Tuesday 22 December 2009

ထွက် ထွက်မပြေးကြပါနဲ့ ။



-ကိုဂျူး-

နအဖ တပ်မတော်အစိုးရ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ သတ္တိမွေးဘို့ လိုပြီလို့ အမေရိကန်နိုင်ငံ အမျိုးသမီး နိုင်ငံခြားရေး ၀န်ကြီး မစ်စစ် ဟစ်လာရီ ကလင်တန်က ၂၀၀၉ နှစ်လည်ပိုင်းက ပြောခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူပြည်သား တွေကို ငဲ့ညှာသော အားဖြင့် မြန်မာ နအဖအစိုးရကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဖိအားမပေးဘဲ၊ ကူညီပူးပေါင်း ထိတွေ့ ဆက်ဆံမှုတွေ လုပ်ပေးကြပါ၊ အထီးကျန် မထားကြပါနဲ့၊ နအဖက ဘာမှမဖြစ်ပေမဲ့ သနားစရာ ပြည်သူတွေ ကိုဘဲ ထိခိုက်နစ်နာ ပါတယ်၊ မြန်မာ နအဖကလဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ စိတ်ဝင်စား နေပါပြီ လို့ မြန်မာပြည်နဲ့ နိုင်ငံခြားက တတ်သိတွေးခေါ် ပညာရှင် စကောလား ဆိုသူတွေက နှစ်ပေါင်း တော်တော်ကြာ တိုးလျှိုးတောင်းပန် စည်းရုံးတဲ့ အဖွဲ့တွေကြောင့် အမေရိကန် နိုင်ငံက မြန်မာနအဖနဲ့ ထိတွေ့ဆက်ဆံမှု မူဝါဒသစ် ချမှတ်ပြီး ပြည်သူတွေကို အကူအညီတွေ ပေးမယ်လို့ ဖြစ်လာချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟစ်လာရီ ကလင်တန်က ခုလို မြန်မာတပ်မတော် ခေါင်းဆောင်တွေ သတ္တိမွေးဘို့ လိုကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒီအချိန်က စလို့ မြန်မာပြည် အပေါ်မှာ တိုးတက်မှု မျှော်လင့်ချက် ရောင်ချည်လေးတွေ သန်းလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ဒုတိယမြောက် အိတ်ဖွင့်ပေးစာ ပေးပို့တဲ့ အချိန်မှာ ဇတ်ရှိန်အမြင့်ဆုံး အခြေအနေ ရောက်ခဲ့ပါတယ်၊ ပြည်သူလူထုတွင်း နေရာတိုင်းမှာ ဒီတစ်ခါတော့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်နိုင် မဖြစ်နိုင်၊ ဒေါ်စုနဲ့ နအဖ ဘယ်သူ အသဲကောင်းလဲ၊ ဘယ်သူ သွေး ဘယ်လောက်နီလဲ ကြည့်ရတော့မယ့် ပွဲအဖြစ် စိတ်ဝင်စားစွာ ပြောဆိုဆွေးနွေး နေကြပါတယ်။ ဒေါ်စုဘက်က ဒီလိုစာမျိုး ရေးတာ တာဝန်သိ အပြုသဘော ဆောင်တဲ့ ကမ်းလှမ်းချက်မို့ အားလုံးက ဝမ်းသာအားရ ကျေနပ် နေကြပါတယ်။ ထောက်ခံအားပေး ကြပါတယ်။ ဒေါ်စုဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း လိုဘဲ ဘယ်အလုပ် ကိုဘဲ လုပ်လုပ် ယောက်ကျာ်းပီပီသသ ရိုးသား ဖြောင့်မတ်စွာ လုပ်တတ်သူပါ။ မညစ်တတ်ပါဘူး။

