Monday, 14 December 2009
ဂျိုးဇက်စတစ်ဂ်လဇ်ကို ဆရာတင်မလို့တဲ့လား
ရဲဘော်ဖိုးသံချောင်း
၁၁ ဒီဇင်ဘာ ၂၀၀၉
ခေတ်ပြိုင်ဂျာနယ်
အမေရိကန်က နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင် မစ္စတာဂျိုးဇက်စတစ်ဂ်လဇ် ဗမာပြည်ကို ရောက်လာတော့မယ်။
ယက်တောဒီပလိုမေစီ အရှိန်ရနေပါကလားလို့ တွေးစရာပါပဲ။
နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဆီနေတာဂျင်ဝက်ဘ်လို အမေရိကန်အမတ်ကိုသာမက ဒေါက်တာစတစ်ဂ်လဇ်လို အမေရိကန် ပညာရှင်ကိုလည်း ကြပ်ပြေးကိုရောက်လာအောင် သူတို့လုပ်နိုင်စွမ်းရှိတယ်လို့ ဝင့်ဝါနေမှာမြင်ယောင်မိနေပါတယ်။ မကြာခင်မှာ မစ္စစ်ကလင်တန်၊ သမ္မတအိုဘားမားတို့ကိုပါ ကြပ်ပြေးကို ရောက်လာစေမယ်လို့များ ကြုံးဝါးနေသလားလည်း မသိပါဘူး။
ဒီမှာမေးစရာဖြစ်လာတာက ဗေဒင်ဆရာကလွဲရင် ဘယ်သူဆရာလုပ်တာကိုမှ လက်ခံလေ့မရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ ဘာရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက စီးပွားရေးပါရဂူတယောက်ကို အခုလို ပင့်ခေါ်အကြံဉာဏ်တောင်းနေတာလဲ။ နအဖစစ်အစိုးရဟာ ဗမာပြည်စီးပွားရေးကို နားလည်သဘောပေါက်တဲ့ ဗမာနိုင်ငံသားစီးပွားရေးပညာရှင် ရှာမတွေ့နိုင်လို့လား။ ဒါမှမဟုတ် မရှာချင်လို့လား။
နအဖရဲ့ ဒီခြေလှမ်းရဲ့ နောက်ကွယ်မှာ စီးပွားရေးရည်ရွယ်ချက်ထက် နိုင်ငံရေးရည်ရွယ်ချက်က ပိုတယ်လို့ ထင်ပါတယ်။
သေချာနေတာတချက်ကတော့ စစ်အစိုးရဟာ ယက်တောကိစ္စကစခဲ့တဲ့ ဝါရှင်တန်နဲ့ဆက်ဆံရေးကို စိုသောလက် မခြောက် စေရအောင် ဆက်သွယ်မှုတွေ တမျိုးပြီးတမျိုး၊ ဖန်တီးဖော်ထုတ်နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက အမေရိကန်ကိုသွားလိုက်၊ အမေရိကန်ကလူတွေက ကြပ်ပြေးကိုလာလိုက်၊ ရွှေလမ်းငွေလမ်းပေါက်နေတယ်လို့ ပြောလို့ရအောင်၊ ကမ္ဘာက ထင်မြင်လာအောင် လုပ်နေကြတာဖြစ်ပါတယ်။ အမေရိကန်က အလံစိမ်းပြလိုက်ရင် ဥရောပဆိုတာ ခြေထောက်နဲ့သာမက ခေါင်းနဲ့တောင် လာနိုင်တယ်ဆိုတာလည်း သူတို့တွက်မိပါတယ်။ အာဆီယံလိုဟာကတော့ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ပါဘူး။ နောက်ပြီး သူတို့အနေနဲ့ တခြားအိမ်နီးနားချင်းတွေကို လက်မထောင်ပြပြီး ဈေးဆစ်လို့လည်း ပိုကောင်းမယ်ဆိုတာ သေချာနေပါတယ်။
နောက်တချက်က သူတို့နအဖစစ်အစိုးရဟာ အိမ်ဖြူတော်ရဲ့အကြံဉာဏ်တွေကို လိုလားပါကြောင်း၊ သြဝါဒခံလိုပါကြောင်း၊ ဗိုလ်နေဝင်း လက်ထက်တုန်းက မဆလလမ်းစဉ်ကို လုံးဝစွန့်လွှတ်ပြီးဖြစ်ပါကြောင်း ဝါရှင်တန်ကပုဂ္ဂိုလ်တွေကို သိစေချင်တာဖြစ် ပါတယ်။ အမေရိကန်အနေနဲ့ နောင်မှာ ဗမာပြည်နဲ့ ကုန်သွယ်ရး၊ စီးပွားရေးအတူ လုပ်နိုင်ရေးအတွက် ကိုယ်တိုင်လာပြီး ပန္နက်ချ နိုင်ပါတယ်လို့ ဆိုချင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လည်းပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်ချင်ပါတယ်၊ လိုလားပါတယ်လို့ ပြောချင်တာဖြစ်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းထဲကို လူလူသူသူပြန်ရောက်လိုတဲ့သဘောပါပဲ။
ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်အချက်တချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ဒီနိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေဟာ သူတို့ရဲ့ ၂ဝဝ၈ အခြေခံဥပဒေချမှတ်မှု၊ ၂ဝ၁ဝ ရွေးကောက်ပွဲကျင်းပမှု၊ နောက်“အစိုးရသစ်”တရပ် ဖွဲ့စည်းမှုစတာတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဝါရှင်တန်ကို သိစေချင်လို့ဖြစ်ပါတယ်။
တချက်ခုတ် အများကြီးပြတ်မယ့်အကြံအစည်ပါ။
ပြန်စဉ်းစားလိုက်ရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်သမိုင်းမှာ ဒီလိုစီမံကိန်းတွေ မရှိခဲ့တာမဟုတ်ပါဘူး။ ဖဆပလရဲ့ ပြည်တော်သာစီမံကိန်း၊ မြေ-ကျေး-ရှင်း အစီအမံ စတာတွေကို ဗမာပြည်သားတွေမမေ့သေးပါဘူး။ လူတကိုယ်တိုက်တလုံး၊ ကားတစီး၊ လခရှစ်ရာ ရမယ်ဆိုတဲ့ ဦးနုရဲ့ကေတီအေခေါ် ပြည်တော်သာစီမံကိန်းဟာ နောက်ဆုံးကျတော့ အာဏာရသူ အဆင့်ဆင့် ခြစားပစ်လိုက်တာနဲ့ ပျက်ဆီးပျောက်ကွယ်သွားခဲ့ရပါတယ်။ အခု တကယ်လို့များ စတစ်ဂ်လဇ်ရဲ့ အကြံပေးချက်နဲ့ စီးပွားရေးစီမံကိန်းတခုကို ဗမာပြည်မှာ အကောင်အထည်ဖော်ကြပြီဆိုရင် နအဖရဲ့ အဆင့်ဆင့်အာဏာရသူတွေဟာ အဲဒီလိုခြမစားပါဘူးလို့ ဘယ်သူကများ အာမခံရဲပါသလဲ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့တောင် သူတို့လူတွေခြမစားဘူး၊ လာဘ်မစားဘူးလို့ အာမ မခံဝံ့ဘူးထင်ပါတယ်။
ဒေါက်တာစတစ်ဂ်လဇ်လာတာဟာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ လာတာဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည်က ကျေးလက်ပြည်သူတွေ ဆင်းရဲမွဲတေနေတာဟာ နအဖက အမတော်ကြေး လုံလောက်အောင် မပေးလို့၊ ဘာလို့ဆိုတဲ့ သာမန်ပြဿနာတွေကြောင့်မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အမေရိကန်အစိုးရလည်းသိ၊ နိုင်ငံတကာစီးပွားရေးပညာရှင်တွေလည်းသိ၊ နအဖအစိုးရကိုယ်တိုင်လည်းသိပါတယ်။ ဗမာပြည်ရဲ့ ကျေးလက်စီးပွားရေး ပြဿနာဟာ ဒီတိုင်းပြည်မှာ ဖြစ်ပေါ်တည်ရှိနေတဲ့ အခြေခံပြဿနာနဲ့ တိုက်ရိုက်ဆက်စပ်နေတာဖြစ်ပါတယ်။ အဲဒါက စစ်အုပ်နဲ့ သူ့အပေါင်းပါတွေက နိုင်ငံ့စီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ချင်တာ၊ ကျေးလက်စီးပွားရေးကို မြို့ပြမှာ အဓိကအခြေခံထားတဲ့ သူတို့ရဲ့ စီးပွားရေးတွေကို အလုပ်အကျွေးပြုတဲ့အနေအထားမှာပဲ ကန့်သတ်ထားလိုတာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ လယ်သမားတွေကို သူတို့အတွက် အစားအစာနဲ့ ကုန်ကြမ်းထုတ်ပေးသူတွေ အဖြစ်ကနေ တိုးတက်မလာစေချင်တာဟာ နအဖဗိုလ်ချုပ်တွေရဲ့ တကယ့် ရင်တွင်းကဆန္ဒပါ။ အခုဆိုရင် ကျေးလက် စီးပွားရေးက မြို့ပြစီးပွားရေးကို အလုပ်အကျွေးပြုရတာတင်မက မြို့ပြစီးပွားရေးအတွက် နေရာတွေ ဖယ်ပေးနေရတာတွေတောင် ဖြစ်နေပါတယ်။ နအဖနဲ့ သူတို့ဆွေသားရင်းချာတွေ၊ သူတို့နဲ့ဆက်နေတဲ့ ပြည်ပက လုပ်ငန်းရှင်တွေကြောင့် လယ်သမားတွေဆီက မြေတွေသိမ်း၊ ဈေးကွက်တွေ မှောက်လှန်နေတာတွေဟာ ကိုလိုနီခေတ်က ချစ်တီးထက်ဆိုးပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ မှန်တာပြောရရင် နအဖဗိုလ်ချုပ်တွေ မစ္စတာစတစ်ဂ်လဇ်ရဲ့ အကြံပေးချက်တွေကို လက်ခံတာ၊ လက်မခံ တာဟာ ဒီမိုကရေစီအရေးတော်ပုံနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါတွေကို လက်ခံလိုက်လို့လည်း တိုင်းပြည်တိုးတက်လာမှာ မဟုတ်သလို နအဖစစ်အုပ်စုရဲ့ တကယ့်လက္ခဏာလည်း ပြောင်းလဲမသွားပါဘူး။ ဒါပေမယ့် နအဖဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်သွားတယ်ဆိုရင် အတိုက်အခံအင်အားစုတွေ ဘယ်လို ဆက်လုပ်ကြမယ်ဆိုတာကတော့ အလေးထား စဉ်းစားသင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။ အကြောင်းက အဲဒီလိုသာဖြစ်သွားရင် ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ဗမာပြည်နဲ့ ပတ်သက်လို့ ဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး နိုင်ငံတကာဆက်ဆံမှု အပြောင်းအလဲကြီး ဖြစ်လာမှာမို့ပါ။
အဲဒီအခါမှာ အတိုက်အခံတွေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တိုင်တည်တာချည်းလုပ်နေလို့ မရတော့တာ သေချာ ပါတယ်။ (ဒီလိုတိုင်တည်ခဲ့တာတွေဟာ မှားတယ်၊ မလိုအပ်ဘူးလို့ဆိုလိုတာမဟုတ်ပါ)။ ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ရေး အတွက် တခြားလက်တွေ့ကျတဲ့၊ ပိုမိုထိရောက်တဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်တွေ ရှာဖွေချမှတ်ရတော့မယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲလွန် နိုင်ငံရေးအခြေအနေနဲ့လည်း တထပ်တည်းကျနေမယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခြေအနေတွေဟာ ပိုရှုပ်ထွေးလာနိုင်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးမှုတွေကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်သစ်တရပ်ကို ပြောင်းလဲသွားတတ်တယ်ဆိုတာကိုလည်း စိတ်နှလုံးသွင်းထားရပါမယ်။
at 21:33
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment