Friday, 22 January 2010

မြန်မာ တိုက်လေယာဉ် တစီးပျက်ကျ၊ လေယာဉ်မှူး သေဆုံး


တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် တစီးကို တွေ့ရစဉ်
ဇော်ဝင်း (နယူးရော့ခ်)

မြန်မာ စစ်အစိုးရ လေတပ်မှ တိုက်လေယာဉ် တစီး ယနေ့နံနက်က ပျက်ကျသွားသဖြင့် လေယာဉ် မောင်းသူ သေဆုံးသွားကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။ လေယာဉ်သည် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမည်မဖော်လိုသူ ၀န်ထမ်း တဦးက အေပီသတင်းဌာနကို ပြောကြောင်းကြားသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ယနေ့နံနက် (၇) နာရီ မတိုင်မီက ပျက်ကျရာ အသက် (၂၃) နှစ် အရွယ် ပိုင်းလော့ဗိုလ်ကြီး ပြည့်ဖြိုးမျိုး ဆိုသူ သေဆုံးသွားကြောင်း မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည် ဟု ခေတ်ပြိုင်သတင်းမှ သိရှိရပါသည်။

“အဆင်းမှာ ဖြစ်တာဗျ၊ ဘီးကို ချမရတော့ဘူး။ ဒါ့ကြောင့် ရှပ်တိုက်ဆင်းလိုက်တော့ မီးလောင်သွားတယ်။ ပိုင်းလော့ကတော့ မီးလောင်တာလည်း ပါတယ်၊ အမြင့်က ပြုတ်ကျတာလည်း ပါတဲ့အတွက် အသက်ဆုံးရှုံးရတယ်။ အဲဒီ ပိုင်းလော့က တော်တဲ့ လူငယ်တယောက်ပါ” ဟု အဆိုပါလေတပ်အရာရှိက ပြောသည်။

ထို လေယာဉ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ် ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။ မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်များသည် အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း၏ လေယာဉ်ပြေး လမ်းကြောင်းကို အသုံးပြု နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

"ပျက် ကျတယ်ဆိုတာ မှန်ပါတယ် ၊ ကျနော်တို့က ပြောလို့မရပါဘူး ၊ စ သုံးလုံးက ကိုင်ထားပါတယ်၊ ပြီးတော့ လေတပ်ကို မေးရင်တော့ တိတိကျကျ သိနိုင်ပါတယ် ၊ အခု လေဆိပ်မှာ တာဝန်ရှိသူတွေ အရမ်း အလုပ်ရှူပ်နေပါတယ် ” ဟု လေဆိပ် တာဝန်ကျ ရဲအရာရှိ တဦးကလည်း မဇ္ဈိမသတင်းဌာန ကို ပြောသည် ဟုသိရပါသည်။

မြန်မာ လေတပ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ၃၆ စီးကို ၁၉၉၀ ပြည့်နှစ် အတွင်း ၀ယ်ယူခဲ့သည်ဟု ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနကို ကိုးကားပြီး အဆိုပါသတင်းတွင် ဖော်ပြ ထား သော်လည်း ဗြိတိန်အခြေစိုက် http://sinodefence.com တွင်မူ ဂျက်တိုက်လေယာဉ် (၄၈) စီး တရုတ်နိုင်ငံမှ ၀ယ်ယူထားသည်ဟု သတင်းများအရသိရှိရပါသည်။

မူရင်းသတင်း (ခေတ်ပြိုင် ၊ မဇ္ဈိမ၊ ဧရာဝတီ)

3 comments :

Unknown said...

အသက်အရွယ် (၂၃)နှစ် ဆိုတာ မဖြစ်နိုင်ပါဘူးခင်ဗျာ
ဗိုလ်ကြီးအဆင့်ဆိုရင် အနည်းဆုံး (၂၄) နှစ် မှဖြစ်တာပါ အဲဒါလေးကိုပြန်ပြီး စီစစ်စေချင်ပါတယ်

Anonymous said...

အသက်က ၃၁ နှစ်ပါ

Anonymous said...

နအဖ အောက် သတင်းစီးဆင်းမှုမမှန်တော့ သတင်းမှန်မရမှု ကြောင့် အသက်မှားတာပေါ့။ မှားပြီဆို မမှန်တော့ဘူးနော့။ ဟုတ်တယ်ဟုတ်?