Saturday 23 January 2010

နယူးယောက် ကဗျာဆရာကြီး ဦးတင်မိုး နှင့် မြန်မာမိသားစုများ မှ ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် ကောင်းမှုကုသိုလ်

ဇော်ဝင်း (နယူးရော့ခ်)




ကဗျာဆရာကြီး ဦးတင်မိုးအတွက်ရည်စူး၍ ကောင်းမှုကုသိုလ် ပြု အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်သံဃာတော်များ


နယူးယောက် မြန်မာမိသားစုများ က ကဗျာဆရာကြီး ဦးတင်မိုး အတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးကြပုံ



ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နယူးယောက် မြန်မာမိသားစုများ က ဒီနေ့ ကဗျာဆရာကြီး ဦးတင်မိုး အတွက်ရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ် ပေး ခဲ့ ကြပါတယ်။

"သေသောသူကြာရင်မေ့ ဆိုသော်လည်း ကဗျာဆရာကြီး ဦးတင်မိုး ကို တော့ နယူးယောက် မြန်မာမိသားစုများ က ယနေ့ထက်တိုင် မမေ့ရက်နိုင်ကြပေ"

ကွယ်လွန်သူ ကဗျာဆရာကြီး အား ချစ်ခင်မြတ်နိုးကြသူများ က မျက်ရည်စက်လက် ဖြစ်ကြရတုန်း၊ နှမျောတသ သတိတယ ရှိကြတုန်း၊ လွမ်းဆွတ်လို့မပြီးနိုင်ကြသေးပါဘူး။

ဒီနေ့ မနက်မှာ ဆရာကြီး အတွက် ရည်စူး၍ နယူးယောက် မြန်မာမိသားစုများ က မြန်မာဗုဒ္ဓဘာသာ ထုံးလမ်းစဉ်လာ အရ ဟင်းတွေ စုချက်ကြကာ ဆရာတော် သံဃာတော်များအားဆွမ်းကပ် အမျှအတမ်းပေးဝေခြင်း ကောင်းမှုဒါနပြုလုပ်ခြင်းများ စုပေါင်းပြုလုပ်ခဲ့ ကြပါတယ်။

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် အထိမ်းအမှတ် မှာ တက်ရောက်လာသူ နယူးယောက် မြန်မာမိသားစုများ ၊ ကွယ်လွန်သူဆရာကြီး အား ချစ်ခင်မြတ်နိုးကြသူ မြန်မာများ ၁၅၀ ခန့် တက်ရောက်ကြပါတယ်။

"ကျွန်တော်တို့ ပြုသမျှ ကုသိုလ်အစုစု ကို ရောက်ရာဘ၀က သာဓု ခေါ်ပါ ဆရာကြီးခင်ဗျား"


ပန်းချီဆရာမိုး ရဲ့ ကဗျာဆရာကြီး ဦးတင်မိုး ပုံတူ ပန်းချီ လက်ရာ


စုပေါင်းဓါက်ပုံ

ဒီနေ့ နယူးယောက်က အခမ်းအနား အကြောင်းလေး ရေး ပြချင်ပါတယ်။

ဆရာတော်များမှ ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သည့် (၃) နှစ်ပြည့် ကောင်းမှုကုသိုလ် အတွက် တရားဘာဝနာ ချီးမြှင့် ပြီး မြန်မာမိသားစုများ စိတ်ဓါတ်မြင့်မား ရေး ၊ ညီညွတ်ရေး တို့ကို သတိပေး ဟောကြားပါသည်။ ကွယ်လွန်သူကဗျာဆရာကြီး ဦးတင်မိုး ကောင်းရာသုဂတိ ရောက်ရန် ဆုတောင်းမေတ္တာ ပို့သပေးပါသည်။

ဆရာကြီးအား လွန်စွာချစ်မြတ်နိုးသူ စာရေးဖက်၊ ကျောင်းနေဖက်၊ ကဗျာဆရာကြီး ဦးတင်မိုး ၏ ငယ်သူငယ်ချင်းလည်းဖြစ် သူ ကဗျာဆရာ စာပေဝေဖန်ရေးဆရာကြီး ဦးစွမ်းရည်မှ ကဗျာလေးတပုဒ် ဖြင့် လွမ်းလွမ်းဆွတ်ဆွတ် မှတ်တမ်းတင် ရေးသားထားတာ က စပြီး မျှဝေချင်ပါတယ်။

