Monday, 26 October 2009

မူဝါဒများနှင့် စကားပြောခြင်း


-ကျော်သိင်္ခ-
မဇ္ဈိမ



မူဝါဒဆိုတာ လူပုဂ္ဂိုလ်တဦး (သို့မဟုတ်) အဖွဲ့အစည်းတခုက အခြေခံကျတဲ့ ဥပဒေတွေ၊ အယူဝါဒတွေ၊ ယူဆချက်တွေကို ပေါင်းစည်းပြီး ကျင့်သုံးဖို့ သတ်မှတ်ချက်နဲ့ ဥပဒေတွေကို စုစည်းထားတဲ့ ပြဋ္ဌာန်းချက်တခု ဖြစ်ပါတယ်။ မူဝါဒတခုဟာ စည်းမျဉ်း၊ စည်းကမ်းတွေကို ပေါင်းစည်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လုပ်ငန်းစဉ်တခု အောင်မြင်ဖို့အတွက် ကျင့်သုံးရမယ့် အချက်အလက်တွေ၊ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းထားတာလည်း ဖြစ်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေ လူပုဂ္ဂိုလ်တဦးပဲဖြစ်ဖြစ် (ဒါမှမဟုတ်) အဖွဲ့အစည်းတခုကပဲဖြစ်ဖြစ် မူဝါဒတခုကို ချမှတ်ပြီ ဆိုကတည်းက အဲဒီမူဝါဒဟာ ဒီ လူပုဂ္ဂိုလ်အတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ့် (ဝါ) အဖွဲ့အစည်းတခုအတွက် ရေရှည်တည်တံ့စေမယ့် သဘောမျိုးတွေပါတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဘယ်လို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမှ ကိုယ့်အတွက် ဆိုးကျိုးဖြစ်စေမယ့် မူဝါဒမျိုးကို ချမှတ်ကျင့်သုံးမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတခုဟာ မူဝါဒမရှိရင် ရည်မှန်းချက် မအောင်မြင်နိုင်ပါဘူး။ ရည်မှန်းချက် မအောင်မြင်ရင် ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။

မူဝါဒဆိုတာ လူတယောက်အတွက်တော့ ကြိုးတချောင်းလိုပါပဲ။ အဖွဲ့အစည်းတခုက လူတယောက်ကို မူဝါဒတခုထဲကို ဆွဲသွင်းလိုက်တာဟာ အဲဒီလူကို ချုပ်ကိုင်ဖို့ ကြိုးနဲ့ ချည်လိုက်တာပါပဲ။ တချိန်တည်းမှာပဲ အဲဒီသူဟာ အဖွဲ့အစည်းရဲ့ မူဝါဒတွေကို တသွေမတိမ်း လိုက်နာရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေမှာ မတူညီတဲ့ မူဝါဒတွေ အသီးသီး ချမှတ်ထားတာ ရှိပါတယ်။ အဓိကကတော့ ကိုယ်က ဘယ်ကြိုးကို ကြိုက်သလဲ။ ဘယ်ကြိုးနဲ့ အချည်ခံမလဲ ဆိုတာပါပဲ။ မူဝါဒဆိုတာ အဖွဲ့အစည်းကောင်းစေဖို့အတွက် ချမှတ်ထားတာဆိုပေမယ့်၊ လူတိုင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ ကိုယ့်မူဝါဒကဘာလဲ၊ ကိုယ်အလုပ်လုပ်မယ့် အဖွဲ့အစည်းရဲ့ မူဝါဒက ဘာလဲ။ မူဝါဒနှစ်ခုက တထပ်ထဲကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တနေရာရာမှာတော့ ကွဲလွဲချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာမေးခွန်းက ရှိလာပါတယ်။ မူဝါဒနှစ်ခု တထပ်ထဲမကျရုံနဲ့ လက်တွဲပြီး အလုပ်လုပ်လို့ ရနိုင်ပါသလား။ မတူတာတွေကို ဘေးဖယ်ထားပြီး၊ တူတဲ့နေရာကနေ လက်တွဲပြီးလုပ်ရင် အလုပ်ဖြစ်နိုင်ပါတယ်။