ဒီစာနဲ့ ပတ်သက်ပြီး နအဖ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီက ချက်ချင်း သိပ်အကောင်းကြီး တုန့်ပြန်လိမ့်မယ်လို့ မမျှော်လင့် ကြပေမဲ့ သူလဲ မြန်မာနိုင်ငံကို အနှစ်နှစ်ဆယ်လောက် ခေါင်းဆောင်လာတဲ့ မြန်မာ့ တပ်မတော်ရဲ့ ဦးစီးချုပ် တစ်ယောက် ဖြစ်တယ်၊ ဒေါ်စုရဲ့ နအဖနဲ့ လက်တွဲ လိုပါတယ်ဆိုတဲ့ စာကလဲ ပျော့ပျော့ ပြောင်းပြောင်းနဲ့ မာန်မာန၊ အာဃာတ မပါဘဲ တိုင်းပြည်အတွက် အလုပ်ဖြစ်အောင် နအဖကို ရိုရိုသေသေ လေးလေးစားစား လက်ကမ်းထားတယ်၊ အမေရိကန် အပါအ၀င် ကမ္ဘာကလည်း ဝမ်းသာအားရ စောင့်ကြည့် ကြိုဆို အားပေးနေတယ်၊ နိုင်ငံတကာ အသိအမှတ်ပြုဘို့ လိုအပ်တဲ့ နအဖ တပ်မတော် အစိုးရ တာဝန်ယူ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲလည်း တအားနီးနေ ပြီမို့ နအဖ အစိုးရကသာ ဒီတစ်ခါ သတ္တိရှိရှိနဲ့ ရှေ့တလှမ်း တိုးနိုင်ရင် တိုင်းပြည်အတွက် အကောင်းဘက်ကို ဦးတည် သွားနိုင်တယ် ဆိုတာလောက်တော့ မျှော်လင့် ကြပါတယ်။ တိုင်းပြည် အတွက်ပါ။

ဒါပေမဲ့ နအဖရဲ့ ရင်တွင်းပုံရိပ်ကို ပုံဖေါ်လေ့ ရှိတဲ့ အစိုးရပိုင် သတင်းစာထဲက ဆောင်းပါးတစ်စောင် မှာတော့ သိပ် အလားအလာ မကောင်းတဲ့ တုန့်ပြန်ချက် အမြည်းသဘော ဖတ်ရှုရပါတယ်။

လူတွေ စိတ်ဝင်စားနေတဲ့ တိုင်းပြည်ရှေ့ရေး ကောင်းရာ ကောင်းကြာင်း၊ နအဖ ရှေ့တလှမ်း တိုးရေး၊ လက်တွဲ လုပ်ကိုင်ဘို့ ဒေါ်စု ကမ်းလှမ်းချက် အကြောင်း ဘာတစ်ခုမှ မပါဘဲ ဒေါ်စုရဲ့ စာပါ အကြောင်းအရာကို တည်တည်တံ့တံ့ တုန်ု့ပြန်ရမယ့် အစား စာပေးပို့ပုံ ပေးပို့နည်းကို မကြိုက်ဘူး၊ မရိုးသားဘူး ဆိုပြီး မယောင်ရာ ဆီလူး ပြစ်တင် ရေးထားတာ ဖတ်လိုက်ရတော့ “အင်း- ထင်သားဘဲ၊ ခါးတောင်းတော့ ကြိုက်နေပြီ၊ ဒီတစ်ခါလည်း ထွက်ပြေး ကြဦးမှာဘဲ” လို့ စိတ်ညစ်ညစ်နဲ့ ပြုံးမိရပါတယ်။ ဆောင်းပါးရှင် အလိုအရ ဒီစာ မီဒီယာကို ကြိုတင် ပေါက်ကြားတာ သူတို့ကို အပေါ်စီးယူ ဖိအားပေး အကျပ်ကိုင် တာဘဲ။ တည်ဆဲ အစိုးရကို ဒေါက်ဖြုတ်တာ ဖြစ်တယ်လို့ တဆိတ် တအိပ်လုပ် ရေးသားထားတာ တွေ့ရပါတယ်။ စာအိပ်ထဲက စာကို မဖတ်ရဲတာနဲ့ စာအိပ် အရောင်ကို အပြစ်တင်နေ သလား လို့ပါ။ အနှစ်ကတော့ ဒေါ်စု လက်ကမ်းတာကို လက်မခံရဲဘူး၊ ဒီတစ်ခါလည်း ဘသား မပီသေးဘူး ဆိုတာ ဝန်ခံတာဘဲ။ အံ့တော့ မအံ့သြတော့ ပါဘူး။ ဒီစိတ်မျိုးရှိခဲ့လို့ တိုင်းပြည် ဒီအခြေအနေ ရောက်နေခဲ့ရတာဘဲ မဟုတ်လား၊ ကျွန်တော်တို့ ပြည်သူအများ တင်မက အားလုံး သိပြီးသား၊ ဟိုး- အဝေးကြီး အမေရိကန်က ဟစ်လာရီ ကလင်တန်တောင် သိနေပြီဘဲ။ နီးနီးနားနားက စင်ကာပူ ၀ါရင့်ဝန်ကြီး လီကွမ်းယူး ကတော့ မြန်မာ စစ်ဗိုလ်ကြီးတွေကို သူရဲဘောကြောင်သူ တွေလို့ နာမည်ဆိုး တပ်ထားတာ ကြာလှပါပြီ။ ရှက်တော့ပေါင်ဗျာ။

