Wednesday, 5 August 2009
မြန်မာ့အရေး ဂျပန်ပြည်သူများ ပိုမိုသိရှိလာစေရန် တိုက်တွန်း
-ကိုကိုအောင်-
တိုကျို
ဂျပန်နိုင်ငံ တိုကျို မြို့ သို့ ရောက်ရှိနေကြသော ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် များဖြစ်ကြသည့် ကိုမိုးသီးဇွန် နှင့် ကိုမြတ်စိုး၊ABSDFခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုဆလိုင်းယောအောင်၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် ဂျပန်ဌာနခွဲရုံးမှ ဒါရိုက်တာ ကိုကိုအောင် တို့ တိုကျိုမြို့ရှိ ဂျပန်သတင်းမီဒီယာတစ်ခုဖြစ်သော APF သတင်းဌာနသို့ သွားရောက်ခဲ့ကြသည်။ ထိုသို့ သွားရောက်ခဲ့စဉ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြလမ်းလျှောက်နေစဉ် နအဖ လက်ကိုင်ဒုတ်များ၏ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရသော APF သတင်းဌာန မှ ရုပ်မြင်သံကြားသတင်းထောက် ကင်ဂျီနာဂအိ (Kenji Nagai) သေဆုံးခဲ့မှု အပေါ် မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အတူ အထူးကြေကွဲဝမ်းနည်း ပါကြောင်း ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် တဖက်တလှမ်းက သူ၏ တက်မြောက်ထားသည့် ပညာဖြင့် စွမ်းဆောင်ခဲ့ သော လုပ်ရပ်များကို အထူးဂုဏ်ယူပါကြောင်း သွားရောက်ပြောဆို ခဲ့ကြသည်။ ကင်ဂျီနာဂအိ (Kenji Nagai) ၏ လုပ်ဖော်ကိုင်ဖက်များကိုယ်စား Toru Yamaji က ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ရှိ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းများ နှင့် နိုင်ငံရေးအခြေအနေများ၊ သတင်းအချက်အလက်မှန်များ ကို ဂျပန်သတင်းမီဒီယာများ မှတဆင့် ဂျပန်ပြည်သူများ ပိုမိုသိရှိလာစေရန် တိုက်တွန်းခဲ့ကြပါသည်။
ကင်ဂျီနာဂအိ (Kenji Nagai) ဟာ မြန်မာနိုင်ငံတွင် နအဖ စစ်အုပ်စု ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့သော လူထုလှုပ်ရှားမှု အတွင်း သတင်းသွားရောက်ယူခဲ့စဉ် သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရပါသည်။ ကင်ဂျီနာဂအိ (Kenji Nagai) ဟာ အာဖဂန်၊ အီရတ်၊ ကမ္ဘောဒီးယား၊ ပါလစ်စတိုင်း ဒေသများတွင်လည်း သတင်းထောက်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးကြောင်းသိရှိရပါသည်။ အင်မတန် တိုက်ပွဲပြင်းထန်တဲ့ စစ်မြေပြင်တွေမှာ အတင်းရယူစဉ်က အသက်ဘေးက လွတ်မြောက်ခဲ့သော်လည်း၊ ရန်ကုန်မြို့တော် လမ်းမကြီး ပေါ်မှာ သတင်းရယူစဉ်မှာတော့ ဌက်ကလေးတစ်ကောင်လို သေနတ်ဖြင့် ချိန်ရွယ် ချောင်းမြောင်း ပစ်သတ်ခံခဲ့ရတယ်။
ကင်ဂျီနာဂအိ (Kenji Nagai) - မြန်မာ့ဒီမိုကရေစီရရှိရေးသမိုင်းမှာ သင်၏ အသက်စွန့် ပေးဆပ်သွားခဲ့မှု အပေါ် သင်၏မိသားစု၊ သင်၏လုပ်ဖော်ကိုင်ဘက်များနှင့် အတူ အထူး မှတ်တမ်းတင် ဂုဏ်ယူပါတယ်။
သင်-ကောင်းရာသုဂတိလားပါစေ။
at 14:58
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment