ရှောင်တားနဲလ် (Sean Turnell)
သောကြာနေ့၊ သြဂုတ်လ 07 ရက် 2009 ခုနှစ် 15 နာရီ 39 မိနစ်
ိ-မဇ္ဈိမ-
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ပြတရားရုံးတွင်တင်၍ တရားစွဲဆိုလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားလာကြပြန်ပြီး စစ်အစိုးရနှင့် မည်သို့ဆက်ဆံရမည်ဆိုသည်ကို ဆွေးနွေးကြရပြန်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ဗိုလ်ချုပ်ကြီးများကို ချော့မြူရန် ဖွံ့ဖြိုးရေးအကူအညီကို ဆုအဖြစ် ပေးသင့်သည်ဟု မကြာသေးခင်က အကြံပြုခဲ့သည်။
သို့သော် အများယုံကြည်နေကြသကဲ့သို့ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေနေသည် မဟုတ်ပါ။
အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချသူအဖြစ် ပေါ်ထွက်လာသည်။ လောလောဆယ်တွင် ဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံသို့ ရောင်းချနေပြီး မကြာမီအချိန်အတွင်း တွင်းသစ်များမှ ထွက်ရှိသော ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။ ဓာတ်ငွေ့ဝယ်လိုအား များလာခြင်း၊ ဈေးနှုန်းတက်လာခြင်းတို့ကြောင့် စစ်အစိုးရအတွက် ဓာတ်ငွေ့ပို့ကုန်မှ ရငွေသည်လည်း တဟုန်ထိုး တိုးတက်လာလိမ့်မည်။
ထို့ကြောင့် ယခုဘဏ္ဍာရေးနှစ်အတွက် ငွေပေးငွေယူရှင်းတမ်း ပိုငွေသည် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၅ ဘီလျံအထိ ရှိလာလိမ့်မည်။ ယခုနှစ်ကုန်တွင် တိုင်းပြည်၏ နိုင်ငံခြားအရန်ငွေ ပမာဏသည်လည်း ဒေါ်လာ ၅ ဘီလျံကျော်အထိ ရှိလာမည်ဖြစ်သည်။
ဤဝင်ငွေများကြောင့် တိုင်းပြည်၏ တရားဝင် ဘဏ္ဍာရေးရှင်းတမ်းများကိုတော့ အပြောင်းအလဲ ဖြစ်သွားစေမည် မဟုတ်ပါ။ အကြောင်းက ရှင်းပါသည်။ မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ရောင်းရငွေ အမေရိကန် ဒေါ်လာကိန်းဂဏန်းများကို `တရားဝင်´ ငွေလဲနှုန်းဖြစ်သော တဒေါ်လာလျှင် ၆ ကျပ်ဖြင့် တွက်ချက်ဖော်ပြသောကြောင့်ဖြစ်သည်။
ဤနှုန်းသည် ဈေးကွက်တန်ဖိုးနှင့်ယှဉ်လျှင် ကျပ်ငွေတန်ဖိုးကို အဆ ၂၀၀ နီးပါး မြင့်တက်နေစေပြီး၊ ဓာတ်ငွေ့ရောင်းရငွေ ပမာဏကိုလည်း အလားတူ အဆ ၂၀၀ နီးပါး လျော့နည်းဖော်ပြစေပါသည်။ တရားဝင် ဈေးနှုန်းနှင့်သာ တွက်ချက်ဖော်ပြလျှင် မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ရောင်းရငွေသည် ဘတ်ဂျက်ရငွေ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းပင် ရှိမည်မဟုတ်ပါ။
ယင်းနှင့် ဆန့်ကျင်စွာပင် ဓာတ်ငွေ့ရောင်းရငွေကို ဈေးကွက်ပေါက်ဈေးနှင့် တွက်ချက်ဖော်ပြမည်ဆိုပါက နိုင်ငံတော်မှ ရငွေအားလုံး၏ ၂ ဆပင် ကျော်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေကို အများကြီး လျော့နည်းသွားစေပါလိမ့်မည်။
ဤသို့ မျက်လှည့်ပြရခြင်းမှာ ဓာတ်ငွေ့ရောင်းရငွေများကို တိုင်းပြည်ဘတ်ဂျက် ငွေစာရင်းများတွင် ထည့်မပြဘဲ `တသီးတသန့်ဖယ်ထား´ ပြီး ဖျောက်ထားလိုခြင်းကြောင့် ဖြစ်သည်။ သို့မှသာ စစ်အစိုးရသည် သူတို့နှင့် အမြီးစားဘက် ခေါင်းစားဘက် စီးပွားရေးသမားများနှင့် ထိုငွေကို ထင်သလိုသုံးနိုင်မည် ဖြစ်သည်။ ဤသို့ သုံးနိုင်ရေးအတွက် ငွေစာရင်း ရေးးဆွဲရေးလုပ်ငန်းများကို နိုင်ငံတော်ပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် အခြား လိုလားလျက်ရှိသော ကမ်းလွန်ဘဏ်များက ကူညီလုပ်ကိုင်ပေးကြပါသည်။