နအဖအဖွဲ့ အကြံဉာဏ်တွေတုံး၊ အင်အားတွေ ကုန်ပြီး ခွေယိုင် လဲကျသွားတာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးတုန်းက တစ်ခါ၊ ၂၀၀၃ ဒီပဲယင်းမှာ တစ်ခါ၊ ၂၀၀၇ တုန်းက တခါ ကျွန်တော်တို့ တွေ့ခဲ့ကြဘူး ပါတယ်။ ၂၀၀၇ မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးဘို့ ဗိုလ်ချုပ်မှုးကြီးကို တိုက်တွန်း ဘူးပါတယ်။ အချိန်တွေ အများကြီး အကုန်ခံပြီး နှစ်ဘက်လုံး သတ္တိမွေးကြဘို့ နှစ်ယောက် တွေ့ကြဘို့ “ဆိုင်” ပေးဘူးပါတယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်မှုးကြီးက ဒေါ်စုကို တွေ့မယ် ဆိုပြီး နအဖရဲ့ ၁/၂၀၀၇ ကြေညာချက် ထွက်လာပါတယ်၊ တစ်သက်လုံး တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလာတဲ့ ဒေါ်စုက ဝမ်းသာအားရ “လာလေ ကျွန်မတို့ တွေ့ကြရအောင်” လို့ ပြန်လဲ လက်ကမ်းလိုက်ရော စစ်ဗိုလ်ကြီးတွေ အကြောက်လွန်ပြီး နောက်ပြန်လှည့် ပြေးလိုက်ကြတာ ဖုန်လုံးကြီးတွေ အုန်းအုန်းထ သွားခဲ့ပါတယ်။ အဲဒီတုန်းကလဲ နအဖက လိုရင်းကို မသွားဘဲ ဘာမဟုတ်တဲ့ အကြောင်းလေး တစ်ခုနဲ့ ထွက်ပြေးခဲ့တာ ကြောင့် ပွဲပျက်ခဲ့ဘူးတယ် လို့ မှတ်မိပါတယ်။

အတိအကျ သိပ်တောင် မမှတ်မိဘူး၊ အော် - ဒေါ်စုက ကျွန်မနဲ့ အတူ လက်တွဲ အလုပ်လုပ်ရအောင် လာရောက် ပူးပေါင်းကြဘို့ အားလုံးကို ဖိတ်ခေါ်ပါတယ် လို့ ပြောလိုက်တာမှာ နအဖအဖွဲ့ သတ္တိတွေ အရည်ပျော်ကျ သွားခဲ့တာ ပါဘဲ၊ သူနဲ့ လက်တွဲရအောင် သူက ဘာမို့လဲ၊ ငါတို့နဲ့ လက်တွဲပါ့မယ်လို့ ပြောရမယ် ဆိုပြီး ထုံးစံအတိုင်း ဂျီကျပါတယ်။

ဒီကိစ္စ အစကထဲက ဘာမှ မလျှို့ဝှက်တဲ့ ကိစ္စပါ။ ဒေါ်စု ဦးဉာဏ်ဝင်းက တဆင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီ ပို့ဘို့ စာရေးနေတယ်၊ ပို့လိမ့်မယ် ဆိုတာ ကြိုပြောထား ပါတယ်။ ပါတီတွင်း ချပြမယ်၊ သဘောတူရင် ပို့မယ်၊ ပို့ပြီးရင် မီဒီယာကို သတင်း ထုတ်ပြန်မယ် ဆိုတာလည်း ကြို အသိပေး ပါတယ်။ အိပ်ဖွင့်ပေးစာပါ ဆိုမှတော့ ဘာမှ လျှို့ဝှက်စရာ မရှိပါဘူး။ ဘာမှ မရိုးမသား မပါပါဘူး။ တရက်နှစ်ရက် စောပြီး မီဒီယာတွေ သိသွားတာက အပြစ်ရှိတဲ့သူ သူ့ဟာသူ အရေးယူရမယ့် ကိစ္စပါ။ မကြီးပါဘူး၊ တိုင်းပြည် အကျိုးနဲ့ ယှဉ်ပြီး ဘာမှ ပြောပလောက်တဲ့ ကိစ္စလည်း မဟုတ်။ ဒါ ရှင်းနေတဲ့ ကိစ္စကို နအဖက ရှုပ်အောင်လုပ်ပြီး နောက်ပြန် လှည့်ပြေးဘို့ အကြောင်းရှာ ဘောင်းဘီ လိပ်တော့တာ ပါဘဲ။ (နောက်တစ်ခါဆို ဒေါ်စုစာမှာ ကိုက်မစားပါဘူး လို့ ထည့်ရေး ရမလား ပိတောက်မြေမှ တဆင့် အကြံဉာဏ် ပေးပို့နိုင်ပါတယ် - ချွန်တွန်း လုပ်တာပါ၊ ရီစရာပါ)

