မှာရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ညတွင်းချင်းရွေးထုတ်ပြီး အရပ်မီရင် စစ်သားအဖြစ် သိမ်းသွင်းကြောင်း၊ ဒေသခံပါတီ ကိုယ်စလှယ်များက ၀ါဒဖြန့် လက်ကမ်းကြောငြာများ ဖြန့်ဝေပေးကြောင်း၊ တချို့ကို မိန်းမ ယောက်ျား သပ်သပ်စီ သင်္ဘောတစ်စင်းစီးမှာတင်ပြီး လူမနေတဲ့ ကျွန်တွေဆီ ဘယ်သောင်ဘယ်ကမ်းဆိုက်ဆိုက် ပို့လိုက်ကြကြောင်းနဲ့ သူတို့ ကိုယ်တိုင်က ကျန်းမာရေးကောင်းရန် ရေခံမြေခံ ကောင်းတဲ့ နေရောဒေသ ပို့ပေးရန် ဖြစ်တယ်ဆိုတာ နည်းနည်းမှ သံသယမရှိ လိုလိုချင်ချင် လိုက်ပါသွားကြကြောင်း ပြောပြပါတယ်။ သူတို့တတွေ ပြန်လမ်းမရှိပါဘူး။ မိသားစုနဲ့လည်း ဝေးကွာ သွားကြပါပြီတဲ့။

အဲဒီ ကျွန်တော့်မိတ်ဆွေဟာ မြောက်ကိုရီးယားမှာ ရှိနေဆဲပါ။ သူအပြစ်ကျူးလွန်မိတဲ့ ရက်တွေကို ကျော်လွန် မေ့ပျောက်ချင်ပါပြီတဲ့။ ဒီကိစ္စဟာ နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချကဖြစ်တာမို့ ကျွန်တော့် ဇနီးကိုသာမက ကျွန်တော့်ဝိညာဉ် ကိုတောင် ဖွင့်မပြောပါနဲ့လို့ သူက တောင်းပန်တယ်။ ကျွန်တော်က ဒါကို ၁၆ နှစ်လုံးလုံး သိုဝှက်စောင့်ထိန်းခဲ့သူပါ။

သမိုင်း ကိုစောင့်ကြည့်ခြင်း


အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို အကြမ်းဖက်နိုင်ငံစာရင်း သွတ်သွင်းထားရာ က နုတ်သိမ်းပယ်ဖျက်ပေးဖို့ ကင်(မ်) က လိုလားပါတယ်။ (၆) နိုင်ငံဆွေးနွေးပွဲများ ဖြေရှင်း ပြီးဆုံးခြင်း မရှိသေးပါဘူး။ ဆီးရီးယားရဲ့ နျူးအစီအစဉ်ကို စတင်တည်ထောင်ပေးဖို့ ကင်(မ်) က စိုင်းပြင်းနေပါတယ်။ နျူးစစ်ဆေးသူများလည်း ၀င်မယ် မ၀င်ဘူး အတည်ပြုချက်ပေးဖို့ စောနေပါသေးတယ်။ ဆွေးနွေးပွဲများလည်း အကြိမ်ကြိမ် ရွေ့ဆိုင်းနေရတယ်။

အရင်က ကျွန်တော့်ကျောင်းသားဟောင်းတစ်ယောက် ဗဟိုအမှုဆောင်၊ ပါတီမှာ ၀ါဒဖြန့်လှုပ်ရှားသူတစ်ဦး အကြီးအကဲဖြစ်လာတာကြောင့် တစ်နေ့ ၁၉၈၃ ခုနှစ် အောက်တိုဘာလ နေ့တစ်နေ့မှာ ကျွန်တော့်ကို ညစာစားဖို့ ဖိတ်ပါတယ်။ အခြားပါမောက္ခ (၂) ဦးလည်း ပါဝင်တယ်။ ရုံးသူရုံးသားများ စုပေါင်းနေရာ အိမ်ခန်းမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ညစာထမင်းစားနေစဉ်မှာပဲ အိမ်ရှင်ရဲ့ သား ပြေးဝင်လာပြီး အသက်မရှူအားဘူး။ သတင်းတစ်ခု ဖုတ်ပူမီးတိုက် ပြောပြတယ်။

“ပြဿနာပဲ ဖေဖေရေ၊ ကြားပြီးပြီလား”

ကျွန်တော်တို့အားလုံး ရင်တွေခုန်လို့ သူဘာတွေပြောမလဲ စောင့်နေတယ်။ “ခုပဲ ကြေးနန်းဝင်လာတယ် ဖေဖေ၊ ငတုံးအကောင်ကမသေဘူး။ သူ့အောက်ကလူတွေ သေကုန်ပြီတဲ့။ ပင်လယ်ရပ်ခြား ဗုံးခွဲတိုက်ခိုက်မှုက လွဲချော်သွားသတဲ့။”

