Tuesday, 22 December 2009 17:29
ကိုထွေး ( ဧရာဝတီ)
အမေရိကန် အစိုးရ၏ မြန်မာပြည် အပေါ်ထားရှိသော တိုက်ရိုက် စေ့စပ်ညှိနှိုင်း ဆွေးနွေးသည့် မူဝါဒ အောင်မြင်မှု မရှိပါက အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ် နိုင်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် လေ့လာသူများအကြား ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။
၂၀၁၀တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ပါဝင်ခွင့် မပြုပါက အရေးယူဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်နိုင်ဖွယ်ရှိပြီး ထပ်မံ ချမှတ်မည့် အရေးယူပိတ်ဆို့မှုတွင် ငွေကြေးအလွှဲ အပြောင်း ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာရှိဘဏ်များကို အမေရိကန် အစိုးရက ဖိအားပေးနိုင်ကြောင်းယနေ့တွင် အေပီ သတင်း တရပ် က ရေးသားထားသည်။
အမေရိကန် လွှတ်တော်အနေဖြင့် ယင်းသို့ လုပ်ဆောင်ရန် ဘဏ်များကို လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ်ရာ စေ့စပ် ဆွေးနွေးမှု မအောင်မြင် ပါက အမြန်ဆုံး အကောင်ထည်ဖော်ရန် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ က ဆန္ဒရှိနေကြောင်းလည်း သတင်းတွင် ပါရှိသည်။
ဝါရှင်တန်ရှိ HRW အဖွဲ့ ဒါရိုက်တာ တဦးဖြစ်သူ Tom Malinowskiက“မြန်မာအစိုးရတန်ဖိုးထားတာက ပြင်ပကမ္ဘာနဲ့ ကုန်သွယ်မှု မဟုတ်ပါဘူး၊ အဲဒီကုန်သွယ်မှုကရတဲ့ ငွေကြေးကို ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာပါပဲ၊၊ မြန်မာအစိုးရက ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံတွေကို နိုင်ငံတကာ ဘဏ်တွေကနေ မထုတ်ယူနိုင်အောင် အမေရိကန် အစိုးရက တားမြစ်လို့ရပါတယ်” ဟူ သော ပြောဆိုချက်ကို သတင်းက ကိုးကားထားသည်။
မြန်မာပြည်၏ သဘာဝ ဓာတ်ငွေ့ အရောင်းအ၀ယ် ကိစ္စများကိုမူ အမေရိကန် အစိုးရက အလွယ်တကူ တားမြစ်နိုင်ခြင်းမရှိပေ။ သို့သော်လည်း ဘဏ္ဍာရေး ပိတ်ဆို့မှုကို နိုင်ငံတကာရှိ ဘဏ်များကလည်း ဂရုထားရတော့မည်ဟု US Campaign for Burma (USCB) ဟု ခေါ်သည့် မြန်မာ့အရေး ဆောင်ရွက်နေသည့် အမေရိကန်အခြေစိုက် အဖွဲ့တခုက ပြောသည်။
မြန်မာပြည်မှ ငွေကြေးများနှင့် ပတ်သက်ဆက်စပ်မှုအား အမေရိကန် အစိုးရက ဂရုတစိုက် စောင့်ကြည့်နေသည်ကို နိုင်ငံတကာ ဘဏ်များက သိရှိကြောင်း USCB မှ ညွှန်ကြားရေးမှူး တဦးဖြစ်သူ Jennifer Quigley က ပြောသည်။
မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးခဲ့စဉ်က ထိုကဲ့သို့ တားမြစ်ကန့်သတ်မှုမျိုး ဆောင်ရွက်ခဲ့ရာ မြန်မာပြည်အပေါ် ယင်းသို့ ဆောင်ရွက်ပါက ဓာတ်ငွေ့ရောင်းချခြင်းမှ ရရှိနေသော စစ်အစိုးရ၏ ငွေကြေးများကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
နိုဗဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူစဉ် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက “သံတမန်ရေးနဲ့ စေ့စပ် ဆွေးနွေး မှုတွေ ရှိသလို မအောင်မြင်ရင်လည်း နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။
မြန်မာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို မှုတည်၍ စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက် သွားမည် ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်ကလည်း စက်တင်ဘာလတွင် ပြောကြားခဲ့သည်။
အရှေ့တောင်အာရှရှိ အဆင့်မြင့် အမေရိကန် သံတမန်တဦးက“အမေရိကန်အစိုးရဲ့ စေ့စပ်ညှိနှိုင်းမှုကို စစ်အစိုးရက သူတို့ကို တရားဝင်တယ်၊ အသိအမှတ်ပြုတယ်လို့ ထင်ရင် လုံးဝ မှားသွားလိမ့်မယ်၊ သူ့အစီအစဉ်နဲ့သူ သွားနေတာပါ” ဟု ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
အမေရိကန်အစိုးရက မြန်မာပြည်အပေါ်ထားရှိသော နိုင်ငံခြားရေး မူဝါဒကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက မစ္စတာ ကာ့တ်ကမ်းဘဲလ် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည့်နှင့်တွေ့ဆုံခွင့်ပြုသည့် အပြင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ၃ဦးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဂါရ၀ ပြုခွင့်ပေးခဲ့သည်။
သို့သော်လည်း တိုင်းရင်းသားများ၊ စာနယ်ဇင်းသမားများနှင့် ကျောင်းသားလှုပ်ရှားသူများကိုမှု ဆက်လက်ဖမ်းဆီး နှိပ်ကွပ်နေဆဲ ဖြစ်ကြောင်း သုံးသပ်သူများကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလက စင်ကာပူအခြေစိုက် Oversea Chinese Banking Cooperation(OCBC)နှင့်Development Bank of Singapore(DBS)ဘဏ် တွင်မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများကို လျှို့ဝှက် သိမ်းဆည်း ထားကြောင်း လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ERI) က စွပ်စွဲခဲ့သည်။
အဆိုပါ စွပ်စွဲချက်မှ မဟုတ်မှန်ကြောင်း ကြေညာချက်များ ထုတ်ပြန်၍ စင်ကာပူဘဏ်များက ငြင်းပယ်ခဲ့သည်။
စစ်အစိုးရ အပါအ၀င် ၎င်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးများကို စင်ကာပူ၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ဒူဘိုင်းတို့တွင် အပ်နှံထားသည်ဟု လေ့လာသူများက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပါအ၀င် အရေးယူ ပိတ်ဆို့ခံထားရသည့် နိုင်ငံများ၏ စီးပွားရေး ဌာနများနှင့် သက်ဆိုင်သော ငွေကြေး အလွှဲအပြောင်းများ ဆောင်ရွက်ခဲ့သည့် ဆွစ်ဇာလန်ဘဏ် Credit Suisse ဘဏ်က ဒေါ်လာ ၅၃၆ သန်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
အမေရိကန် အစိုးရသည် မြန်မာပြည်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုတိုးမြှင့် ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း လူပုဂ္ဂိုလ် ၄၀နှင့် စီးပွားရေးလုပ်ငန်း ၄၄ ခုတို့ကို ပစ်မှတ်ထား ဆောင် ရွက်ခဲ့သည်။
Wednesday 23 December 2009
Subscribe to:
Post Comments
(
Atom
)
1 comment :
စီးပွားရေးပိတ်ဆို့တော့ ပြည်သူပြည်သားတွေပဲ နစ်နာတာပေါ့ကွ။မင်းပထွေး သန်းရွှေကတော့ အရယ်တောင်မပျက်ဘူး။
Post a Comment