ပြောရမယ် ဆိုရင် မီဒီယာက အပေါ်စည်း တသက်လုံး ယူခဲ့တာက နအဖပါ။ ဘာမှ ပြန်ပြောခွင့်၊ ခုခံ ကာကွယ်ခွင့် မရှိဘဲ အတိုက်အခံ တွေကို အစိုးရက သတင်းစာ ရှင်းလင်းပွဲတွေ လုပ် သိက္ခာချပြီး မီဒီယာ အသာစီးယူ စွပ်စွဲတဲ့ အတိုင်း မတရား ထောင်ဒါဏ်တွေပါ ချခံခဲ့ရတဲ့ ထောင်သက်ရှည် အဖွားအို၊ အဖိုးအိုကြီးတွေ မကျန်းမမာ ဖြစ်နေသူတွေ ထောင်ထဲမှာ အများကြီး ရှိပါတယ်။ သူတို့ပြောဘို့ ထားပါ။ နအဖမှာ ပြန်ပြော ပြန်ချေပ နိုင်တဲ့ အခွင့်အရေးတွေ မီဒီယာတွေ အားလုံး ရှိပါတယ်။ သတင်းစာ ရှင်းလင်းပွဲ ပြန်လုပ်လည်း ရပါတယ်။ သက်သက် အကြောင်းရှာ နှပ်ချီးကျ ပြတာပါ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယစာ ကြောင့် မြန်မာ့နိုင်ငံရေး ကိစ္စတွေလည်း အတော်လေး ရှင်းသွားပါတယ်။ ဒီတစ်ခါ နအဖ ပြေးရင် ဒေါ်စု ဘာလဲ၊ နအဖအဖွဲ့ ဘာလဲ ရှင်းပါတယ်။ ပါဝင်ပတ်သက်သူ stakeholder တွေ၊ ကြားနေ ဝေဖန်လေ့လာသူ Scholar တွေ၊ တရားမျှတမှုကို လိုလားသူ သာမန် ပြည်သူတွေ အားလုံးလည်း ဘာမှ မေးစရာ မရှိ၊ ပြောစရာ မရှိတော့ပါဘူး။ လုပ်စရာလဲ မရှိတော့ဘူး။ အမေရိကန်ကလည်း နောက်တစ်ခါ မြန်မာပြည် လာပြီး ဒါမျိုး ထပ်ပြီး “တည်” ပေးတော့မှာ မဟုတ်ဘူး၊ Sanction လုပ် အမြှီး လှန်ချိုးပြီး မေ့ထားလိုက်မှာဘဲ။

ပေါက်တဲ့နှဖူး မထူးတော့ဘဲ အခုနောက်ပိုင်း နအဖဘက်က ကာကွယ် ရေးသားတဲ့ ဆောင်းပါးတွေ မှာတော့ မြန်မာ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဘို့၊ အရပ်သား အစိုးရကို အာဏာလွှဲဘို့ ဘာကိုမှ စိတ်မဝင်စားဘူး၊ ဒေါ်စုနဲ့လည်း တွေ့မှာ မဟုတ်ဘူး၊ Sanction လည်း မရုပ်သိမ်း စေချင်ဘူး၊ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မလုပ်ချင်ဘူး၊ မြန်မာနိုင်ငံ အရေးဟာ အဓိက မဟုတ်၊ ၂၀၁၀ ရွေးကောက်ပွဲ တရားဝင် ဖြစ်ဘို့ ကမ္ဘာက အသိအမှတ် ပြုရေးဟာ အဓိကမဟုတ်၊ တကမ္ဘာလုံးက ဘာထင်ထင် ဂရုမစိုက်ဘူး၊ သူလိုချင်တာ အစစ်အမှန်က သူ့တကိုယ်ရေ လုံခြုံရေးနဲ့ သူ့မိသားစု လုံခြုံရေးနဲ့ ကြီးပွား ချမ်းသာရေးဘဲ၊ တိုင်းပြည် ဘာဖြစ်ဖြစ် ဘယ်တော့မှ မလျှော့ဘူး ဒီအတိုင်းဘဲ နေသွားမယ်၊ နေလို့လဲ ရတယ်လို့ ဗြောင်ပြောလာတာ တွေလည်း တွေ့ရပါတယ်။ စောစောက မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်လွန်းလို့ သနားကြပါလို့ လိုက်တောင်းပန် တိုးလျှိုး ပေးထားရတဲ့ စကောလားတွေမှ အားမနာ အမေရိကန်နဲ့ အနောက် ကမ္ဘာက မြန်မာ နအဖအစိုးရကို ပြန်လည် ဦးခိုက်လာရပြီ၊ ထိတွေ့ ဆက်ဆံမှုတွေ ပြုလာရပြီ၊ ဘယ်သူမှ ဂရုစိုက်စရာ မလိုတော့ ဘူးလို့ မာန်တက်တဲ့သူက တက်ပြပါတယ်။ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးရုပ်တွေက တဖြေးဖြေးနဲ့ ရုပ်လုံး ပေါ်လာ ကြပါပြီ။ လူတွေကလဲ စကထဲက ရိပ်မိပါတယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံ အကြီးအကဲ၊ ကိုယ့်တပ်မတော် အကြီးအကဲတွေ ဒီလို သေးသိမ်တဲ့ စိတ်ဓါတ်မျိုးဘဲ ရှိတယ် ဆိုတာ ပြောမကောင်းလို့၊ ရှက်လို့ ပြောမထွက် ကြတာပါ။

