-မြတ်စိုး-
၀၉.၂၅.၂၀၀၉
ဒီမြို့လေးကိုပြန်မရောက်တာ အနှစ် ၂၀ ကျော် ကြာလှပါပြီ။ ကိုယ့်ရဲ့ မိတ်ဆွေဟောင်း၊ ကျေးဇူးရှင်ဟောင်း တွေဖြစ်ကြတဲ့ မနော်စာကလေးတို့ ၊ အန်တီချစ်ဆိုင်တို့ ၊ ကိုကျောက်ခဲ တို့မိသားစု တို့ကို လည်း တွေ့ချင်လှသည်။ ကျနော်၊ ဒေဝေါ်၊ စိန်ထွန်း၊ တတိုင်းမွှေး၊ ၀င်းအောင်၊ကျော်စွာ၊အောင်ထွန်း၊ မိုးကျော်ကြီး၊ ထူးအိမ်သင်တို့ တနေ့ ဘတ်၄၀ နဲ့ မြေတူး အလုပ်လုပ်ခဲ့ရတဲ့ ကျောက်စီကုမ္ပဏီရဲ့ တိုက်တန်း နောက်က နေရာဟောင်း လေး ကိုလည်း ပြန်လည်တွေ့ချင်သည်။ ကျနော်တို့ နောက်ဆုံး နေခဲ့တဲ့ ကျောင်းသားတွေ ဖွင့်လှစ်ခဲ့တဲ့ ဆေးရုံဟောင်းနေရာလေးကိုလည်း ပြန်ကြည့်ချင်မိသည်။ ရှိသမျှ အလုပ်တွေကို တရပ်နား၊ ကင်မရာတစ်လုံးကို ကိုင်ပြီး ဒုတိယ ကျင်လည်ခဲ့ရာ မွေးရပ်မြေကို ရှောက်ကြည့်ဖို့ ဆိုက်ကယ်တစ်စီးဖြင့်သာ အသောနှင်ခဲ့သည်။ ဒီလို အလည် ပြန်လာ ခဲ့တဲ့ ဒုတိယ ကြီးပြင်ခဲ့တဲ့ မွေးရပ်မြေ လိုဆိုတဲ့ မြို့လေးကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပင်ဖြစ်သည်။ ကျနော် ဒီမြို့ကလေးကို ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ ရောက်ရှိခဲ့သည်။
ယခင်က မဲဆောက်မြို့ကို မြန်မာ လူစိမ်းတစ်ယောက်ဝင်လာရင် သိသာထင်ရှားသည်။ မြန်မာလူမျိုးများကို ပုဆိုး၊လုံချည်တို့နှင့် တွေ့ရခဲသည်။ ကရင်လူမျိုး လှပျိုဖြူတွေ၊ လူပျိုပေါက်တွေ ကို ထိုင်းလူမျိုးတွေ ပိုင်ဆိုင်တဲ့ကုန်စုံဆိုင်တွေမှာ တွေ့ရတက်သည်။ ထိုင်းလူမျိုးတွေ၊ ထိုင်းကျောင်းသူကျောင်းသားတွေကို လမ်းခွဆုံတိုင်းမှာ တွေ့ရတက်သည်။ လမ်းပုံးပွဲတွေကို လူစည်ကားရာ ရပ်ကွက်တွေမှာ အမြဲဆိုသလိုတွေ့ရတက်သည်။
ယခုတော့ အဲဒီလိုမဟုတ်တော့။ ရန်သူ့ လူလား၊မိတ်ဆွေတွေလား ခွဲ၍မရ။ ကရင်လူမျိုး လှပျိုဖြူတွေ၊ လူပျိုပေါက်တွေ ကိုလည်း ထိုင်းစတိုးဆိုင်ကြီးတွေမှာ မတွေ့ရသလောက် ဖြစ်နေသည်။
မဲဆောက်လမ်းမတွေပေါ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ဘာသာရေး သင်တန်းကျောင်း မှ စာသင်သားများ နှင့် ပုဆိုး၊လုံချည်တို့ဝတ်ထားကြတဲ့ မြန်မာလူမျိုးများကို ပုရွဲဆိတ်အုံတွေ လိုပင် နေရာအနှံအပြား မှာ တွေ့လာရသည်။ မဲဆောက်မြို့ ဟာ မြို့ကို အုပ်ချုပ်သူတွေသာ ထိုင်းလူမျိုးတွေဖြစ်နေတာကြောင့် မြန်မာလူမျိုး သိန်းနဲ့ချီ နေထိုင် နေကြတဲ့ ဒီမြို့ လေးကို မြန်မာမြို့ လို့ပင်ခေါ်ဆိုရ မလောက် ဖြစ်နေသည်။ မဲဆောက်ဈေးကြီး၊ ဈေးသစ်မှာ ရောင်းသူ၊ ၀ယ်သူတွေ ဟာ မြန်မာတွေကြီးပင်ဖြစ်နေသည်။ မဲဆောက်မြို့ မှာ နှစ်ချီနေထိုင်နေတဲ့ မြို့ခံတစ်ဦးက ရှင်းပြသည်။
“ကရင်လူမျိုးလှပျိုဖြူတွေ၊ လူပျိုပေါက်တွေ နှင့် မိသားစုတွေဟာ ဒုက္ခသည်စခန်းတွေ၊ ပြည်ပနိုင်ငံတွေကို သွားရောက်ရွေှ့ပြောင်းနေထိုင်နေကြတယ်။ မြို့ခံ ထိုင်းလူမျိုးတွေကတော့ အစိုးရလုပ်ငန်းတွေ၊စတိုးဆိုင်ကြီးတွေ၊ ဘဏ်လုပ်ငန်းတွေမှာ လုပ်ကိုင်ပြီးမြို့ပြင်တွေမှာ နေကြတယ်။ တချို့ ထိုင်းလူမျိုးတွေဟာ ဘန်ကောက်လို မြို့ကြီးတွေလို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတယ်။ သူတို့လုပ်ကိုင်နေတဲ့ နေရာတွေမှာ လစာနည်းနည်းနဲ့ ခိုင်းလို့ရတဲ့ မြန်မာနိုင်ငံက ရွေှ့ပြောင်းအလုပ်သမားတွေနဲ့ အစားထိုးခဲ့ကြတယ်။”
တူညီတဲ့အလေ့အကျင့်တစ်ခုကိုတော့လည်း ဆက်လက် တွေ့ရသေးသည်။ ရဲ နှစ်ယောက် ဆိုက်ကယ်စီးပြီး၊ လူစီကားတဲ့ နေရာတွေ မှာ တရားမ၀င် လာရောက်နေထိုင်နေကြတဲ့ မြန်မာတွေကို လိုက်လံဖမ်းဆီး ငွေတောင်းနေတက်တာကတော့ ဆက်လက်တွေ့မြင်နေရဆဲပါ။ ကျနော့် မိတ်ဆွေကြီးပင် တရားဝင်နေထိုင်ခွင့် မှတ်ပုံတင် လူနဲ့အတူမပါလာ၍ အဆစ်ပါသွား သေးသည်။ ဘတ်ငွေ ၅၀၀ ပေးလိုက်၍ အဆင်ပြေသွားခဲ့သည်။
ဒါနဲ့ တိုးတက်နေတာလေးတွေလည်းတွေ့ရှိရသည်။ မဲဆောက်မြို့နှင့် မဲဆောက်မြို့ရဲ့ တဘက်ကမ်း မြန်မာနိုင်ငံမြ၀တီမြို့လေးမှာတော့ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာခန်းတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို ပြောင်ပြောင်တင်းတင်း တွေ့ခဲ့ရသည်။ ကြားသိခဲ့ရသည်။
စစ်ကျွန်အောက်က မြန်မာပြည်သူတို့၏ ဆင်းရဲမွဲတေနေမှု
