
-မျိုးချစ်သူ-
၃၀ စက်တင်ဘာ ၂၀၀၉
ခေတ်ပြိုင်ဂျာနယ်
ယမန်နေ့ညနေက သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့အနှံ့ ရေကြီးရေလျှံဖြစ်ကာ ပြည်သူအများ သွားရေးလာရေး အဆင်မပြေဖြစ်ကြရကြောင်း မြို့ခံများက ပြောသည်။
မိုးရွာသွန်းပြီး ရေကြီးခဲ့သဖြင့် မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်းနှင့် အခြားမြို့နယ်တို့တွင် လိုင်းကားများ ရပ်သွားခဲ့သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
“ကားတွေ ရေထဲနစ်သွားတယ်၊ စက်တွေရပ်သွားတဲ့အတွက် ကားစီးရေလျော့သွားတယ်။ ဒါကြောင့် ခရီးသည်တွေ စုပုံသွားတာ။ မနေ့က ညနေမှာ တက္ကစီငှားပြန်ရတဲ့သူတွေချည်း တွေ့ရတယ်ဗျ၊ လိုင်းကားတွေက ရပ်သွားတာကိုး” ဟု ၎င်းက ပြောသည်။
ယမန်နေ့ကရွာသည့် မိုးရေချိန်သည် (၇) လက္မကျော်ရှိကြောင်း မိုးလေ၀သစခန်းမှသိရသည်ဟု စည်ပင်အရာရှိတဦးက ပြောသည်။
မကြာသေးမီက ထုတ်ဝေသည့် The Voice ပြည်တွင်းသတင်းဂျာနယ်တွင် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ရန်ကုန်မြို့ ရေကြီးရေလျှံဖြစ်ခြင်းကို ရေစုပ်စက် (၁၄) လုံးဖြင့် ကာကွယ်မည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မြို့နယ်တိုင်းလို ရေလျှံခဲ့ကြောင်း တာမွေမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ရေကြီးရေလျှံခြင်း မဖြစ်စေရန်အတွက် ယခုနှစ်တွင် ရေမြောင်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့တောင်စည်ပင်က ယခင်နှစ်ထက် ပိုမိုဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်တွင်းထုတ်သတင်းဂျာနယ်များက ရေးသားကြသည်။
အငြိမ်းစားစည်ပင်အရာရှိတဦးကမူ ရန်ကုန်မြို့ကို စနစ်တကျပြုပြင်ရန်အတွက် ငွေအင်အား၊ လုပ်သားအင်အားနှင့် စေတနာအင်အားများလိုအပ်ကြောင်း၊ စည်ပင်အရာရှိများသည် မြို့တော်ဝန်ချပေးသည့် project တခုရပါက ကိုယ့်အတွက် မည်မျှကျန်မည်ဆိုသည်ကို တွက်၍ လုပ်နေကြသည်ဟု ပြောဆိုသည်။
၎င်းက “ရန်ကုန်က လူတွေက စည်ပင်အကြောင်းကို သိပြီးသားဖြစ်နေကြပြီ။ သူတို့လုပ်တာကိုသာ မြင်တာ၊ လူတွေအတွက် အကျိုးခံစားရတာ နည်းတယ်” ဟု ပြောသည်။
ယမန်နေ့က ရွာခဲ့သောမိုးကြောင့် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် ရန်ကုန် စည်ပင်သာယာရေး ကော်မတီရှိရာ မြို့တော်ခန်းမကြီးဘေး ပတ်ဝန်းကျင်တွင်လည်း ရေကြီးရေလျှံခဲ့သည်။
1 comment :
ကြောင်ကိုဘယ်သူခြုစွဲမလဲ.ဒီပုံအတိုင်းသာဆိုရင်တော့
ပုံပြင်ထဲကကြွက်တွေလိုမျိုးပြုတ်မဲ့ကိန်းရောက်တော့
မှာမလွဲပါဘူး.အဲဒီတော့ကြောင်ကိုဘယ်သူခြုစွဲရဲပါသလဲ။
Post a Comment