"အပြုံးကဗျာရှင် ..........တင်မိုးသို့"

ဆေးလိပ်ဖွာရင်း............
ပြုံးကာရယ်ကာ
ကဗျာအကြောင်း၊ စာအကြောင်းတွေ
နိုင်ငံအကြောင်း၊ ရွာအကြောင်းတွေ
အကြောင်းစပ်ကာ၊ လွမ်းမိလွမ်းရာ
ပြောလာရင်းက
ရုတ်ချင်းခွဲခွါ၊ သုံးနှစ်ကြာပေါ့ ................. ။

ငါရယ်-
ငါ့မိတ်ဆွေများရယ်
မင့်မိတ်ဆွေများရယ်
်အားလုံးတို့က ၊ သတိရလျှတ်
ဘဝရောက်ရာ
ကဗျာမွေ့ လျော်၊ ပျော်နိုင်ပါစေ
ငါတို့ကောင်းမှု၊ ပြုပြုသမျှတွေ
အမျှဝေ ........................။
အို .................. ချစ်ဆွေ
သာဓုကဗျာ၊ သီပါလေ ။ ။

မောင်စွမ်းရည် ၂၀၁၀ ဇန္နဝါရီ ၂၂


ဆရာစွမ်း ကိုအောင်ခန့် ဦးကျော်ဝင်း ကျွန်တော် နှင့် ကဗျာဆရာကြီး ဦးတင်မိုး ပုံတူ ပန်းချီ အမှတ်တရ

ဒီစာလေးရေးနေတုန်း ဆရာကြီး နဲ့ တွဲရိုက်တဲ့ ဓါတ်ပုံလေးတွေ၊ ဆရာကြီး နယူးယောက်က ကျောင်းသားထုတွေနဲ့ အတူလာအားပေးတာတွေ ကြည့်ယင်း မျက်ရည် ကျမိ သတိယမိ ဖြစ်ရပါတယ်။

ဒီနေ့ နယူးယောက်က အခမ်းအနားမှာ ဆရာဦးစွမ်းရည်၊ဦးကျော်ဝင်း၊ ဆရာဦးခင်မောင်ကြီး၊ ပန်းချီဆရာ ကိုမိုး တို့က အမှတ်တယ စကားတွေ ပြောကြပါတယ်။

သူတို့စကား အတိုချုပ် ကတော့

ဆရာစွမ်းက သူ့ ကလောင်အမည် "မောင်စွမ်းရည်" ကို ဆရာတင်မိုး ထံမှ ရခဲ့ပုံကို ရှင်းပြပါတယ်။
ဆရာတင်မိုး က "ကန်မြဲနန်းမြင့်နွယ်" ကလောင် နဲ့ စာ စရေးပေ မဲ့ သူ့ကဗျာစာအုပ် "ဖန်မီးအိမ်" ထုပ်ဝေတော့မဲ့ အချိန်မှာ ကလောင်သစ်ရွေးတယ် ဆိုပါတယ်။

ဆရာစွမ်း က ဆရာတင်မိုး ဟာ ငယ်စဉ် က သရဲ အလွန် ကြောက်တတ်တယ်ဆိုပါတယ်။ ငယ်ငယ်က ညအခါ သူမိခင် က ဆရာတင်မိုး ကို သေးပေါက် တည်ရင် ဆရာတင်မိုးက အပေါ့သွားနေပေမဲ့ သူ့အနောက်က သေးတည်သူ မိခင်ကို သူ့လက်နှစ်ဖက် နဲ့ နောက်ပြန်ကျုန်းဖက်ထားပုံ ပြောပြဖူးပါတယ်။

သတ္တိမရှိသူ ကဗျာဆရာကြီး က သတ္တိရှိချင်လို့ သူ့ကိုယ်သူ "မောင်သတ္တိ"လို့ ကလောင် အမည် စဉ်းစားပေးကြည့်တယ်။
"မောင်သတ္တိ"က ပါဠိ စကားလုံး ဖြစ်နေတော့ "မောင်စွမ်းရည်" ဆိုပြီး မြန်မာ ကလောင် အမည် စမ်းပေးလိုက်တယ် ဆိုပါတယ်။

အခုလို ဆရာတင်မိုး ကလောင် အသစ် စမ်းရွေးချယ် နေတုန်း မှာ ...........
ကဗျာဆရာကြီး မင်းသုဝဏ် ရဲ့
"ထိပ်ဝယ်တင်မိုး ငါရှိခိုး၏
မိုးသို့ငါ့ဉာဏ် ကျယ်စေသောဝ်" လို့ပါတဲ့ ကဗျာ စာပိုဒ် မှ...........

"တင်မိုး" ...........ဆိုတဲ့ စာလုံးလေးကို လဲ ဆရာတင်မိုး က ပိုသဘောကျ ပြီး တင်မိုး ဖြစ်လာ တဲ့ ရာဇဝင် ရှင်းပြပါတယ်။

ပထမ စဉ်းစား တဲ့ ကလောင် "မောင်စွမ်းရည်" နာမည် ကို ဆရာတင်မိုး က ပထမဆုံး သူ့ချစ်သူငယ်ချင်း ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင် ကို ပေးခဲ့ပုံ၊ ဦးသိန်းနိုင် မှာ တက္ကသိုလ် မောင်သိန်းနိုင်ကလောင် အမည် ကရှိနေ ပြီးဖြစ်နေတော့ မောင်ဝင်းဖေ (မြင်းခြံ) ကလောင်နဲ့ စာရေးနေသူ ဆရာစွမ်း ကို ဆရာတင်မိုး က "ဟိုကောင် မင်းယူတော့" ဆိုပြီး ဆရာစွမ်း ကို ပေးခဲ့ လို့ "မောင်စွမ်းရည်" ကလောင် ယူခဲ့ရပုံ ကို ရာဇဝင်လှန် ဇတ်ကြောင်းပြန် ပြီးဗဟုသုတ ရဖွယ် စရှင်းပြပါတယ်။

ဆရာတင်မိုး မိသားစု က ဆရာတင်မိုး ကို သံယောဇဉ် အလွန်ကြီးသဖြင့် သူတို့ နဲ့ခွဲခွါပြီး မြို့တက်ခါစာမသင်စေချင်ဘဲ ရွာရှိ ရွာဖုန်းကြီးကျောင်းစာသင်ရန်သာ ခွင့် ပြု ပြီး ဆရာတင်မိုး ကို ဖုန်းကြီးဖြစ်စေချင်ခဲ့ပုံ၊ ဆရာတင်မိုးဟာ ပါဠိ စာပေ သဒ္ဒါ ကို အလွန်ကျွမ်းကျင်ပုံ ၊ ဆရာတင်မိုးဟာ သူခတ်ငယ်ငယ် မှာ ဂျပန် စာကို ဂျပန် ခောတ် မှာ သင်ယူပြီး ဂျပန်လို အပြောသာမက အရေး ခမ်းကြီး အထိပင် ရသူမို့ ဂျပန် များက သူ့ကို ထမ်းပိုး ပြီး ဘာသာပြန်ခိုင်း ပြီး ဆရာတင်မိုး ကို အရမ်းချစ်ခင်ကြလွန်း လို့ ကံကောင်းလို့ ဂျပန်ပြည် တောင် ပါသွားတော့မလို ဂျပန် များက ဆရာတင်မိုး ကိုချစ်ခင်ကြပုံ ကို ရှင်းပြပါတယ်။

