ဗိုလ်ထက်မင်း
မဇ္ဈိမ
တပ်တွင်း သက်သာ ရန်ပုံငွေတွေကို ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလမှာ ဖျက်သိမ်းပြီးခဲ့တဲ့နောက်ပိုင်း ဝန်ထမ်း ဆန်တွေကို ထုတ်ပေးခြင်း မရှိတော့ပါ။ ဝန်ထမ်းဆန်ဆိုတာဟာ စစ်သည်တွေနဲ့ ဇနီးမယား အိမ်ထောင်စုဝင် တွေကို အလကားပေးဝေတဲ့ ဆန်ပါ။ ဝန်ထမ်းဆန်တွေ ဝယ်ယူဖို့အတွက် သီးသန့်ငွေကြေး ထောက်ပံ့ ပေးတာမျိုး မရှိတော့ဘဲ စစ်သည်တွေ ပင်ပန်းကြမ်းတမ်းမှုစရိတ် (M.H.R.A) အဖြစ်နဲ့ အဆင့်အတန်း အားလုံးကို တလမှာ ပုံသေ ၅ဝဝဝ ကျပ် ထောက်ပံ့ပေးခဲ့ပါတယ်။
အခုလိုမျိုး ပင်ပန်းကြမ်းတမ်းမှုဆိုပြီး စာသားလှလှလေးသုံးကာ ၅ဝဝဝ ကျပ်ပေးတာဟာ လူပျို စစ်သည်တွေ အတွက် အဆင်ပြေပေမယ့် ဝန်ထမ်းဆန်တွေကို မပေးတော့တာကြောင့် အိမ်ထောင်သည် စစ်သည်တွေ အတွက်တော့ ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်။ အိမ်ထောင်သည် စစ်သည်တွေအတွက် သားသမီးတွေ တလလုံးစားဖို့ အဲဒီငွေ ၅ဝဝဝ နဲ့ ဆန်ဝယ်ဖို့ မလောက်ငှတာကြောင့် သူတို့တွေရဲ့ ဇနီးနဲ့ သားသမီးတွေဟာ ကြုံရာကျပန်း အလုပ်လုပ်ပြီး ရုန်းကန်ခဲ့ကြရပါတယ်။
နောက်ပိုင်းမှာတော့ တပ်ရင်းသက်သာဆိုင်တွေကနေ အိမ်ထောင်သည် စစ်သည်တွေအတွက် ဝန်ထမ်း ဆန်တွေကို အကြွေးစနစ်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ တပ်ရင်း/တပ်ဖွဲ့တွေကို စစ်သည်မိသားစုတွေ သက်သာစေဖို့ ဝန်ထမ်းဆန်တွေကို ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးဖို့နဲ့ ဖြူဖွေးပြီး စားချင်စဖွယ်ရှိတဲ့ ဆန်တွေကိုပဲ ရောင်းချပေးရမယ်လို့ “တပ်စစ်” လာတဲ့အချိန်တွေမှာ ကြားကောင်းအောင် ညွှန်ကြားလျက် ရှိပါတယ်။
တဖက်မှာတော့ တပ်ရင်း/တပ်ဖွဲ့တွေအနေနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်ကို လစဉ် အမြတ်ငွေ သတ်မှတ်ချက်အတိုင်း ပေးသွင်းနေကြရပါတယ်။ တပ်ရင်း “မတည်ငွေ” ကိုလည်း လျော့နည်းပြလို့ မရပါဘူး။ ဦးပိုင်ကို သွင်းရမယ့် ငွေအရေအတွက်ကို များများသွင်းနိုင်လေလေ သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့မှူးတွေဟာ ရာထူးတက်လေလေ ဖြစ်တာကြောင့် လျော့နည်းသွားမှာကို တပ်ရင်း/တပ်ဖွဲ့မှူးတွေက မလိုလားကြပါဘူး။