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ ဆန်ကွဲဆန်ပြုတ် စားနေကြရတာကို ကျွန်နော်တို့ မြင်တွေ့ခဲ့ကြရတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ အမှိုက်ပုံက အစားအစာတွေကို ရှာဖွေစားနေကြရတယ် ဆိုတာ ကျွန်နော်တို့ မြင်တွေ့ခဲ့ ကြရတယ်။ ၂၀၁၀ နောက်ပိုင်းမှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဘာတွေကို စားတာ မြင်ကြရမလဲ?။
၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ ဆန်ကွဲဆန်ပြုတ် စားနေကြရတာကို ကျွန်နော်တို့ မြင်တွေ့ခဲ့ကြရတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဟာ အမှိုက်ပုံက အစားအစာတွေကို ရှာဖွေစားနေကြရတယ် ဆိုတာ ကျွန်နော်တို့ မြင်တွေ့ခဲ့ ကြရတယ်။ ၂၀၁၀ နောက်ပိုင်းမှာ ဆင်းရဲသား မြန်မာပြည်သူတချို့ ဘာတွေကို စားတာ မြင်ကြရမလဲ?။
ဒီလို အကျင့်ဆိုးတွေ၊ ဒုစရိုက်မှုတွေ တိုးတက်မှုတွေဟာ နယ်စပ်ဒေသတလျှောက်လုံးမှာ ဖြစ်ပျက်နေသည်။ ကျနော်နဲ့ အတူခရီးသွားခဲ့တဲ့ အသိမိတ်ဆွေတစ်ယောက် ပြောပြတာလေးကို သွားသတိရမိသည်။ ကျနော်နဲ့ရင်းနှီးခဲ့တဲ့ ဆွီဒင်နိုင်ငံသား ညီအကို နှစ်ယောက် ထိုင်းနိုင်ငံ ရနှောင်းကနေတဆင့် ကော့သောင်းမြို့ကို သွားရောက်လည်ပတ် ခဲ့ကြသည်။ သူတို့ မော်တော်ဘုတ် နဲ့ ကူးသွားစဉ်လမ်းတလျှောက်မှာပဲ၊ မြန်မာဘက်ကမ်း ရောက်ရင် မူးယစ်ဆေးဝါးယူမလား၊ အနှိပ်ခန်းသွားမလား၊ ပြည့်တန်ဆာတွေနဲ့ အသုံးတော် ခံလို သလား ဆိုတဲ့ လားပေါင်းစုံနဲ့ မေးခွန်းတွေ မေးမြန်းခြင်းခံခဲ့ရတယ် လို့ဆိုသည်။ မြန်မာဘက် က လူဝင်မှုကြီးကြပ်ရေးရုံးခန်း အနားရောက်တော့ အရက်နံ့တွေထွက်နေတဲ့ အသက် ၂၀ ကျော်လူငယ်တစ်ဦးက အတင်းလာခေါ်ပြီး၊ အနီးနားရှိ မြင်နေရတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ပို့ပေးပြီး ဘတ်ငွေ ၁၀၀ ပေးရမယ်လို့ ပြောသည်။ အကူအညီ မလိုပဲနဲ့ အတင်းအဓ္ဓမ ငွေတောင်းလို့ သူနဲ့ အခြေအတင်ဖြစ်ခဲ့ရသည်။ ဒီလူငယ်ရဲ့ လုပ်ရပ်ကို ရဲတွေ၊ လ၀က ဆိုတဲ့ ယူနီဖောင်းဝတ်ထားတဲ့ က လူတွေကလည်းမြင်သည်။ မျက်နှာတွေ ရှစ်ခေါက်ချိုးနဲ့ မသိချင်ဟန်ဆောင်နေကြလို့ နောက်ဆုံး ဘတ်ငွေ ၄၀ ပေးပြီး၊ အမြန်ပြန်လာ ခဲ့ကြတော့ တယ်လို့ ဆိုသည်။ ဒီလူငယ်ဟာ ဘတ်ငွေ ၄၀ ကိုင်ပြီး နီးရာ အရက်ဆိုင်ထဲကို ၀င်သွားတာတွေ့ရတယ်လို့ ပြောပြဘူးသည်။ ကိုယ့်နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေ ဟာ ဒီလိုအမေးခံရတော့ သူတို့ သွားရောက်လည်ပတ်မဲ့ နိုင်ငံဟာ ဘယ်လို နိုင်ငံလည်းဆိုတဲ့ မေးခွန်းထုတ်စရာတွေဖြစ်လာ ခဲ့တယ်လို့ပြန်ပြောပြတယ်။ ဒါတွေဟာ နအဖ စစ်အုပ်စု ခေါင်းဆောင် တွေ ပြောနေတဲ့ နယ်စပ်ဒေသဖွံ့ဖြိုးမှု တွေလား ဆိုတာမေးခွန်း ထုတ်စရာ ဖြစ်လာသည်။
နောက်ထပ် တိုးတက်မှုကတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းလို့ ခေါ်ကြတဲ့ “အင်ဂျီအို” တွေ၊ “အိုင်အင်ဂျီအို”တွေ ပါပဲ။ မဲဆောက်မြို့မှာ ဆွစ်ဇလန်လူမျိုးတစ်ဦးဟာ အင်ဂျီအို ရုံးခန်းတွေလို့ ယူဆရတဲ့ ရုံးခန်းတွေကို မြင်တိုင်း သူ့အတွက် အလုပ်ရှိသလားလို့ လိုက်မေးနေတာကို တွေ့ခဲ့ရသည်။ ဒါကို ကြည့်ခြင်းဖြင့် အင်ဂျီအို တွေဟာ မှိုပွင့်တွေလို မဲဆောက်မြို့ နေရာအနှံ့အပြားမှာတွေ့ရသည်။ လမ်းတိုင်းမှာ သူတို့ ရုံးခန်းတွေနဲ့ မကင်းနိုင်ပါဘူး။
နောက်တိုးတက်မှုတစ်ခုက တရားဝင်လူကုန်ကူးနေကြတဲ့ အခွန်အကောက် ပါ။ မော်လမြိုင်ကနေ မဲဆောက်ထိ ဘတ်ငွေ တစ်သောင်း ခုနှစ်ထောင်ကုန်ကျခဲ့ရတယ်လို့ တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ ရွေှ့ပြောင်းအလုပ်သမားတွေက ရင်ဖွင့်ခဲ့ကြသည်။ ဥပမာ- ကားရဲ့ ရှေ့ခန်းက စီးရင် ဘတ် ၆၀၀၀၊ နောက်ခန်းက စီးရင် ဘတ် ၄၀၀၀၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမပြနိုင်ရင် ဘတ် ၂၀၀၀ ကနေ ၆၀၀၀ ၊ တစ်ခါလာဘူးရင် ၁၀၀၀၊ တစ်ခါမှ မလာဘူးရင် ၂၀၀၀ ကနေ ၃၀၀၀ စသဖြင့် ဆက်ကြေးသဖွယ် ပေးကြရသည်။ယခင်ကထက် ပိုပြီး ကုန်ကျနေတယ်လို့ဆိုသည်။