ဆရာတင်မိုးဟာ ငယ်စဉ် ကိုရင်ဘဝ ကျောင်းထိုင်ဘုန်းတော်ကြီး ကို နင်းပေးရင်း ဘုန်းတော်ကြီးစာအုပ်များ ကို ဖတ်နေမိ လို့ ၊ ကျောင်းထိုင်ဘုန်းတော်ကြီးက ရိပ်မိသွားကာ၊ဆရာတင်မိုး ကို စာအုပ်များ ကြိုက်သလို အိမ်ယူဖတ်စေ ယင်း ကျောင်းတက်ခွင့်မရခင် စာပေခင်မင်ပုံ၊ ကျောင်းမတက်နိုင်သေးခင် သက်တူသူငယ်ချင်းများ ထံ မှ ကျောင်းစာ အုပ်များငှား ဖတ်ရာမှ ဆရာကြီး မင်သုဝဏ် ကဗျာများ အလွတ်ရ ပြီး ဆရာ တင်မိုးကဗျာ စွဲမြဲသွားပုံ ပြောပြပါတယ်။ ဆရာတင်မိုး မန္တလေး တက်တော့ ဆရာစွမ်းပါ လိုက်သွား ပုံ၊ ဆရာတင်မိုး ရန်ကုန် တက်တော့ ဆရာစွမ်းပါ လိုက်သွား ပုံ၊ ဆရာတင်မိုး အမေရိကား ရောက်ပြန်တော့ ဆရာစွမ်းပါ လိုက်လာခဲ့ ပုံ ရှင်းပြယင်း၊ ဆရာတင်မိုး သေရွာသွားတော့ ငါ မလိုက်တော့ဘူး ဆိုပြီး ဘိုင် ဘိုင် လုပ်လိုက်ပုံ ဟာသ ထုပ် အပူရုပ်ကို ဟန်လုပ် နေပေမဲ့ ဆရာစွမ်း အပြုံးထဲက အငို မျက်ရည်စများ ကျွန်တော် နဲ့ ပရိသတ် က နင့်ကနဲခံစားသွားရပါတယ်။

ဆရာ ဦးခင်မောင်ကြီး ကတော့ မြန်မာပြည် ကျောင်းသားဘဝ ထဲက ဆရာတင်မိုး ကို ခင်မင်ခဲ့ကြပုံ၊ ဆရာတင်မိုး နယူးယောက် စာပေဟောပြောပွဲ ရောက်လာမှ ပြန်ဆုံ ကြရပုံ၊ ဦးနုအစိုးရ လစ်ဟာကွက်များကို ကျောင်းသားဘဝက ကျောင်းသားသမဂ္ဂ တွင် ဆရာ ဦးခင်မောင်ကြီး က ကန့်ကွက် တာကို ဆရာတင်မိုး က တွေ့ တွေ့ချင်း သတိတယပြန်ပြောပြတာ အမှတ်တယ ပြောပြပါတယ်။

ပန်းချီ ဆရာမိုး ကတော့ ဆရာတင်မိုး ဟာ တက္ကသိုလ် ဘာသာပြန်ဌာန မှာ အတူတူ လုပ်ဖူးသူ ဖြစ်ပါတယ်။ သူတွေ့ဖူးသမျှ လူပုဂ္ဂိုလ် များထဲမှာ လူတိုင်းအပေါ် အမြင်ရှင်းသူ၊ အကောင်းမြင်စိတ် ကြီးမားသူ၊ သီးခံခွင့်လွှတ်စိတ်ရှိသူ လို့ စရှင်းပြပါတယ်။ ဆရာတင်မိုး လဲ စိတ်ဆိုး ရော ကျောင်းက ကုလားထိုင် နဲ့ စာရေးစာပွဲကို ကိုင်ပေါက် လိုက်တာ စာရေးစာပွဲ ပေါက်သွား ကြောင်း ၊ တသက်တခါ မြင်ဖူးကြောင်း ဒေါသထွက်ခဲ သူ ဆရာတင်မိုး စိတ် အကြောင်း ရှင်းပြပါတယ်။

ဒီနေ့ အခမ်းအနားလို အခမ်းအနား တွေဟာ ဆရာကြီးအတွက် တကမ္ဘာလုံး က စာပေချစ်မြတ်နိုးသူတွေက ကျင်းပကြမှာ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်တော်လက်လှမ်းမှီတဲ့ နယူးယောက် ကိုသာ မှတ်တမ်းတင် ပေးလိုက်တာပါ။