တပ်မတော်ခေါင်းဆောင် အဆက်ဆက် ပြောခဲ့တဲ့ ဒို့တာဝန် အရေးသုံးပါးတို့၊ အမျိုးသား စည်းလုံးညီညွတ်ရေး တို့ဟာ ကြား ကောင်းအောင် အလကား ပြောနေတာ တကယ်တန်း လိုချင်တာက သူတို့နဲ့ သူတို့မိသားစု ကြီးပွားချမ်းသာ ကြွယ်ဝ ကောင်းစားရေး တစ်ခုထည်းဘဲ၊ တိုင်းပြည်အတွက် မဟုတ်ဘူး၊ “အဲဒါ ဘာဖြစ်လဲကွ” ဆိုတာမျိုး ခုနောက်ပိုင်း ချောင်ပိတ်မိ လာတော့ တချို့က ခတ်တင်းတင်း ဝန်ခံ လာကြပါတယ်။ ဒါကြောင့်လည်း တပ်မတော်က မနက်တိုင်း သစ္စာလေးချက် ဆိုတယ်လို့ ပြောရင် လူတွေက ဘာတွေ ဆိုတာလဲဟင် လို့ ပြုံးပြီး ပြန်မေးလာကြပြီ။

အရင် ဒေါ်စုတို့ ကြေညာချက်တွေ၊ ကမ်းလှမ်းချက်တွေ ထုတ်ခဲ့တာတွေ ဟာလည်း အလကား ထုတ်ခဲ့တဲ့ ကြေညာချက်တွေ မဟုတ်ပါဘူး၊ တပ်မတော်နဲ့ ပြည်သူ လက်တွဲနိုင်ဘို့၊ စစ်မှန်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဖေါ်ဆောင် နိုင်အောင်လို့၊ ပြည်သူ အားလုံး တန်းတူညီမျှ ဒီမိုကရေစီ အသီးအပွင့်တွေ ရရှိခံစား စေနိုင်ဘို့ ရည်ရွယ်ပြီး ထုတ်ခဲ့တဲ့ ကြေညာချက် ကမ်းလှမ်းချက် တွေပါ၊ နအဖကို ထွက်ပေါက် မျိုးစုံပေး စည်းရုံးခဲ့တာ တွေပါ၊ နအဖအဖွဲ့က တစ်ခါဆို တစ်ခါလောက်သာ သတ္တိရှိရှိ လက်ခံခဲ့မယ် ဆိုရင် တိုင်းပြည် တော်တော် တိုးတက် ခရီးရောက် နေလောက်ပါပြီ။

ခုတော့ ဒီဘက်က လက်ကမ်းလိုက်တိုင်း ထွက်ချည်း ပြေးနေလို့ သူတို့ လိုက်ဖမ်း၊ ပြန်တည်နေရတာက တိုင်းပြည် အချိန် ကုန်လှတယ်၊ ကျုပ်တို့ တပ်မတော် ဖြစ်မှ ဖြစ်ရလေ။ ထွက် ထွက် မပြေးကြပါနဲ့၊ ယောက်ျားပီပီ စကားလေး ဘာလေး ပြောရအောင် လာကြပါစမ်းပါဗျာ။

စေတနာဖြင့်၊

ကိုဂျူး


ပိတောက်မြေဘလော့ခ်မှ ကူးယူဖော်ပြသည်။

No comments :