“ယခင်က ဂိတ်ကြေး တွေကို ၀ါးလုံးတွေတားပြီး ဌာနဆိုင်ရာ အသီးသီးက ကောက်ခံ နေကြတာ၊ အခုဆိုရင် ၀ါးလုံးတွေ လမ်းတလျှောက် တားတာ ပိုလာတယ်လို့ ဆိုတယ်။ အခုဆို မော်လမြိုင်ကနေ မြ၀တီအထိ ၁၅ လုံး၊ အလုံး၂၀ လောက်ရှိတယ်။ ငြိမ်းချမ်းရေးယူထားတဲ့ သူတွေ၊ ဒီကေဘီအေ၊ စသဖြင့် တဖွဲ့ တစ်လုံး တားပြီး ဆက်ကြေးသဖွယ် ကောက်ခံ နေကြတယ်လို့ဆိုတယ်။ ၀ါးလုံးတစ်လုံးကို ကျော်ဖို့ ဘတ် ၅၀၀ ကနေ ၁၀၀၀ ထိ ပါလာတဲ့ကုန်ပစ္စည်းပေါ်မှာ မူတည်ပြီးပေးကြရတယ်လို့ဆိုတယ်။ ပြန်ရင်လည်း ပေး၊ သွားရင်လည်း ပေးရမို့ မဲဆောက်ရောက်ရင် နှစ် နှစ် ကနေ သုံးနှစ်လောက်ထိ မှ မပြန်နိုင်တော့ဘူးလို့ဆိုတယ်။ဒါပေမဲ့ လူကြီးတွေလို့ ဆိုသူတွေလာရင် ဒီဝါးလုံးတွေမရှိကြတော့ဘူးလို့ဆိုတယ်။”
နောက်ဆုံးတွေ့ခဲ့ရတဲ့ တိုးတက်မှုတစ်ခုကတော့ ထိုင်းနိုင်ငံမှ တဆင့် ထောင်နဲ့ချီ တင်သွင်းနေတဲ့ မော်တော်ကားတွေ၊ မော်တော်ကားတွေကို တင်ပို့နေကြတဲ့ ထရပ်ကားကြီးတွေ မဲဆောက်မြို့ တဘက်ကမ်းမှာ နေ့စဉ်နဲ့အမျှ တန်းစီနေကြတာကို တွေ့ရတယ်။ ဒီလို လာဘ်ပေးလာဘ်ယူပြီး တင်သွင်းနေတဲ့ ဇိမ်ခံကားတွေအတွက် နိုင်ငံပိုင်ငွေနဲ့ ဘယ်လို လောင်စာဆီတွေ ၀ယ်ယူမလဲ၊ ဘယ်လောက် နိုင်ငံပိုင်ငွေတွေ ကို သုံးစွဲရမလဲဆိုတာ ကတော့ တွေးမရဲတက်အောင်ပဲ။ မြန်မာနိုင်ငံမှာ ဓာတ်ဆီဈေးဟာ ဘာကြောင့် ကမ္ဘာ့ပေါက်ဈေးထက်ကြီးနေလဲဆိုတဲ့ အမေးဟာ ဖြေစရာမလိုတဲ့မေးခွန်းတွေ ဖြစ်လာသလို၊ နယ်စပ်ဒေသမှာ တာဝန်ကျနေပါတယ်ဆိုတဲ့ နအဖ စစ်တိုင်းမှူးတို့ ၊ အရာရှိတွေဟာ ဒီမိုကရေစီဆိုတဲ့ စကားကြား ရတာဟာ တစ္ဆေသူရဲတွေကို ပုရိတ်တရားတော် ရွက်ပြခံနေရတာလို သူတို့တွေကြားနေရလို့ ကြားခြင်ကြမှာမဟုတ်တော့ဘူးလို့ ထင်ပါသည်။ အာဏာရှင် စံနစ် ရဲ့ သစ်ဖု၊သစ်ဥတွေ ကို အလွန် သဘောတွေ့နေကြမှာ အမှန်ပင်ဖြစ်သည်။
“တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ လို့” နားထောင်လို့ ကောင်းအောင် အပြောကောင်း တဲ့ ရွှေမန်းလည်း အခုတော့လည်း အက ကတော့ ချိုမိုင်မိုင်ဖြစ်နေပြီလား ဆိုတာကတော့ သူကိုယ်တိုင် ပြန်ဖြေရတော့မည့် အချိန်ဖြစ်နေပါပြီ။