ဆရာတင်မိုး နဲ့ နယူးယောက် သမိုင်းအတိုချုပ်

ကဗျာဆရာကြီး ဦးတင်မိုး ကို ကျွန်တော် တို့ နယူးယောက် လူငယ်များက သက္ကရာဇ် နှစ်ထောင် မေလ မှာ အမေရိကန် ပြည်ထောင်စုကို စာပေဟောပြော အတွက် စတင်ဖိတ်ခေါ် ဖြစ်ခဲ့တာပါ။ ဆရာကြီး အမေရိကန် ပြည်ဝင်ခွင့်ကို ရအောင် ကျွန်တော် နဲ့ ဒေါက်တာသောင်းထွန်း တို့ ခက်ခက်ခဲခဲ ကြိုးစား ပေးခဲ့တာပါ။ ( ကျွန်တော် ဂုဏ်ဖော်ရေးသားတာမဟုတ်ပါဘူး။ သမိုင်းမှတ်တမ်း အရရေးတာပါ) ကဗျာဆရာကြီး ဦးတင်မိုး ကို အနီးကပ် စောင့်ရှောက်ပေးသူ တွေဟာ ကိုမိုးချန်း နဲ့ ဦးကျော်ဝင်းတို့ ဖြစ်ပါတယ်။ နဘဲလ်ဒါး က ကိုဝင်းသူအောင် က လဲ အဝေးရောက် လာရောက်ကူညီကြတယ်။ ဒေါက်တာ ကိုတင်ဇော်လွင် ကလည်း အမြဲစောင့်ရှောက် ဦးစန်းမြင့် တို့ကလည်းဖေးမ သလို ကွယ်လွန်လေပြီးသူ ဒေါက်တာစောရွှေဓား ကလဲ ကူညီသူထဲပါပါတယ် ကွယ်လွန်သူ ကာတွန်း မငြိမ်း ကလည်း အရမ်းကူညီခဲ့ကြပါတယ်။ (ကျေးဇူးဆိုစရာလူပုဂ္ဂိုလ် များ အကုန် မရေးနိုင်တာ ခွင့်လွှတ်ပေးပါ)

ဆရာ့ကို ချစ်ခင်သူ များ နဲ့ ဆရာကြီး ကမ္ဘာ ပတ် ပြီး စာပေဟောပြောပွဲ လုပ် နိုင်ဖို့ ဖခင်ကြီးလို ဝိုင်းကူညီကြတဲ့ နယူးယောက် လူငယ်များသမိုင်း ကို နောက်မှ ရေးပါအုန်းမယ်။ ကဗျာဆရာကြီး ဦးတင်မိုး ဟာ ကျွန်တော် တို့ နဲ့ အတူ အိပ် အတူစား အတူ လ္ဘက်ရည်ဆိုင်ထိုင် အဖေ တယောက်လို ဝိုင်းချစ်ကြတယ်။ ဆံပင်ညှပ်ပေးတယ် ရေချိုးရင်း သူချက်စူကြီးကို ကိုင်ပြီး စတယ်။ ဆရာကြီး က ဒီမိုကရေစီ သီချင်းတွေ ကျောင်းသားသမဂ္ဂ သီချင်းတွေ ဆိုပြတယ်။ ကျွန်တော် တို့ နယူးယောက် လူငယ်များက ကဗျာဆရာကြီး ဦးတင်မိုး နယူးယောက် ကို ရောက်ရှိ လာတာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရောက်လာသလို ကို ခံစား လေးစားမိကြပါတယ်။ နောက်ပိုင်း နယူးယောက် မှာ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သမက် ကိုစိုးနိုင် တို့ ရောက်လာတော့ ကျွန်တော်တို့ နဲ့ ဆရာတို့ စားသောက်တည်းခိုစရာ အိမ်တိုးလာရတယ်။ သူတို့က ဆေးလိပ် မသောက်ပေမဲ့ ဆရာ့ကို ချစ်ခင်လေးစားသမှု နဲ့ လွတ်လပ်စွာ ဆေးလိပ် သောက်ခွင့်ပေးတယ်။ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သမက် ကိုစိုးနိုင် တို့ အိမ်က စာအုပ်ဆိုင်ဆိုတော့ ဆရာကြီး အလွန်ပျော်တယ်။