မြန်မာ့လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာတော့ မူဝါဒမတူညီဘဲ လက်တွဲလုပ်ဖြစ်တယ်ဆိုတာ ရှားပါတယ်။ ဒါကလည်း စဉ်းစားတွေးခေါ်ပုံ၊ ဗဟုသုတနဲ့ အသိပညာ၊ အတတ်ပညာ ကွာခြားခြင်းကြောင့်လို့ ထင်ပါတယ်။ မြန်မာ့လူ့ဘောင်၊ အဖွဲ့အစည်းတွေကြားမှာ မူဝါဒထက်၊ ပုဂ္ဂိုလ်ရေးကို ဦးစားပေးတာကို တွေ့နေရဆဲပါပဲ။

ပြဿနာတခု ဖြစ်ပြီဆိုလျှင် လူမနိုင်ရင်၊ မူကို ကိုင်တယ်။ လူကိုမုန်းရင်၊ မူကို သုံးတယ်။ လူကိုခင်ရင်၊ မူကိုပြင်ဖို့လည်း ဝန်မလေးကြပါ။ ဒါဘာကြောင့် ဖြစ်ရသလဲဆိုတာ ကျနော်တို့ကိုယ်တိုင် ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

အဓိကကတော့ မူဝါဒတွေမှာ အတ္တတွေ ရောယှက်နေလို့ပါ။ မိမိအဖွဲ့အစည်းရဲ့ အစကနဦး ရည်ရွယ်ချက်ကတော့ ချမှတ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့၊ အဖွဲ့အစည်းကို လက်ရှိအခြေအနေထက် တိုးတက်ဖို့၊ အဖွဲ့အစည်း ရေရှည်တည်တံ့စေဖို့နဲ့ တခြားတခြားသော ရည်ရွယ်ချက်တွေနဲ့ စတင်ပြီး ချီတက်လာတာပါ။ အောင်မြင်မှုတစုံတရာ (သို့မဟုတ်) အောင်မြင်မှုတွေလည်း ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အဲဒီအခါမှာလည်း အောင်မြင်မှု အသီးအပွင့်ရဲ့ ရလဒ်ကို ခံစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုအပေါ်ကို သာယာနေဖို့ မဟုတ်ပါဘူး။ ခေတ်စနစ်ရဲ့ ပြောင်းလဲမှုကိုလိုက်ပြီး မိမိရဲ့အလုပ်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရှေ့မှာလည်း တဆင့်ပြီးတဆင့် ကျော်ဖြတ်ရမယ့် တံတိုင်းကြီးတွေ ကာဆီးနေတဲ့အခါ၊ စိန်ခေါ်မှုတွေအပေါ်မှာ စိတ်ပျက်နေလို့ မဖြစ်ပါဘူး။

