Monday, 7 December 2009

အီရန်မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြန်စနေပြီ။


တဟီရန်တက္ကသိုလ်မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြပွဲ 
(ဓာတ်ပုံ- နယူးယောက်တိုင်မ်းစ်။ ၁၂.၀၇.၂၀၀၉)
"With enough momentum, nearly any kind of change is possible"


-မြတ်စိုး-
၁၂.၀၇.၂၀၀၉

ဒီဇင်ဘာ ၇ ရက်နေ့ဟာ အီရန်အမျိုးသားကျောင်းသားနေ့ဖြစ်ပြီး၊ အီရန်မှာ အစိုးရ ရုံးပိတ်ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နှစ်ပတ်လည်နေ့မှာ အီရန်နိုင်ငံ အနှံ့အပြားမှာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြန်စနေပါပြီ။ အီရန်နိုင်ငံရဲ့ နံမည်ကြီး တဟီရန် တက္ကသိုလ်ကျောင်း အပါအ၀င် တခြားမြို့ကြီးများရှိ တက္ကသိုလ်ကျောင်း တွေမှာပါ ထောင်သောင်းချီတဲ့ အီရန် ကျောင်းသားများက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု နှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသော ကျောင်းသူကျောင်းသား သူရဲကောင်း များ အတွက် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် နေ့အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါသည်။

အီရန်အတိုက်အခံနိုင်ငံရေးပါတီ ခေါင်းဆောင်များကလည်း တီဟီရန် တက္ကသိုလ်ဝင်း အတွင်းတွင် ပြုလုပ်သော အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မှာ လာရောက်ပါဝင်ပူးပေါင်းခဲ့ပြီး မိန့်ခွန်းများပြောဆို ခဲ့ကြကြောင်း နှင့် အီရန်အတိုက်အခံပါတီကို ထောက်ခံသူများကလည်း အစိမ်းရောင် အမှတ်အသားများ ၀တ်ဆင်ပြီး လမ်းမများပေါ်တွင် ပူးပေါင်းပါဝင်ဆန္ဒပြ လှုပ်ရှားမှုများ ရှိခဲ့ကြောင်းသိရှိရပါသည်။ အထူးသဖြင့် အီရန် နိုင်ငံရေးအန်တုမှု များတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်လာနေပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ ဆန္ဒပြလှုပ်ရှားမှု တွင် အမျိုးသမီးများက အနက်ရောင်ဝတ်စုံတွေ ၀တ်ပြီး၊ အစိမ်းရောင်လက်ပတ် တွေ ကိုယ်စီ ဆင်မြန်း ထားမှုကို နေရာအနှံ့အပြားမှာ တွေ့ရှိနေရကြောင်း အီရန်ကလာတဲ့ သတင်းများတွင် ဖော်ပြထား ပါသည်။

“ဆန္ဒပြသူများက အာဏာရှင် ကျဆုံးပါစေ၊ အာမာဒီနီဂျက် အာဏာရှင်အစိုးရ မောင်းထုတ်ကြ၊ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီ လူသတ်သမား” လို့ ကြွေးကြော်ဆန္ဒပြ ခဲ့ကြကြောင်းသိရပါသည်။ အာမာဒီနီဂျက် အာဏာရှင်အစိုးရ ကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အကြမ်းဖက် နိုမ်နင်းဖို့ ပြင်ဆင်နေကြတယ်၊ အစိုးရ ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု အတော်အတွင်း အင်တာနက် သုံးစွဲမှု ကို ပိတ်ထားခဲ့ခြင်း၊ နှေးသွားအောင် ပြုလုပ်ခြင်း၊ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခြင်း တွေကို ပြုလုပ်ထားခဲ့တယ်။ ဒါပေမဲ့လည်း အီရန်လူငယ်တွေဟာ နောက်ဆုံးပေါ် နည်းပညာတွေကို သုံးစွဲပြီး သတင်းတွေ၊ ဓာတ်ပုံတွေကို ကမ္ဘာ့သတင်းမီဒီယာတွေ ဆီကို ပေးပို့နိုင်ခဲ့တယ်။


အီရန်ကလာတဲ့ အင်တာနက် သတင်းများ၊ ကမ္ဘာ့မီဒီယာများရဲ့ ဖော်ပြချက်အရ တဟီရန် တက္ကသိုလ် ၀င်ပေါက်များကို အီရန်ရဲတပ်ဖွဲ့က ပိတ်ဆို့ထားခဲ့တာကြောင့် ကျောင်းသား ကျောင်းသူများနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆန္ဒပြကျောင်းသား တွေ ဟာ အာမာဒီနီဂျက် အာဏာရှင်အစိုးရရဲ့ ခြိမ်းချောက်မှုကို စိန်ခေါ်ပြီး နေရာအနှံ့အပြားမှာ ထိပ်တိုက်ရင်ဆိုင် တွေ့ကာ ဆန္ဒပြ တိုက်ပွဲဝင်နေကြကြောင်း သိရှိရပါသည်။

ဆန္ဒပြလှုပ်ရှားမှုများကို အီရန် စစ်တပ် လို့ဆိုရ မယ့် အီရန် တော်လှန်ရေး အစောင့်တပ် က လေ့ကျင့် ပေးထားတဲ့ Basilj ဆိုတဲ့ လက်မရွံ့  အာဏာရှင်လက်ကိုင်ဒုတ် အဖွဲ့ က ၀ိုင်းရံထားကြကြောင်း သိရှိရပါသည်။ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု မှာ တီဟီရန် မြို့သူမြို့သားများ ပါဝင်ဆင်နွှဲ နေပြီး၊ တက္ကသိုလ်များမှ တဆင့် အခြားမြို့များကို ကူးစက်သွား နေကြောင်း အီရန်အတိုက်အခံအဖွဲ့များက ရေးသားဖော်ပြထားတဲ့ သတင်းများကို အင်တာနက်စာမျက်နှာများတွင် ဖတ်ရှု့ရပါသည်။

ကြိမ်းသေတာကတော့ ကမ္ဘာကြီးမှာ ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်လူသား မဆို အာဏာရှင်စံနစ်ကို လုံးဝ လက်မခံကြတော့ဘူး ဆိုတာပါပဲ။


1 comment :

SBSangpi said...

မင်္ဂလာပါ..ဦးလေး..ရေ...
တွေ့ ရတာဝမ်းသာပါတယ်...
အမြင်လဲအများကြီးကျယ်သွားတယ်.ဘလောက့်ဖတ်ရတာ..ကျေးဇူးပါ..
ကျွန်တော်ဘလောက့်ကိုလဲ လာလည်အကြံပေးပါရန်ဖိတ်ခေါ်ပါတယ်..
ကျေးဇူး..