ဦးပိုင်ကို သွင်းရမယ့်ငွေ နည်းသွားမိလို့ ထုထောင်းခံနေရတဲ့အတွက်ကြောင့် တပ်ရင်း/တပ်ဖွဲ့မှူးတွေခမျာမှာ ကျဉ်းထဲကျပ်ထဲရောက်ကာ ဘုရားတပြီး စစ်အာဏာရှင်တွေရဲ့ ကြိုးဆွဲရာ လိုက်ကနေကြရပါတယ်။ ဒါကြောင့် ဆန်တပြည်ကို ပြင်ပပေါက်ဈေးထက် ကျပ် ၅ဝ ပဲ ခွာဝံ့ပြီး အိမ်ထောင်သည် မိသားစုဝင်တွေကို ရောင်းချရတဲ့အတွက် သက်သာတယ်ဆိုတဲ့ အတုအယောင်ဂုဏ်ဒြပ်ကိုသာ တပ်တွေက ထုတ်ပြ နေကြရပါတယ်။ ပြင်ပပေါက်ဈေးထက် များများခွာပြီး အရှုံးခံရောင်းရင် ဦးပိုင်ကို သွင်းရမယ့်ငွေက နည်းသွားမှာ စိုးရိမ်နေကြရပါတယ်။
တဖန် စစ်သည်တွေကို နောင်ရေးအတွက် စိတ်ချရအောင်ဆိုပြီး လစာထဲက ဘဏ်စုငွေကို မဖြစ်မနေ စုဆောင်းစေခဲ့ပြန်ပါတယ်။ လူပျိုစစ်သည်က အနည်းဆုံး ၅ဝဝဝ ကျပ်၊ အိမ်ထောင်သည်စစ်သည်က အနည်းဆုံး ကျပ် ၃ဝဝဝ နှုန်းနဲ့ စုဆောင်းစေခဲ့ပါတယ်။ “ဖိနပ်နှင့် ထီးမပါက နွေခါမှသိ၊ ဘဏ်စုငွေ မစုဆောင်းမိက အိုခါမှသိ” ဆောင်ပုဒ်ကို စစ်သည်တွေကို အတင်းအဓမ္မ ရိုက်သွင်းစေခဲ့ပါတယ်။ လူပျိုစစ်သည်တွေအနေနဲ့ စုဆောင်းမိတယ်လို့ ပြောလို့ရပေမယ့် အိမ်ထောင်သည် စစ်သည်တွေအဖို့ ပိုပြီးတော့ ဒုက္ခရောက်ကြရပါတယ်။
ဒါပေမဲ့ ပိုဆိုးတာက စစ်သည်တွေဟာ မိမိတို့ရဲ့ ဘဏ်စုငွေတွေကို အချိန်မရွေး ပြန်လည်ထုတ်ယူခွင့် မရှိခြင်းဘဲ ဖြစ်ပါတယ်။ အလွဲသုံးစား လုပ်နေတာက တချို့ တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းမှူးတွေဖြစ်ပြီး ရေး - ၂ စာရေးကို Control လုပ်ကာ စစ်သည်ဘဏ်စုငွေတွေကို ဘဏ်ထဲ မသွင်းပေမယ့် အသွင်းပြကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အခြား တပ်တွင်း ကိစ္စရပ်တွေမှာဖြစ်စေ ခေါင်းစဉ်ပြောင်း သုံးစွဲကြတာလည်း တွေ့ရပါတယ်။ ဘဏ်မန်နေဂျာနဲ့ ညှိပြီးတောင် ငွေပေးငွေယူ ကစားကြပါတယ်။
တကယ်တမ်းတော့ တပ်ရင်းသက်သာဆိုင်မှာ ဆန်တမျိုးကလွဲရင် ကျန်တာတွေကိုတော့ ဦးပိုင်သွင်းငွေ နည်းသွားမှာ စိုးရိမ်ရတဲ့အတွက် အမြတ်နဲ့ပဲ ရောင်းချနေတာမို့ တပ်ရင်း “မ” သက်သာဆိုင်လို့ ခေါ်ဆို နိုင်ပါတယ်။ တပ်ရင်းသက်သာဆိုင်မှာ စာရင်းစာအုပ် ၃ အုပ် ထားရှိကြရပါတယ်။ လူကြီးလာစစ်ရင် ပြဖို့ အတုအယောင် စာအုပ်က တအုပ်၊ မြေပြင်မှာ လိုတိုးပိုလျှော့ လုပ်နိုင်ဖို့ တပ်ရင်းမတည်ငွေနဲ့ ကုန်ပစ္စည်း မူရင်းဈေးအတိုင်း ရေးထားတဲ့ အမှန်အကန် စာအုပ်က တအုပ်၊ နောက်ဆုံးတအုပ်ကတော့ ကိုယ်ကျိုး လုပ်နိုင်ဖို့ အမြတ်တင်ထားတဲ့ တပ်ရင်းမှူးနဲ့ သက်သာဆိုင် တာဝန်ခံအတွက် အကြံအဖန် စာအုပ်တအုပ် စုစုပေါင်း ၃ အုပ် ထားရှိတာပါ။