မိမိရဲ့ လုပ်ပုံကိုင်ပုံ၊ အတွေးအခေါ်နဲ့ မူဝါဒတွေကိုလည်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နိုင်ဖို့ လိုက်လျောညီထွေစွာ ပြောင်းသင့်ရင် ပြောင်းရပါမယ်။ ရှေးရိုး အယူအဆ၊ ဝါဒစွဲတွေကို ပယ်သင့်ရင်လည်း ပယ်ရမှာပါ။ ပြုပြင်ပြောင်းလဲသင့်ရင်လည်း ပြောင်းလဲရမှာပါ။ မူဝါဒတခု၊ အယူအဆတခုကို အရိုးစွဲအောင် ဆုပ်ကိုင်ဖက်တွယ်ထားတဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်ရမှာပါ။ မူဝါဒတခုဟာ အရင်က မိမိအတွက် (သို့မဟုတ်) မိမိအဖွဲ့အစည်းအတွက် အောင်မြင်မှုတစုံတရာကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် နောက်ထပ် အောင်မြင်မှုတဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် လက်ရှိကျင့်သုံးနေတဲ့မူဝါဒကို ပြောင်းလဲဖို့လိုအပ်ရင်လည်း လိုပါလိမ့်မယ်။ မိမိဟာ မိမိအတွက် လုပ်နေတာလား၊ အဖွဲ့အစည်း တိုးတက်ဖို့တွက် လုပ်နေတာလားဆိုတာကို ပြန်ပြီး စဉ်းစားမိဖို့ လိုပါတယ်။ မိမိအဖွဲ့အစည်း အောင်မြင်မှုတခု ရဖို့အတွက် မိမိမှာရှိတဲ့ အတွေးအခေါ်၊ အယူအဆ၊ လုပ်ကိုင်ပုံ နည်းစနစ်ကို ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်တဲ့ စိတ်ဓာတ်တခုကို ပိုင်ဆိုင်ထားနိုင်တယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းမှာ ရှေးရိုးအယူအဆ၊ အတွေးအခေါ်တွေကို ဖက်တွယ်နေကြသူတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီလို ဖက်တွယ်နေကြခြင်းအားဖြင့် အလုပ်မဖြစ်ဘူး ဆိုတာကိုလည်း သူတို့ကိုယ်တိုင် သိကြပါတယ်။ တကယ်လို့ မိမိရဲ့ မူဝါဒ၊ အတွေးအခေါ်၊ လုပ်ပုံကိုင်ပုံကို ပြောင်းလဲလိုက်ရင် မိမိအဖွဲ့အစည်း ရေရှည်တိုးတက်ပြီး အောင်မြင်မှုရနိုင်မယ်ဆိုပါက အဲဒီလူတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြောင်းနိုင်ပါ့မလား။ မိမိရဲ့ မူဝါဒကို အတ္တနဲ့ တည်ဆောက်ထားတဲ့ သူတွေဆိုရင်တော့ ပြောင်းဖို့ လမ်းမမြင်ပါ။

ဒီကနေ့ မြန်မာ့လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေထဲမှာ မူဝါဒဆိုင်ရာ ပြဿနာကလည်း တခု အပါအဝင်ပါ။ အဖွဲ့အအစည်းတခုက ပန်းတိုင်တခုကို သတ်မှတ်ထားတယ်ဆိုရင် အဲဒီပန်းတိုင်ကို ရောက်ဖို့အတွက် ရေတိုရည်မှန်းချက် (short term objective) နဲ့ ရေရှည်ရည်မှန်းချက် (long term objective) တွေကို ချမှတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတော့ ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်ဖို့အတွက် ဘယ်လို မူဝါဒကို ကျင့်သုံးမလဲဆိုတာကလည်း မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ မူဝါဒကို ချမှတ်တဲ့နေရာမှာတော့ အတ္တကင်းစင်နေရပါမယ်။ အဖွဲ့အစည်း အတွင်းမှာ ကိုယ့်နေရာ တည်မြဲစေဖို့ ရည်ရွယ်ခြင်းထက်၊ ကိုယ့်အဖွဲ့အစည်း ရေရှည်တည်တံ့ပြီး၊ လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် အတ္တကင်းစင်ပြီး၊ ဘက်လိုက်မှုကင်းတဲ့ မူဝါဒကို ကျင့်သုံးဖို့ လိုပါတယ်။

အလုပ်တခုဟာ ရေတိုကာလမှာ အောင်မြင်မှုမရှိဘူးဆိုရင်၊ ရေရှည်မှာ အောင်မြင်ဖို့ အခွင့်အလမ်းက နည်းနေပါပြီ။ အဲဒီအခါမှာ မူဝါဒကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။ ရည်ရွယ်ချက်တွေကို ပြောင်းလဲပစ်ဖို့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ပါ ပြောင်းလဲလိုက်ရင်တော့ ပန်းတိုင်ပါ ပျောက်တဲ့အထိ ဖြစ်သွားပါမယ်။