သူငယ်ချင်းဟာ ဘာမပြော ညာမပြောနဲ့ ကမူးရှူးထိုးထွက်သွားတယ်။ ရုံးခန်းဖြစ်ပါလိမ့်မယ်။

ကျွန်တော့်ရန်သူရဲ့ ရန်သူများ

နှစ်ပေါင်း ၃၀ ကျော်လောက် ကင်(မ်) ကို မမြင်တွေ့ခဲ့ရတော့ပါဘူး။ မြောက်ပိုင်းကို ကျွန်တော်စွန့်ခွာပြီး တောင်ပိုင်းမှာ ၁၀ နှစ်လောက် ကျွန်တော် အချိန်ဖြုန်းလိုက်တယ်။ အခု ကျွန်တော် အမေရိကန်ပြည်ထောင်စုကို ရောက်နေပါပြီ။ ကျွန်တော် ဒီမှာ အေးအေးဆေးဆေး ရှိနေပါတယ်။ ကင်(မ်) က ကျွန်တော့်ရန်သူဆိုရင် အမေရိကန်တွေဟာ ကျွန်တော့်ရန်သူရဲ့ ရန်သူများပါပဲ။

ကမ္ဘာရဲ့ တခြားတစ်ဖက်မှာ ကင်(မ်) ကို ကျွန်တော် ရန်သူအဖြစ် မမြင်တော့ပါဘူး။ အမြဲသတိရလျက်ပါပဲ။

တကယ်လို့ သူ့ပြည်သူတွေကို အစာငတ်မွတ်ခေါင်းပါးပြီး သေကြေပျက်စီးအောင်မပြုရင် ၊ ပြည်သူတွေကို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် မလုပ်တော့ဘူးဆိုရင် ကျွန်တော့်မိသားစု အတွက် နစ်နာချက်တွေ အတွက် ကျွန်တော် ဖြေသိမ့်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကင်(မ်) ကို ကြေကွဲဝမ်းနည်းဖွယ် အလွမ်းဇာတ်တွေနဲ့ ဇတ်သိမ်းမသွားပါစေနဲ့လို့ ဆုတောင်းနေပါတယ်။ ကျွန်တော့် မိသားစုအတွက် ခံစားနေရတဲ့ ဝေဒနာမျိုး ကင်(မ်) မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ပြီးတော့ ကျွန်တော် ကောလိပ် တက္ကသိုလ် အမျိုးမျိုးမှာ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်အောင် ပံ့ပိုးခဲ့သူ ကင့်(မ်) ဖခင်ရဲ့ ကျေးဇူးကို ထောက်ထားပြီး ခွင့်လွှတ်လိုက်ပါပြီ။ ကျွန်တော့်မှာ အကြွေးရှိရင် ပေးဆပ်ရမှာ မဟုတ်လား၊ တောင် မြောက် ပေါင်းစည်းပြီး တစ်ခုတည်းသော အဖနိုင်ငံတော် ထူထောင်ဖို့ ခေတ်ပြောင်းချိန်ရောက်ပြီ ဆိုတာ ကင်(မ်) ကိုသိစေချင်တယ်။

ကျွန်တော် ချစ်သော ကင်(မ်)။ သူ့ကို ပြည်သူတွေ တဖြည်းဖြည်း စွန့်ခွာသွားကြပြီ။ မြောက်ပိုင်းသားတွေ တောင်ပိုင်း ကို ခိုလှုံပြေးဝင်ကြတာ၊ ထောင်းနဲ့ သောင်းနဲ့မက သန်းချီရှိနေပါပြီ။ တရုတ်ပြည်ထဲ ခိုလှုံထွက်ပြေး သူများကလည်း တစ်သန်းကျော်နေပါပြီ။

ကျွန်တော် ပြုံယမ်းကို ပြန်ချင်ပါတယ်။ ကျွန်တော် ကင်(မ်)နဲ့ တွေ့ချင်ပါတယ်။
ကင့်(မ်) ကို ကျွန်တော် ချစ်ပါတယ်။ သနားပါတယ်။ မမုန်းပါဘူး။ ကင်(မ်)ဟာ ကျွန်တော်ရဲ့ စာသင်သားပါ။ ကျွန်တော် သူ့ကိုခွင်လွှတ်ပါတယ်။

ကျွန်တော် သူ့ကို တစ်ကြိမ်လောက်တွေ့ပြီး သင်ခန်းစာတစ်ခုတည်းပေးလိုပါတယ်။ ဒါပေမယ့် ကျွန်တော့် အသက်ဟာ ဒီကနေ့ ၇၅ နှစ် ကျော်လာနေပြီဖြစ်လို့ တဖြည်းဖြည်းအိုလာနေပါပြီ။ ဘာမှ အသုံးချမရ နိုင်တော့ပါဘူး။ ကျွန်တော် ကင့်(မ်) အတွက် ဆုမွန်ကောင်း တောင်းရတော့မှာဖြစ်ပါတယ်။

ခင်မေသစ်
The Secret History of Kim Jung il
by Kim Hyun Sik


No comments :