ဆရာကြီး မကွယ်လွန်မှီ နယူးယောက် ကို နောက်ဆုံး အခေါက်ရောက်တော့ ဆရာမောင်စူးစမ်း သမီး မချောစု နဲ့ သားသမက် ကိုစိုးနိုင် အိမ်မှ နောက်ဆုံး အဖြစ်အပျက်ကလေး ရေးချင်လာမိတယ်။ သတိယလွန်းလို့ပါ။

ဆရာကြီး ဦးတင်မိုးရယ် ဆရာကြီး မောင်စွမ်းရည်ရယ် ကျွန်တော်ရယ် အတူတူ အိပ်ကြတယ်။ ည ၁၁နာရီ လောက် ဆို ကိုစိုးနိုင် မချောစု နဲ့ သားလေးက အိပ်ကြပြီ။ ကျွန်တော်တို့ အိပ် ထဲပါတဲ့ ဝီစကီ ပြားလေး နဲနဲ သောက်လိုက်ကြတယ်။ ကျွန်တော် စာအုပ်ဖတ်နေတုန်း ဆရာစွမ်း (မောင်စွမ်းရည်) နဲ့ ဆရာဂျမ်း (ဦးတင်မိုး)တို့ ရန်ဖြစ်နေကြတယ်။ ကျွန်တော်လဲ သူတို့ ဘေးရောက်သွားတယ်။

"ဆရာစွမ်း က ဆရာဂျမ်း ကို မင်းလို ပြောမရတဲ့ အကောင် -ီး ဘဲ တဲ့"
"မင်းလိုအဖိုးတန်တဲ့ ကဗျာဆရာကြီး ဆေးလိပ်သောက်ပြီး သေမဲ့ အတူတူ မင်း သန်းရွှေဖင် ဗုံးတပ်ခွဲပါလား တဲ့"

ဒီအချိန်မှာ ဆရာဂျမ်း ဟာ ဆေးလိပ်ကို ခဲထားဆဲပါပဲ။။

သူငယ်ချင်း နှစ်ရောက် ရန်ဖြစ်ပြီး ခဏအကြာ ဆရာစွမ်းဟာ စောင်မီးချုံပြီး တဟီးဟီနဲ့ ပြောငို ငိုနေပါတော့တယ်။ ဆရာစွမ်း ငိုတာ မနက်လင်းအားကြီးအချိန်အထိ ငိုနေတာ........

ဆရာဂျမ်း က ဆရာစွမ်း ဖင်ကို ပုက်ပြီး "သူငယ်ချင်း ငါ ဒီနေ့ကစပြီး ဆေးလိပ်ဖြတ်တော့မယ်" လို့ ခဏခဏ လာချော့တယ်။ ကျွန်တော့် ကို လဲ ဆရာစွမ်း ငိုပြီး မင်းဆရာကြီးသေရင် ဒို့ ဘယ်လိုလုပ်မလဲတဲ့။ ဘယ်လ်ဂျီရမ် က သမီးကြီး ဒေါက်တာမိုးမိုးနှင်း က ဆေးစစ်ရင် အယ်လ်အေ သမီးငယ်ဆီ ပြေးတယ် ပြီးရင် အယ်လ်အေ သမီးငယ် က ဓါတ်မှန်ရိုက်ရင် နယူးရောက်ကို အကြောင်းမျိုးစုံပြပြီး ပြေးတယ်။ လမ်းပေါ်မှာ ဆေးလိပ်သောက်တာ ငါဆူရင် ဆေးလိပ်ဗူးခွံကို လွှင့်ပစ်ပြတယ်။ သူတို့မန္တလေး တက္ကသိုလ် အတူတူ တက်တုန်းက အတူတူငှါးနေတဲ့ အိမ်မှာ ဆရာစွမ်း က ဆရာဂျမ်း ကို ဆေးလိပ် မသောက်စေချင်လို့ ခြင်ထောင်အမိုးပေါ် ဆေးလိပ် ဖွက်ထားလိုက်တယ်ဆိုပါတယ်။ ဆရာစွမ်း က အရမ်းစတယ် ပြောတယ်။ ဒါနဲ့ ဆရာဂျမ်း က ဆရာစွမ်း ကို ဓား နဲ့ လိုက်တယ် တဲ့။ ဆရာစွမ်း ပတ်ပြေးတာ မလွတ်တော့လို့ ဝရမ်တာက အောက်ကို ခုန်ချလိုက်ရတယ် တဲ့။ ဆရာဂျမ်း ရဲ့ ဓား က ဆရာစွမ်းရဲ့ ဗိုက်နားကပ် ပြီး မြေမှာစိုက်နေသတဲ့။ ဒီသမိုင်းက ဆရာစွမ်း က ဆရာဂျမ်း ကို အသက်အသေခံပြီး ဆေးလိပ်မသောက်ဖို့တားမြစ်ခဲ့တဲ့သမိုင်း ကို ပြောငိုငို နေပါတော့တယ်။

ဒီလိုနဲ့ ကျွန်တော် နဲ့ ဆရာစွမ်း မှေးကနဲ အိပ်ပျော်သွားပါတယ်။ မိုးလင်းလင်းခြင်း ပြူတင်းပေါက်နား က စားပွဲမှာ ကဗျာရေးရင်း ဆေးလိပ်ခဲ နေသူ ဆရာဂျမ်း ကို ဆရာစွမ်း က စောင်မီခြုံကနေ ဖွင့်ကြည့်ရင်း ကျွန်တော့်ကို လက်ကုတ်ပြီး "ဟိုမှာ မင်းဆရာကို ကြည့်ဆန်း ညက ဆေးလိပ်ဖြတ်မယ်ဆိုပြီး" ပြပါတယ်။

ဒါဟာ ဆရာစွမ်း ဆရာဂျမ်း နဲ့ ကျွန်တော် နယူးယောက်မှာ နောက်ဆုံးတွေ့ကြတာ ဖြစ်ပြီး နောက်ဆုံးလို့လဲထင်မထားမိကြပါဘူး။
ကျွန်တော်တကယ် တော့ ဒါတွေ မရေးချင်ဖူး။ ဆရာကြီး ကိုပဲ သေမင်းဆီ က ပြန်လိုချင်မိပါတယ်။

"ဆေးလိပ်လဲတို နေလဲညိုပြီ ငါ့ကိုပြန်ပို့ကြပါလေ" ဆို တဲ့ "ဧည့်သည်ကြီး" ကဗျာ ရေးသားသူ ကျွန်တော်တို့ ဖခင်ကြီး ကဗျာဆရာတင်မိုး ကောင်းရာသုဂတိ လားပါစေ။

ဇော်ဝင်း (နယူးရော့ခ်)

2 comments :

Thar Swe said...

ဒီဆောင်းပါးဖတ်ရတာရင့်ထဲမှာနင့်ကနဲခံစားရပါတယ်။

“ကျွန်တော်တို့ နယူးယောက် လူငယ်များက ကဗျာ ဆရာကြီး ဦးတင်မိုး နယူးယောက် ကို ရောက်ရှိ လာတာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရောက်လာသလိုကို ခံစား လေးစားမိကြပါတယ်။” တဲ့ ။

နယူးယောက်က မြန်မာလူငယ်တွေရဲ့ ဆရာကြီး ဦးတင်မိုးအပေါ်ထားရှိတဲ့ သဘောထား ခံစားချက် ကို စာရေးသူက ရိုးရှင်းလှပစွာဖော်ပြသွားတာပါ။

ဆရာကြီးကို သတိရမိပါတယ်။

Moe Cho Thinn said...

ရေးသွားတာ အဖေ့ပုံကို ပေါ်နေတာပါပဲ။ နယူးယောက်က မိတ်ဆွေများကို ကျေးဇူးတင်လှပါတယ်။ အဖေရှိစဉ်က အဖေ့ကို မိဘသဖွယ် စောင့်ရှောက် ချစ်ခင်ခဲ့ကြတာ ဘ၀မှာ တကယ့်အမှတ်တရပါ။
ကျေးဇူးတင်မိပါတယ် ကိုဇော်ဝင်းရေ..