မူဝါဒအသစ်အရ အတွေးအခေါ်အသစ်၊ လုပ်ကိုင်ပုံ နည်းလမ်းသစ်တွေ လိုအပ်တယ်ဆိုရင်လည်း မိမိက ဖန်တီးယူရမှာပါ။ မိမိကိုယ်တိုင်က လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ဖန်တီးမပေးနိုင်ဘူးဆိုရင်တော့ အဖွဲ့အစည်းရဲ့ ရေရှည်အလားအလာ ကောင်းဖို့အတွက် စွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေကို အစားထိုး နေရာယူစေရမှာပါ။ ဒါမှမဟုတ်ရင်လည်း မိမိထက် စွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည် ရှိသူတွေထံကနေ နည်းနာနိဿယတွေကို ယူပြီး မိမိအရည်အချင်းကို မြှင့်တင်ရမှာပါ။ အဓိကကျတာကတော့ မိမိကိုယ်ကို လက်ခံနိုင်မှု (acceptability) ပါ။ မိမိတတ်ရင် တတ်ကြောင်း၊ မတတ်ရင် မတတ်ကြောင်း မိမိကိုယ်ကို လက်ခံနိုင်တဲ့ သူကိုသာပဲ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်တဲ့ စိတ်ဓာတ် ရှိသူလို့ ဆိုရမယ်။ လောကမှာ အများက မိမိကို လက်မခံခြင်းထက်၊ မိမိကိုယ်၌က ကိုယ့်ကိုယ်ကို လက်မခံနိုင်တာက ပိုဆိုးပါတယ်။

မတိုးတက်တဲ့ အဖွဲ့အစည်းတခုအတွက် တရားသေမူဝါဒကို လက်ကိုင်ထားတာဟာ မကောင်းပါ။ ဒီကနေ့ မြန်မာ့လူမှုရေး၊ နိုင်ငံရေးအဝန်းအဝိုင်းထဲမှာ မတိုးတက်တဲ့ အဖွဲ့အစည်းတွေကို ပြန်ပြီးသုံးသပ်ကြည့်ရင် များသောအားဖြင့် မူဝါဒတွေကြားမှာ နေရာ၊ လောဘနဲ့ အတ္တတွေ ရောနှောနေတာကို တွေ့ရတယ်။ မူဝါဒ ချမှတ်ရင်တောင် ကိုယ့်နေရာကို ထိခိုက်မှုမရှိအောင် အရင်ဦးဆုံး ကာကွယ်ကြတယ်။ နေရာလုကြရင်း သေသာသေသွားကြတယ်၊ နေရာရမသွားကြတဲ့သူတွေ ဒီလောကကြီးမှာ မရေမတွက်နိုင်အောင်ရှိတယ်။ မိမိရဲ့ အတ္တကြောင့်၊ လောဘကြောင့် မိမိအဖွဲ့အစည်း မတိုးတက်တာကို သိပေမယ့်လည်း အဲဒီအကျင့်ဟောင်း၊ အကျင့်ဆိုးကို စွန့်ပစ်ဖို့ ဝန်လေးနေကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူရေးသားခဲ့တဲ့ “လူကြီးနှင့် လူငယ်” စကားပြေမှာ “ရှေးစရိုက် အယူသီးလို့မို့ တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ။ သျှောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်” လို့ ဆိုထားတယ်။ အဲဒီလို လူပေ၊ လူတေ၊ လူမိုက်တွေမှာ ဘုန်းကြီးတစ္ဆေလို လူစားတွေဖြစ်ပြီး၊ ဆေးမတိုးတော့ပေ။ ရှေးအယူဝါဒစွဲ၊ မူဝါဒဟောင်းတွေကိုပဲ လက်ကိုင်ထားပြီး ဘဝနိဂုံး အဆုံးသတ်ရတော့မယ့် သူတွေပဲ ဖြစ်တယ်။

လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် လူတစုရဲ့ အတွေးအခေါ်ဖြစ်စေ၊ နိုင်ငံတနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ယန္တရားတွေမှာဖြစ်စေ အပြောင်းအလဲမရှိရင် ဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပါ။ လူပုဂ္ဂိုလ်တဦးချင်း (သို့မဟုတ်) လူအုပ်စုတစုချင်းစီရဲ့ အတွေးအခေါ်၊ အသိအမြင်ပြောင်းလဲမှ၊ မူဝါဒပြောင်းလဲနိုင်မယ်။ မူဝါဒ ပြောင်းလဲနိုင်မှ မိမိရဲ့ ရည်မှန်းချက် အောင်မြင်ကာ ပန်းတိုင်ဆီ အရောက်လှမ်းနိုင်မှာ ဖြစ်တယ်။

No comments :