စစ်သည်တွေခမျာ လစာထုတ်ရင် ဘဏ်စုငွေကလွဲလို့ ကျန်တဲ့ ငွေတွေကိုတော့ သက်သာဆိုင်မှာပဲ အကြွေးဆပ်ရင်း ကုန်ကြရလို့ လက်ချည်းဗလာသက်သက်နဲ့ ပြန်ရတဲ့ လတွေလည်း မနည်းတော့ပါ။ လကုန်လို့ လစာထုတ်သွားရင် သူတို့ခမျာ လစာထုတ်ဖို့ သွားတာမဟုတ်ဘဲ တပ်ရေးဗိုလ်ကြီးနဲ့ ရေး-၂ စာရေးထံ ကြိုတင်လစာ ထုတ်ပေးဖို့အတွက် သွားရောက်တောင်းပန်ကြခြင်းသာ ဖြစ်ပါတယ်။
စစ်သည်တွေဟာ ပိုက်ဆံမရှိတော့ လိုင်းခန်းထဲက အဆင်ပြေတဲ့ သူတွေထံမှ ၁ဝဝ ကို ၂ဝ အတိုးနဲ့ ချေးငှားကြပါတယ်။ အကြွေးပေါ် အကြွေးဆင့်လာလို့ မတတ်နိုင်ကြတော့ဘဲ သက်သာဆိုင်မှာ အကြွေးပြန်ယူကြရပြန်တယ်။ တဖန် သက်သာဆိုင်က တချို့ အိမ်ထောင်သည် စစ်သည်တွေဆိုရင် ၂ လစာ၊ ၃ လစာ အကြွေးတင်တော့ သက်သာဆိုင်က အကြွေး လုံးဝ မပေးတော့ပါ။
အဲဒီအခါ သက်သာဆိုင်မှာ နားလည်မှုနဲ့ ကိုယ်ကျိုးစီးပွားရှာ သောင်းကျန်းနေတဲ့ အရာရှိကတော်တွေနဲ့ ဆရာကြီးကတော်တွေက ဈေးတင်ထားတဲ့ ပြင်ပပေါက်ဈေးထက် ကြီးမားတဲ့ ဈေးနှုန်းနဲ့ ပစ္စည်းတွေကို ထပ်ယူရပြန်တယ်။ သက်သာဆိုင်မှာ အကြွေး လုံးဝ မရပြန်တော့ တပ်ပြင်ပက အရပ်သားတွေ ဖွင့်ထားတဲ့ အိမ်ဆိုင်လေးတွေမှာ မျက်နှာငယ်လေးတွေနဲ့ တီဗီ၊ ကက်ဆက်၊ ပေါင်းအိုး၊ စက်ဘီးလို အိမ်တွင်း ပစ္စည်းလေးတွေ အပေါင်ထားပြီး အကြွေးယူကြပြန်တယ်။
အဲဒီလို အကြွေးတွေနဲ့ ပိနေတဲ့ တပ်မတော်သားတွေဟာ နယ်ခြားစောင့်တပ်က စစ်သည်ရဲ့ အခြေခံ လစာငွေ ၄ဝဝဝဝ (၄ သောင်း) ကျပ် ရတယ်ဆိုတဲ့ သတင်းကြောင့် မျိုသိပ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်ကုန်ကြပါတယ်။ တပ်မ ၆၆ နဲ့ တပ်မ ၇၇ က အရာရှိ/စစ်သည်တွေဟာ အမိန့်မနာခံဘဲ အာဏာဖီဆန်ပြီး ထွက်ခွင့်တင်ကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ တပ်တွင်း အရာရှိ/စစ်သည်တွေကို တတ်နိုင်သမျှ စည်းရုံးဆက်သွယ်ပြီး နှစ်သိမ့်အားပေးဖို့ တိုက်တွန်းလိုပါတယ်။ အဲဒီတပ်တွေအတွင်းရှိ ကျန်တဲ့ အရာရှိ/စစ်သည်တွေကလည်း အဲဒီလို ထွက်ခွင့်တင်တဲ့ အရာရှိ/စစ်သည်တွေကို စည်းလုံးညီညွတ်စွာ ကူညီဖေးမ ရပ်တည် ကြစေလိုပါတယ်။
အလားတူ စစ်အာဏာရှင်တွေအနေနဲ့ အောက်ခြေ အရာရှိစစ်သည်တွေ နေရာမှာ ဝင်ရောက်ခံစားပြီး ကိုယ်ချင်းစာနာစိတ်နဲ့ ခွင့်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
တပ်မ ၆၆ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေကနေ အမိန့်မနာခံဘဲ အာဏာဖီဆန်ပြီး ထွက်ခွင့်တင်ထားတဲ့ အရာရှိ/စစ်သည်တွေကို ခုံရုံးဖွဲ့ကာ စစ်ဆေးကြမယ့် အရာရှိတွေအနေနဲ့လည်း ရဲဘော်ရဲဘက်စိတ်ထားပြီး မိသားစုသဖွယ် ကိုယ်ချင်းစာနာစိတ်နဲ့ သက်ညှာစွာ ဆောင်ရွက်ပေးသင့်ပါတယ်။
စစ်တပ်အတွင်း ပြောပြောနေတဲ့ စကားတခွန်း ရှိပါတယ်။ “စစ်တပ်က ကျဉ်းကျဉ်းလေးပဲ” ဆိုတဲ့အတိုင်း သံသရာ တပတ်လည်ပြီး မိမိအလှည့်ကို မလွဲမသွေ ပြန်ရောက်မှာ ဖြစ်တဲ့အကြောင်း သတိပေးလိုပါတယ်။ ဒါကြောင့် အာဏာရှင်တွေအနေနဲ့ စိတ်ထဲက မယုံကြည်တော့ရင်လည်း ထွက်ခွင့်တင်သူ အာဏာ ဖီဆန်သူတွေကို ထိန်းထိန်းသိမ်းသိမ်း၊ အသက်ညှာဆုံးအနေနဲ့ တပ်ကနေ အသာတကြည် ထွက်ခွင့်ပေးလိုက်ဖို့သာ လိုပါတယ်။
ဒီဖြစ်စဉ်တွေကို သုံးသပ်ပြရမယ်ဆိုရင် မူလကတည်းက စစ်ထောက်ချုပ်ရုံးနဲ့ ကကပံ့တို့ဟာ ရိက္ခာခြောက်တွေကို တာဝန်ယူ ရှာဖွေဝယ်ယူခြင်းမပြုဘဲ စစ်သည်တွေကို ရိက္ခာခြောက်အစား ပိုက်ဆံထုတ်ပေးလိုက်ရင် အဆင်ပြေတယ်လို့ ပြီးစလွယ်သာ တင်ပြကြပါတယ်။ အဲဒီတင်ပြချက်ကို စစ်အာဏာရှင်ကြီးတွေကလည်း ပြင်ပမှာ ဈေးနှုန်းကြီးမြင့်နေမှုကို မသိကျိုးကျွံပြုကာ အပိုဆောင်းငွေ ပေးတာကိုတောင် အလွယ်တကူ လက်ခံခဲ့ကြသောကြောင့် ဖြစ်ပါတယ်။
အဲဒီ အပိုဆောင်းငွေ ကျပ် ၅ဝဝဝ ဟာ နည်းနေလို့ ပင်မလစာကို သောင်းနဲ့ချီပြီး ပထမအကြိမ် ၂၀၀၆ ခုနှစ် မတ်လမှာ ထပ်တိုးပေးရသလို၊ မလောက်ငှလို့ ရိက္ခာစိုငွေ နေ့စဉ် ၁၀၀ ကျပ် တိုးပေးတာကို ဒုတိယအကြိမ် ထပ်မံလုပ်ပေးရပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ရိက္ခာခြောက် မပေးနိုင်တော့ဘဲ နေ့စဉ် ၄၈ ကျပ် ထပ်တိုးပေးပြီး အခုတဖန် ရိက္ခာစိုငွေ နေ့စဉ် ၃ဝဝ ကျပ်နဲ့ အပိုဆောင်းငွေ ကျပ် ၂၀၀၀၀ ကို အလီလီ တိုးပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကိုတော့ အံမတုနိုင်သေးပါ။
နိုင်ငံတော် ဘတ်ဂျက်ငွေတွေကို ပြည်သူလူထု လိုအပ်ချက်အတွက် ဖြည့်ဆည်းမပေးတဲ့အပြင် တပ်မတော် အင်အားရှိအောင်ဆိုပြီး ဝယ်ယူလိုက်တဲ့ စစ်လက်နက် ပစ္စည်းတွေမှာလည်း အရည်အသွေး ညံ့ဖျင်းနေပြန် ပါတယ်။
အခုတလော ရုရှားကနေ MIG -29 တိုက်လေယာဉ်တွေကို ဒေါ်လာ သန်း ၅၇၀ ဖိုး ဝယ်ယူတဲ့ကိစ္စ သတင်း ပေါ်နေပါတယ်။ အဲဒါတွေ ဝယ်မယ့်အစား ပြည်သူလူထုနဲ့ အောက်ခြေစစ်သည်တွေအတွက် အနည်းငယ် အသုံးပြုပေးမယ်ဆိုရင်တောင် ဒီလို တပ်တွင်း အရေးအခင်းမျိုး ဖြစ်လာမှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Wednesday, 6 January 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment