Tuesday 12 January 2010

ဟေတီတွင်ပြင်းထန်သောမြေငလျင်ကြောင့်လူအမြောက်အများသေဆုံးဖွယ်ရှိ


-တီကေ (WFWW)-
၀၁.၁၂.၂၀၁၀

ဆင်းရဲသည့် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သည့် ဟေတီကျွန်း၏ မြို့တော် Port-au-Prince အနောက်တောင် အရပ်တွင် ရစ်ချက်စတာ ၇.၀ ပြင်းအားရှိတဲ့ ပြင်းထန်သည့် မြေငလျင်တစ်ခုလှုပ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ကြေညာခဲ့ပါသည်။ လူသေဆုံးမှုအတိအကျကို မသိရှိရသေး သော်လည်း လူအမြောက်အများ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး အဆောက်အဦးများစွာလည်း ပြိုလဲပျက်စီးသွား ခဲ့ကြကြောင်း ဟေတီက လာတဲ့ သတင်းများအရသိရှိရပါသည်။ အေပီသတင်းဌာန ရဲ့ သတင်းတပုဒ်ထဲ မှာတော့ ဆေးရုံတရုံပြိုကျပျက်စီးသွားပြီး၊ သမ္မတအိမ်တော်လည်း ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထား ပါတယ်။ ရစ်ချက်တာစကေး ၅.၉ နှင့် ၅.၅ မြေငလျင်များဆက်တိုက် လှုပ်ခတ်သွားပြီးနောက် ရစ်ချက်စတာ ၇.၀ ပြင်းအားကြီးတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက တိုင်းတာသိရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဟေတီနိုင်ငံဟာ ဆင်းရဲမွဲတေနေသည့်နိုင်ငံဖြစ်တာကြောင့် အပျက်အစီးဆုံးရှုံးမှုများနှင့် သေဆုံးမှုများ များပြားဖွယ်ရှိတယ်လို့ ဟေတီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက CNN ရုပ်မြင်သံကြားမှာ ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ အမေရိကန်အစိုးရရဲ့ ခန့်မှန်းတွက်ဆချက် အရ ဟေတီနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အစားအစာငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရတယ်လို့ သိရှိရပါသည်။ အမေရိကန်သမ္မတ က အရေးပေါ်လူသားချင်းစာနာသည့် အကူအညီများ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးစေလွှတ်ပေးပို့ဖို့ သက်ဆိုင်ရာ အမေရိကန် အဖွဲ့အစည်းများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ကယ်လီဖိုးနီယားပြည်နယ် မီးသတ်အဖွဲ့မှ အရေးပေါ်ကယ်ဆယ်ရေးကျွမ်းကျင်သူ အဖွဲ့ဝင်များ ဟေတီနိုင်ငံသို့ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထွက်ခွာဖို့ပြင်ဆင်နေကြကြောင်းလည်း ကြားသိရပါသည်။

အမေရိကန် သမ္မတ အိုဗားမား နှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ဟေတီနိုင်ငံတွင် ရုတ်တရက် အကြီးအကျယ် ဖြစ်ပွားခဲ့သည့် ဘေး ကပ်ဆိုက်မှုကြီး အတွက် ဟေတီပြည်သူများ နဲ့ အတူထပ်တူ ထပ်မျှဝမ်းနည်းကြေကွဲပါကြောင်း အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် အမြန်ဆုံး အကူအညီ ပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွား ခဲ့ကြောင်း အေဘီစီ (ABC) သတင်းထဲတွင် ဖော်ပြထားပါသည်။ အမေရိကန်ဆိုင်ရာဟေတီသံအမတ်ကြီးက လည်း နိုင်ငံတကာရှိဟေတီ မိတ်ဆွေနိုင်ငံများ၏ အကူအညီများကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြောင်း နှင့် အမေရိကန် နှင့် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များ ကို အလျင်အမြန်စေလွှတ်ပြီး အရေးပေါ်အကူအညီများပေးဖို့လည်း တောင်ဆိုခဲ့ကြောင်း သိရှိရပါသည်။


 ဓာတ်ပုံ-အေပီ ( AP)

ဟေတီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ပြောဆိုချက်အရ ရာနဲ့ချီတဲ့ အဆောက်အဦး တော်တော်များများ နှင့်လူနေအိမ်များလည်းပျက်စီးသွားခဲ့ကြောင်း ယင်းပြင်းထန်သည့် မြေငလျင်ကြောင့် ဆူနာမီလိုင်းလုံးကြီးများဖြစ်ပေါ်လာနိုင်ကြောင်း လူများ လုံခြုံရာနေရာများ သို့ပြောင်းရွေှ့နေထိုင်ကြဖို့ သတိပေးမှုတွေြ့ပုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ကမ္ဘာ့လေထု နှင့် သမုဒ္ဒရာ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေကို လေ့လာနေကြတဲ့ ပစ္စိဖိတ်ဆိုင်ရာ ဆူနာမီ သတိပေးရေးဌာနက လည်း ကာရစ်ဘီယံကမ်းခြေ တလျှောက်မှာ ဆူနာမီ လှိုင်းလုံးကြီးများဖြစ်ပေါ်လာနိုင်တယ်လို့ထုတ်ပြန်သတိပေးထားပါတယ်။

ဟေတီကျွန်းနိုင်ငံဟာ ၁၉၉၄၊၁၉၉၈၊ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့သည့် ဟာရီကိန်း မုန်တိုင်းများကြောင့် လူထောင်နှင့်ချီသေဆုံးခဲ့ပြီး၊ မကြာခဏဆိုသလို သဘာဝဘေးအန္တာရယ်ခံစားနေရသည့် ကျွန်းနိုင်ငံငယ် တစ်ခုဖြစ်ပါသည်။

ဟေတီ နိုင်ငံတွင် လူပေါင်း ၁.၉သန်းမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရပြီး၊ ယင်း စာရင်းအရ ဟေတီနိုင်ငံသား လေးဦးလျှင် တစ်ဦးနှုန်း ငတ်မွတ်နေကြကြောင်း ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ စားနပ်ရိက္ခာ အဖွဲ့က ပြောသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ FAO ၏ WFP အစီအစဉ် နှင့်အလှူရှင် မိတ်ဆွေများက စားနပ်ရိက္ခာ တန်ချိန်ပေါင်း ၈၀၀၀ ကျော်ကို ဟေတီ နိုင်ငံ၏ ဒေသ ၁၃ ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဟေတီသည် WFP ၏ စာနပ်ရိက္ခာ မလုံလောက်ဆုံး နိုင်ငံ ၁၆ နိုင်ငံထဲတွင်ပါဝင်သည်။ ၂၀၀၈ ခုနှစ်က ဟာရီကိန်း မုန်တိုင်းများ၏ ဒဏ်ကြောင့် လူပေါင်း လေးသန်းခန့်ငတ်မွတ်ခဲ့ရ ကြောင်း ကုလသမဂ္ဂဆိုင်ရာ စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သဘာဝဘေးအန္တာရယ်ကပ်ဆိုးကျရောက်နေသော ဟေတီနိုင်ငံ အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်အကူအညီများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်တဲ့အကူအညီမှန်သမျှ ထောက်ပံ့ကူညီသွားမယ်လို့ တာဝန်ခံ ဂတိပြုပြောဆိုသွားခဲ့ကြောင်း သိရှိရပါသည်။

No comments :