ကိုဝိုင်း
သောကြာနေ့၊ ဂျူလိုင်လ 03 ရက် 2009 ခုနှစ် 17 နာရီ 30 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ပအခြေစိုက် လွတ်လပ်သည့်အာရှအသံ RFA နှင့် မဇ္ဈိမသတင်းဌာနသည် ပြည်တွင်း အပတ်စဉ်ဂျာနယ်တခုဖြစ်သော Weekly Eleven မှ သတင်းထောက်တဦးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ ကျင့်ဝတ်နှင့် လျော်ညီခြင်း မရှိကြောင်း Weekly Eleven က တိုက်ခိုက်ပြောဆိုလိုက်သည်။
Weekly Eleven မှ သတင်းထောက် ကိုဝင်းမြင့်ကျော်သည် A (H1N1) တုပ်ကွေးရောဂါပိုး ကူးစက်ခံထားရသော မိန်းကလေး ငယ်တဦးနှင့် ပတ်သက်၍ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်သတင်းယူခဲ့ရာမှ ဆေးစစ်ခံခဲ့ရသည့် အဖြစ်အပျက်အား ရည်ရွယ်စွပ်စွဲခြင်း ဖြစ်သည်။
ယင်း ပြည်ပအခြေစိုက် သတင်းဌာန ၂ ခုသည် ကာယကံရှင်အား လာရောက်မေးမြန်းခြင်းမရှိဘဲ ခိုင်မာမှုမရှိသည့် ‘တဆင့်ပြော စကားများ’ ကို အင်တာနက် စာမျက်နှာပေါ်၌ ဖော်ပြခဲ့ခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း Weekly Eleven ၏ အင်တာနက် စာမျက်ပေါ်၌ ဖော်ပြထားသည်။
ကိုဝင်းမြင့်ကျော်သည် လုံခြုံရေးဝန်ထမ်းများအား လာဘ်ထိုး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ A (H1N1) လူနာအား ဓာတ်ပုံရိုက်ရန်ကြိုးစားစဉ် အာဏာပိုင်များ၏ ‘ဖမ်းဆီးထိန်းသိမ်း’ ခြင်းခံခဲ့ရသည်ဟု ယခုလ ၁ ရက်နေ့ RFA သတင်း တပုဒ်တွင် ပြည်တွင်းသတင်းထောက်တဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။
Weekly Eleven ကမူ ဖမ်းဆီးထိန်းသိမ်းခြင်း မဟုတ်ဘဲ “တာဝန်ရှိသူများ၏ မေတ္တာရပ်ခံချက်ကြောင့်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ဒေါ်နုနုသာ၏ စီစဉ်မှုဖြင့် ဝေဘာဂီကူးစက်ဆေးရုံသို့ A (H1N1) ပိုး ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် ပို့ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ရေးသားထားသည်။
ပြီးခဲ့သည့်လ ၂၉ ရက်နေ့ထုတ် မဇ္ဈိမသတင်းဌာန အင်တာနက်စာမျက်နှာတွင်လည်း “တာဝန်ကျအစောင့်အား လာဘ်ပေး၍” ဓာတ်ပုံရိုက်ရန် ကြိုးစားသူ သတင်းထောက်တဦးကို ရောဂါကာကွယ်ရေးကိရိယာများ သုံးစွဲခြင်း မရှိသဖြင့် ရောဂါပိုး ကူးစက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် တာဝန်ရှိသူများက “ထိန်းသိမ်း” ထားလိုက်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး တဦးကို ကိုးကားဖော်ပြထားသည်။
ကိုဝင်းမြင့်ကျော်သည် သတင်းသွားယူစဉ် တလျှောက်လုံး Surgical Mask (ခွဲစိတ်ခန်းသုံး မျက်နှာဖုံးစွပ်) ကို တပ်ဆင်ထားကြောင်း Weekly Eleven က ဖော်ပြသော်လည်း အဆိုပါ အစောင့်အား အရေးယူလိုက်သည်ဟု မဇ္ဈိမသတင်းဌာန၌ ဖော်ပြထားမှုနှင့်ပတ်သက်၍မူ တစုံတရာ ရေးသားထားခြင်း မရှိပေ။
ထို့အပြင် RFA က ကိုဝင်းမြင့်ကျော်အား ဆေးရုံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် Weekly Eleven ၌မူ ကိုဝင်းမြင့်ကျော်အား ဆေးစစ်ကြည့်ရာ A (H1N1) ရောဂါပိုး ကူးစက်ခြင်း မရှိသည်ကို တွေ့ရကြောင်းနှင့် ၁၀ ရက်ကြာ စောင့်ကြည့်ပြီးပါက ပြန်ခွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။
ပြည်ပအခြေစိုက် သတင်းဌာနများသည် အချို့သတင်းများကို ရေးသားဖော်ပြရာ၌ သတင်းရင်းမြစ်များ၏ လုံခြုံရေးကို အကာအကွယ်ပေးသည့် အနေဖြင့် သူတို့၏ အမည်အတိအကျကို လျှို့ဝှက်ထားပေးရလေ့ ရှိသည်။
Monday, 6 July 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment