Wednesday, 9 December 2009

အကျဉ်းထောင် ထဲက အလင်းရောင်



ဇော်ဝင်း (နယူးရော့်ခ် )

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်ဟု အစိုးရအာဏာပိုင်များကို ကိုးကား၍ အေပီ သတင်းတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါတယ်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ မသိရှိရသေးပါ။ ယခု တွေ့ဆုံမှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် မတ္တရားပြစ်ဒဏ် ချမှတ်ခံရပြီးနောက် သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုံးဝမတွေ့ဆုံ ဘဲ ဦးအောင်ကြည် ကိုသာ ကြားခံထား ဆွေးနွေးနေသည်က တွေ ဆုံဆွေးနွေးမှု ကိုဆန္ဒမရှိကြောင်းပြသနေပါတယ်။

"ဒေါ်စု ၏ သန်းရွှေ ထံပေးစာများ ကြောင့် တွေ့ဆုံဆွေးနွေး မှုများ ဖြစ်ပေါ်လာရသည်မှာ ဖြစ်နိုင်ကြောင်း" ကိုမိုးသီးက ဆိုပါသည်။ "ဒီလိုတွေ့ ဆုံမှုဖြစ်ရတာဟာ ဒေါ်စုစာ အပေါ်မှာနအဖ က တုန်ပြန်မှုတခုလို့ ယူဆတယ်။ နောက်တခုက အမေရိကန် က အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ နအဖကိုတိုက်တွန်းထားတော့ ဒီအပေါ်မှာ သူတို့ ဖက်က တခုတခုတော့လုပ်ပြရတဲ့သဘောပါပဲ" ဟုသူကဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား
(တစ်) ထိပ်တိုက်ရင်ဆိုင်ရေး (confrontation) ၊
(နှစ်) အလုံးစုံပျက်သုဉ်းရေး (utter devastation)၊
(သုံး) မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ် ဖြတ်တောက်ရေး ၊
(လေး) အလုံးစုံပိတ်ဆို့ရေး

စသည့် ဆောင်ရွက်ပိတ်ဆို့မှု (၄) ချက်ကို သူမအနေဖြင့် စွန့်လွှတ်ကြောင်း ကြေညာရန် ဒေါ်စု မလုပ်တာတွေကို လုပ်သယောင် မတရားသဖြင့် တောင်းဆိုထားခဲ့ပါတယ်။ ထိုသို့ကြေညာမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်စုကိုတွေ မယ်လို့ ဆိုပါတယ်။
တဖက်မှာ ဦးအောင်ကြည် ကို ကြားခံ ပြီး မြန်မာ့ပြဿနာ များကို ခက်ခဲနက်နဲ စွာ အမြဲမပြတ် ဆွေးနွေးနေသယောင် ဟန်ရေးပြနေပြီး ၊ နအဖ စစ်အုပ်စုအနေဖြင့် အနှစ် (၂၀) ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ တင်ပြတောင်းဆိုသည့် ပေးစာများအပေါ် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးခဲ့ သယောင် ခင်းကျင်းထားသည်ကို လည်းမျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။

ဆိုလိုရင်းကတော့ ဒေါ်စုက ဒီအချက် ၄ ချက်ကို စွန့် လွတ်ကြောင်းအရင်ကြေညာ။ ကြေညာပြီးမှသာ သန်းရွှေကတွေ့ မယ်လို့ ဈေးဆစ်နေခြင်းဖြစ်ကြောင်း ပါခင်ဗျား။ တနည်းအားဖြင့်ပြောရရင်တော့ စစ်မှန်တဲ့တကယ့်တွေ့ ဆုံပွဲ လုံးဝ မဖြစ်နိုင်သေးဘူးလို့ ကျနော်ယူဆပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ဖြတ်တောက်မှုပြစ်ဒဏ် ချမှတ်ကျင့်သုံးခဲ့ခြင်း များမှာလည်း နအဖစစ်အုပ်စု၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသည့် အမှားအယွင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများကို အပြစ်မဲ့ ဖမ်းဆီးချုပ်နှောင် နှိပ်စက် အကျဉ်းချထားမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှုများ ၊တိုင်းရင်းသားလူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ၊ တိုင်းရင်းသူ များအားအဓမ္မပြုကျင့်မှုများ ကြောင့် ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တော့ လေးနက် တည်ကြည်စွာ နဲ့ အချိန်ယူစဉ်စားပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သူမအပေါ် အပြစ်ပုံ စွတ်စွဲ ချမှုများ ကို သူမ မပြုလုပ်ကြောင်း ဦးအောင်ကြည်မှ တဆင့် ရှင်းလင်းပြောကြားခဲ့ပြီး သူမ၏ ဒုတိယအကြိမ်မြောက် ပေးစာတွင် အရေးယူပိတ်ဆို့ထားမှုများရုပ်သိမ်းရေးကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှုအတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု အတိအလင်းဖော်ပြထားပါတယ်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ကြေငြာ ခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာများဟာ မြန်မာပြည်လွတ်မြောက်ရေး အတွက် အလင်းရောင်များ ဖြစ်ကြောင်း သုံးသပ်မိပါကြောင်း ။။

(ဒေါ်အောင်ဆန်းစုကြည် ဦးဂမ္ဘီယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်ဦး ဦးခွန်ထွန်းဦး ကိုမင်းကိုနိုင် မစုစုနွေး ကိုဇာဂနာ နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ။ မြန်မာပြည် စစ်အာဏာရှင်စနစ်ဆိုးဘေး မှ ကင်းရှင်းပါစေ။)

ဇော်ဝင်း (နယူးရော့်ခ် )

No comments :