ဒီလိုနဲ့ အပြန်လမ်းကို အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့တယ်။ အခန်းရောက်လို့ တီဗွီကို ဖွင့်လိုက်ချိန် မှာ မြ၀တီ တီဗွီ (ရုပ်မြင်သံကြား)အစီအစဉ်ဖြစ်နေလို့ ခဏတာ ကြည့်ရှု့မိပြန်တယ်။ ရှေးယခင် နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့တဲ့ ဘုရားတွေရဲ့ အကြောင်း၊ ဘုရင်တွေ၊ စစ်သူကြီးတွေရဲ့ အကြောင်း၊ ကိုးကန့်စစ်ပွဲအကြောင်းတွေ၊ စိန်တွေ တဖျပ်ဖျပ်လက် နေတဲ့ ဗိုလ်ချုပ်ကတော် တွေရဲ့ စိန်လက်စွပ်ဝတ် လက်ချောင်းတွေနဲ့ အခန်းအနားတွေ ဖွင့်လှစ်ပေးနေပုံတွေကို တွေ့ရတယ်။
ဒါနဲ့ ထိုင်း (ရုပ်မြင်သံကြား) တီဗွီ အစီအစဉ်ကို ပြောင်းလိုက်ချိန်မှာတော့ စိန်ပုံစံ အပွင့်ဖော်ထား တဲ့ ထိုင်းရိုးရာ အစားအစာ အသစ် တီထွင်မှုပြိုင်ပွဲတွေ၊ ကမ္ဘာ့အဆင့်မှီ အရည်အသွေး ကောင်းမွန်သော ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်း အသစ်များ တီထွင်ထုတ်လုပ်မှု ပြိုင်ပွဲတွေ၊ ထိုင်းဘဏ်ကြီး တစ်ခုက ကမ္ဘာ့ဘဏ်တွေနဲ့ အတူ ဘဏ်လုပ်ငန်း နည်းပညာတွေ ကောင်းမွန်ဖို့ ၁၀ ဘီလီယံ သုံးစွဲနေမှု အကြောင်းတွေ၊ တနိုင်ငံလုံး လျှပ်စစ်မီးတွေရရှိဖို့ ဘီလီနဲ့ချီသုံးစွဲနေတဲ့ စွမ်းအင်ဆိုင်ရာရင်းနှီးမြုပ်နှံမှု အကြောင်းတွေ ကို ပြသနေတာတွေ့ခဲ့ရတယ်။
မြန်မာနိုင်ငံက သမိုင်းကြောင်းတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ ပြန်ပြောင်းပြော U Turn သဖွယ် နောက်ဆုတ်ပြန်သွား နေချိန်မှာတော့၊ ထိုင်းရုပ်မြင်သံကြားအစီအစဉ်မှာ ထိုင်းနိုင်ငံလူမျိုး တွေဟာ ဘယ်လို တိုးတက်ဖို့ ရှေ့ဆက်လျှောက်လမ်းကြဖို့ အပြိုင်အဆိုင် ပြုလုပ်နေကြပါလား လို့ တွေးမိခဲ့တယ်။
သည်တခေါက် ဒီမြို့လေးကို အလည်ပြန်ရောက် တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က နဲ့ မတူ လွန်စွာ ကွဲလွဲနေသည်ဟု စိတ်ထဲတွင် ထင်နေမိသည်။ တကယ်လည်း ကွဲလွှဲ ပြောင်းလဲနေမှု တွေကို တွေ့ရတယ်။ ကျနော့်ကျေးဇူးရှင်ဟောင်း တွေနဲ့လည်း ပြန်မတွေ့ရခဲ့ရတော့ပါဘူး။
ဒီနှစ် မဲဆောက်မြို့ မှာ မိုးပါးသည်လို့ပြောကြသည်။ မိုးမရွာတော့ ပို၍ပို၍ ပူလောင်ခြောက်ကပ် လာနေသည်ဟု ခံစားမိသည်။ ဒီထက်ပူနေတဲ့ အပူက ကျနော် အပြန်လမ်းမှာ အတွေးပေါင်းစုံ နဲ့ စဉ်းစားလာခဲ့တဲ့ ရင်တွင်းခံစားချက်တွေလို့ပဲ ပြောပြချင်ပါတော့တယ်။
No comments :
Post a Comment