မင်းနိုင်သူ / ၁၃ နိုဝင်ဘာ ၂၀၀၉
ခေတ်ပြိုင်
ဦးအေးလွင် ဦးဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်အတွင်း ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် တရားမ၀င် ငွေကြေးရှာဖွေခြင်းများလည်း ရှိနေကြောင်း ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်းများထံမှ စုံစမ်းသိရှိရသည်။
“ကျနော်တို့ ၂၀၀၆ ခုနှစ်တုန်းက စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ပွဲလုပ်တော့ အဲဒါကို ကုန်သည်ကြီးများအသင်းက ထောက်ခံပါတယ်ဆိုပြီး (၉၃) သိန်းလှူထားတယ်ဗျ။ တခြားက ရတာတွေလည်း ရှိတာပေါ့ဗျာ။ အဲဒါတွေကိုလည်း သူတို့က စာရင်းမပြနိုင်ဘူး” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးတင်မောင်အေးက ပြောသည်။
ဦးအေးလွင်တို့ ညီအစ်ကိုများက အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်အမည်ကို အသုံးပြု၍ အစိုးရထံမှ လုပ်ကိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုကာ စီးပွားရေးသမားများထံမှ ငွေကြေးရယူခြင်းများလည်းရှိကြောင်း အမည်မဖော်လိုသည့် ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။
“အဆိုးဆုံးက ချဲထီဒိုင်တွေ၊ ဘောလုံးဒိုင်တွေဆီကပါ အကာအကွယ်ပေးမယ်ဆိုပြီး ငွေကြေးရယူမှုတွေရှိနေတာ။ ဒီလိုလူတွေနဲ့တော့ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူးဆိုပြီး ထွက်လိုက်တော့တာပါ” ဟု ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကိုဖွဲ့စဉ်အခါက အဖွဲ့၏ဂုဏ်သိက္ခာကို ထိခိုက်စေသော ရန်ပုံငွေရှာဖွေနည်းမျိုးကို မလုပ်ဆောင်ရန် မူဝါဒချမှတ်ထားကြောင်း၊ သို့သော် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလက ဦအေးလွင်နှင့်အဖွဲ့ မော်လမြိုင်မြို့သို့ စည်းရုံးရေးကိစ္စ သွားရောက်စဉ်က လိုင်စင်မဲ့ကားတစ်စီးကို ရန်ကုန်တွင်အသုံးပြုရန် ယူဆောင်လာသည်ဟု ကြားသိခဲ့ရကြောင်း ၈၈မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဒု-ဥက္ကဋ္ဌနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးသိန်းတင်အောင်က ခေတ်ပြိုင်သို့ ထုတ်ဖော်ပြောဆိုသည်။
အဖွဲ့အတွက်အသုံးပြုရန်ဟုပြောဆိုကာ သယ်ဆောင်လာသော လိုင်စင်မဲ့ကားကို ဦးအေးလွင်မိသားစုများအတွက်သာ အသုံးပြုခဲ့ပြီး ထိုကားဖြင့်ပင် ဦးအေးလွင်၏ ညီဖြစ်သူ အထွေထွေအတွင်းရေးမှူးဦးသန်းဦးက မြောက်ဥက္ကလာမြို့နယ်အတွင်း လူတဦးကို တိုက်မိခဲ့ကြောင်း သိရသည်။
ထိုလိုင်စင်မဲ့ကားကို မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းခုံးတံတားအနီးရှိ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့ခွဲ ရုံးဝင်းအတွင်း သိမ်းဆည်းခဲ့သော်လည်း အတွင်းရေးမှူးဦးသန်းဦးကိုမူ တစုံတရာအရေးယူမှုမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အမည်မဖော်လိုသည့် ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်းတဦးကမူ ဥက္ကဋ္ဌ ဦးအေးလွင်အနေဖြင့် ထိုင်းနယ်စပ်မှ လိုင်စင်မဲ့ကား (၅) စီးနှင့် ဆိုင်ကယ် (၃) စီးတင်သွင်းထားပြီး ဆိုင်ကယ် (၃) စီးနှင့် ကား (၂) စီးကို ပြန်လည်ရောင်းချခဲ့သည်ဟု ပြောသည်။
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအနေဖြင့် အစိုးရထံမှ လုပ်ပိုင်ခွင့်များကို ရရှိကြသည်ဟူသော သတင်းကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအဖွဲ့ (တစည) မှ ပါတီဝင်အချို့ပင် ပါတီမှနုတ်ထွက်ကာ ဦးအေးလွင်အဖွဲ့အတွင်းသို့ ၀င်ရောက်ခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
ထို ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံအဖွဲ့)သည် ၂၀၀၇ ခုနှစ် ဖေဖေ၀ါရီလအတွင်း အခြားနိုင်ငံရေးအင်အားစုများနှင့်ပေါင်းကာ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သော်လည်း လုပ်ပိုင်ခွင့်များကို ဦးအေးလွင်နှင့်ညီအစ်ကိုများကသာ ရယူထားကြသည်ဟု နုတ်ထွက်ထားသူများက ပြောသည်။
အဖွဲ့၏ ရန်ပုံငွေ ရငွေ၊ သုံးငွေကို လစဉ် သို့မဟုတ် (၃) လတကြိမ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့က အစီရင်ခံရန်လိုအပ်သော်လည်း လုပ်ဆောင်ခြင်းမရှိခဲ့ဟု အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးသိန်းတင်အောင်က ဆိုသည်။
“ဒါကို သူတို့မလုပ်ဘူး။ အဓိက ပြဿနာက ကိုအေးလွင်တို့မှာက ညီအစ်ကို သုံးယောက်ဖြစ်နေတယ်။ သူတို့ကို check & balance ( အပြန်အလှန် ထိန်းညှိ) လုပ်နိုင်တာက ကျနော်တယောက်ပဲ ကျန်တယ်။ ကျနော်စာရင်းစစ်တာတွေ ဘာတွေကိုလည်း သူတို့က မကြိုက်ဘူး။ နောက်ပြီး ကိုအေးလွင်က ဥက္ကဋ္ဌဗျာ၊ သူ့ညီက ဒု-ဥက္ကဋ္ဌ၊ အငယ်ဆုံးညီ ကိုသန်းဦးက အထွေထွေအတွင်းရေးမှူးရာထူး ယူထားတယ်ဗျာ။ နောက်ပိုင်း သူတို့က လုပ်ပိုင်ခွင့် ခွဲဝေမှုမလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဝင် ဗဟိုဦးစီးတိုင်း(စည်း)တဦးလျှင် (၃,၀၀၀) ကျပ်၊ ခရိုင်မြို့နယ် (စည်း) (၂,၀၀၀) ကျပ်၊ ရပ်ကွက်(စည်း) (၁,၀၀၀) ကျပ်နှင့် သာမန်အဖွဲ့ဝင် (၅၀၀) ကျပ်နှုန်းများဖြင့် အဖွဲ့ဝင်များထံမှ လစဉ်ကြေး ကောက်ယူမှုများ ကိုလည်း ဦးအေးလွင်တို့ညီအစ်ကိုများက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ စာရင်းတင်ပြခြင်း မရှိသကဲ့သို့ ၂၀၀၇ ခုနှစ် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်အထိ အဖွဲ့၏ ရသုံးငွေစာရင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
အစိုးရက အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များကို ဖုန်းချပေးခဲ့သော်လည်း အစိုးရသို့ ပေးသွင်းရသည့်ငွေအပြင် အဖွဲ့ရန်ပုံငွေအတွက်ဆိုကာ ကျပ် (၁) သိန်းခွဲ ပေးသွင်းစေသည့်အပြင် အစိုးရဖုန်းစာချုပ်ကို အသင်းဥက္ကဋ္ဌ ဦးအေးလွင်က အတင်းအကျပ်တောင်းယူသည်ဟုလည်း ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးတင်မောင်အေးက ပြောသည်။
အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက “အေးလွင်ဆိုတာ ၁၉၉၃ ခုနှစ်လောက်က လိမ်လည်မှုတွေနဲ့ကို ထောင်ကျဖူးသေးတယ်။ နောက်မှ ထောက်လှမ်းရေးက ပြန်ထုတ်ဘာညာလုပ်လို့ လွတ်လာတာ။ အခုလည်း အစိုးရဘက်က ရပ်တည်ချင်ရင်လည်း ရိုးရိုးသားသားရပ်တည်ပေါ့။ ဘာလို့မတရားတဲ့ကိစ္စတွေ လျှောက်လုပ်နေရတာလဲ။ ဒီကောင်က အစိုးရကိုတောင် နှပ်ချမယ့်ကောင်ပဲ” ဟု သုံးသပ်ပြောဆိုသည်။
ဦးအေးလွင်ဦးဆောင်သော ၈၈-မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ကို ၂၀၀၅-ခုနှစ် စက်တင်ဘာ (၂၅) ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့သည် ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈-မျိုးဆက်ကျောင်းသားများ၏ စည်းရုံးလှုပ်ရှားမှုများကို တုံ့ပြန်ဆောင်ရွက်ရန်၊ လူထုအတွင်း ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် အစိုးရအလိုကျ လှုပ်ရှားပေးရန်တို့ကို ဦးတည်ထားကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
Friday, 13 November 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
အဝေမတည့်တော့အသံထွက်လာပြီ။
စားနေရတုံးက သိန်းတင်အောင်ဆိုတဲ့ကောင်က
လေသံတမျီုး
ဖာဆွယ်လုပ်တုံးက လက်တွဲလာတဲ့လူချင်းမို့ 
ဆိုတာတမျိုး။
အလီမူလာက ထမင်းခေါ်ကျွေးတာမစားဘဲ
ကိုယ်နဲ့ မသိတဲ့ အသုဘရက်လည်မှာ
မုတ်ဟင်းခါးသွားစါးကြတယ်ဆိုတာတမျိုး။
Post a Comment