ဤများပြားလှသော ငွေကြေးများဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ငွေမတန်တဆ သုံးရသော စီမံကိန်းကြီးများကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် အုပ်ချုပ်ရေးမြို့တော်သစ် နေပြည်တော် (မင်းနေပြည်) တည်ဆောက်ခြင်းလည်း ပါဝင်သည်။ ဘာမှန်းမရေရာသည့် လုပ်ငန်းတွင် သုံးစွဲရန် နျူကလီးယား နည်းပညာများကိုလည်း ရုရှမှ ဝယ်ယူနေသည်၊ မြောက်ကိုရီးယားမှလည်း အလားတူ ဝယ်နိုင်နေခြေရှိသည်။
ဤသို့သော အပြုအမူမျိုးသည် မြန်မာနိုင်ငံတွင် အသားကျနေသည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တိုင်းပြည်ထုတ်ကုန်အားလုံးကို တောက်လျှောက်ပင် ထိုသို့ သိမ်းယူသုံးစွဲလာခဲ့ပြီး တဖက်တွင်လည်း အခြေခံဈေးကွက် အဆောက်အအုံမှန်သမျှကို ဖျက်ဆီးပစ်လိုက်သည်။
မြန်မာနိုင်ငံတွင် ထိရောက်သော ပစ္စည်းပိုင်ဆိုင်ခွင့် အခွင့်အရေးဟူ၍ မရှိပါ။ ဥပဒေစိုးမိုးမှုမှာလည်း အားနည်းလှသည်။ မက်ခရိုစီးပွါးရေး မူဝါဒများမှာလည်း အပြောင်းအလဲမြန်၊ ကြိုတင်ခန့်မှန်းနိုင်ခြင်းလည်း မရှိ၊ သတင်းအချက်အလက်များမှာလည်း ချို့တဲ့အားနည်းလှသည်။ အစိုးရသည် ဝင်ငွေထက် အဆများစွာပို၍ သုံးစွဲခဲ့သည်။ လိုသမျှငွေကို အလွယ်တကူပင် ငွေစက္ကူသစ်များ ရိုက်နှိပ်သုံးစွဲသည်။ ဤသို့ဖြင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံ၏ ထင်ရှားသော ကော်ပိုရေးရှင်းအများစုကို စစ်တပ်က ပိုင်ဆိုင်သည်။
Transparency International ၏ အကဲဖြတ်သုံးသပ်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ အကျင့်ပျက် ခြအစားဆုံး နိုင်ငံဖြစ်သည်။ တချိန်က ကြီးကျယ်ခမ်းနားလှသော မြန်မာနိုင်ငံ ကျဆုံးသွားရပုံမှာ မယုံနိုင်စရာပင် ဖြစ်သည်။ တချိန်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနှင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်သည်။ ယခုတော့ မိမိနိုင်ငံသားများကိုပင် အနိုင်နိုင်ကျွေးနေရသည့် အခြေသို့ ဆိုက်နေသည်။ ၁၉၅ဝ ခုနှစ်က မြန်မာနိုင်ငံ၏ တဦးကျ ဝင်ငွေမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဆတူနီးပါးမျှ ဖြစ်သည်။
ယခုတော့ ဘာသာရေး၊ ယဉ်ကျေးမှု၊ ရုပ်ဝတ္တုပစ္စည်းများရရှိမှု အတူတူမျှပင် ဖြစ်သော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးစုစုပေါင်း (GDP) မှာ မြန်မာနိုင်ငံ၏ ၇ ဆမျှ ရှိသွားပြီဖြစ်သည်။ မြန်မာပြည်သူများမှာ ဆင်းရဲပါသည်။ သို့သော် သူတို့ကို ဖိနှိပ်နေသော စစ်အစိုးရကတော့ မဆင်းရဲပါ။ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဤညီမျှခြင်းကို ပြောင်းလဲပစ်ရန် လိုပါသည်။ ကျန်ကမ္ဘာ့နိုင်ငံများက ဝင်ရောက်ဆောင်ရွက်ကြလျှင်လည်း ဤရလဒ်ကို ရရှိရေးအတွက် ဝိုင်းဝန်းလမ်းညွှန်ပေးသင့်ပါသည်။
(ယခုလ ၆ ရက်နေ့က The Wall Street Journal တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးရှင် မစ္စတာ တားနဲလ်သည် မြန်မာ့စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့ (Burma Economic Watch) ၏ အယ်ဒီတာဖြစ်ပြီး ဆစ်ဒနီမြို့ Macquarie University ၏ တွဲဘက်ပါမောက္ခလည်း ဖြစ်သည်။)
Sunday, 9 August 2009
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment