ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ လက်နက်ကိုင်တပ်များ ပူးပေါင်း၍ Cobra Gold 2010 စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ratchakrit Kanchanawat ၏ ပြောကြားချက်ကို ကိုးကား၍ ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
Cobra Gold (CG) စစ်ရေးလေ့ကျင့်မှုသည် ထိုင်းနှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်း၍ ၂ ပတ်ကြာ လေ့ကျင့်သော ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတခုဖြစ်ပြီး၊ ၁၉၈၂ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ CG စစ်ရေးလေ့ကျင့်မှုသည် အရှေ့တောင်အာရှ၏ အကြီးဆုံး ပူးပေါင်း စစ်ရေးလေ့ကျင့်မှု တခုလည်းဖြစ်ကြောင်း ထိုင်းစစ်တပ်အရာရှိများက ဆိုသည်။
CG စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ပုံစံရေးဆွဲပြီး၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်မှ အမေရိကန်နိုင်ငံ လေတပ်၊ အမေရိကန် ရေတပ် ပစိဖိတ်ကွပ်ကဲရေး စစ်ဌာနချုပ် (MARFORPAC) နှင့် ပစိဖိတ် ရေတပ်အုပ်စု (PACFLT)၊ အမေရိကန် ကြည်းတပ် ပစိဖိတ်ကွပ်ကဲရေး ဌာနချုပ် (USARPAC)၊ အမေရိကန် လေတပ် ပစိဖိတ်ကွပ်ကဲရေး စစ်ဌာနချုပ် (PACAF) နှင့် ပစိဖိတ်ဒေသ အထူးစစ်ဆင်ရေး စစ်ဌာနချုပ် (SOCPAC) တို့မှ မရိန်းတပ်သား ဦးရေ တသောင်းကျော် ပါဝင်သည်။
ထို့ပြင် တော်ဝင် ထိုင်း တပ်မတော်မှ ကြည်း၊ ရေ၊ လေတပ် စစ်သည်များ ထောင်နှင့်ချီ၍ ပါဝင်သည်။ CG စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် စစ်သည်အရေအတွက်မှာ နှစ်အလိုက် အတိုးအလျော့ရှိပြီး၊ ၁၉၈၉ ခုနှစ် CG တွင် အမေရိကန် မရိန်းတပ်သား ၁ဝ၆ဝဝ အထိပါဝင်ခဲ့ပြီး၊ ထိုင်းဘက်မှ စစ်သည်အင်အား ၆၂၅ဝ ခန့် ပါဝင်ခဲ့သည်။
ယခုနှစ် ၂ဝ၁ဝ CG တွင် စုစုပေါင်း စစ်သား ၁၁၆ဝဝ ပါဝင်မည်ဖြစ်ပြီး၊ ထိုအထဲမှ အမေရိကန် စစ်သား ၆၂၁၇ ဦးနှင့် တောင်ကိုရီးယားမှ စစ်သား ၄၁၁ ဦး ပါဝင်၍ စစ်ရေးလေ့ကျင့်မည်ဟု သိရသည်။
အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံရှိ ရနောင်း (Ranong)၊ ရာရောင် (Rayong) ၊ ဖူးခက်၊ ပတ်တရာ (Pattaya)၊ ကန်ချနဘူရီ၊ ချင်းရိုင် စသည့် နေရာများတွင် နှစ်အလိုက် ပြောင်းလဲ၍ လေ့ကျင့်ပြီး၊ အများသောအားဖြင့် ဧပြီလနှင့် မေလများတွင် ကျင်းပကာ၊ ယခုနှစ်တွင်မူ ဖေဖော်ဝါရီလတွင် စော၍ ကျင်းပခြင်းဖြစ်သည်။
Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်
အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ - ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကို မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ပြင် CG စစ်ရေးလေ့ကျင့်မှုသည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပန်းတိုင်
Cobra Gold ၏ ပန်းတိုင်မှာ အကျပ်အတည်းများ ဖြစ်လာပါက အကျပ်အတည်းများကြားတွင် ငြိမ်းချမ်းရေး၊ ဟန့်တားရေးနှင့် ပူးပေါင်းဆောင်ရွက်သော နည်းများဖြင့် ညှိနိုင်းဆောင်ရွက်နိုင်ရန်နှင့် ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် ဖြစ်နိုင်ပါက မဟာမိတ် နိုင်ငံများနှင့်ပူးပေါင်း၍ ပဋိပက္ခများကို အလျင်အမြန် ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။
နိုင်ငံတကာ၏ စောင့်ကြည့်မှု
အစပိုင်းတွင် နိုင်ငံတကာက Cobra Gold စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်ခဲ့ကြပြီး၊ ၂၇ ကြာ စစ်ရေးလေ့ကျင့်မှု နောက်ပိုင်းတွင် Cobra Gold ၏ အစီအစဉ်အရ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်လေ့လာစေပြီးသောအခါ Cobra Gold သည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ခြိမ်းချောက်မှုမရှိကြောင်း၊ နိုင်ငံတကာကသာမက၊ အာဆီယံနိုင်ငံများကပါ လက်ခံလာခဲ့ကြသည်။
တတိယနိုင်ငံများက Cobra Gold စစ်ရေးလေ့ကျင့်မှုအပေါ် စိတ်ဝင်စားမှုများလာခြင်းကြောင့်၊ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာစေသည့် အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်ကို စီမံခန့်ခွဲရန် ထိုင်းနှင့် အမေရိကန်မှ အရာရှိများ ပူးပေါင်းကြီးကြပ်ကာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (COLT) ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ ဒါရိုက်တာအဖြစ် ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး တဦးက ဆောင်ရွက်ပြီး၊ လက်ထောက် ဒါရိုက်တာအဖြစ် အမေရိကန် ရေတပ်မှ ဗိုလ်ကြီးတဦးက ဆောင်ရွက်သည်။
၂ဝဝဝ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် သြစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ ဦးတို့က စောင့်ကြည့်လေ့လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် CG ကို သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ရုရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ စောင့်ကြည့်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂ဝ၁ဝ ခုနှစ် Cobra Gold လေ့ကျင့်မှုကို တရုတ်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ ဂျာမဏီနှင့် အခြားနိုင်ငံများမှ အရာရှိ ၁ဝ ဦးတို့ စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။
တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက၊ ထိုသို့မပါဝင်မီ စောင့်ကြည့်လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့်လေ့လာရေးအဖွဲ့ (COLT) က သတ်မှတ်ထားသည်။ စင်္ကာပူနိုင်ငံအနေနှင့်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂ဝဝဝ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ CG လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံပါ ပါဝင်လာပြီး စုစုပေါင်း ၆ နိုင်ငံ ပူးပေါင်းလေ့ကျင့်မည် ဖြစ်သည်။
အချို့က Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာခြင်းသည် အရှေ့အာရှ၌ အာဏာအားပြိုင်မှုကို ခြိမ်းခြောက်နေကြောင်းလည်း သုံးသပ်ကြသည်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူအချို့ကမူ တောင်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်းသည် ဘန်ကီမွန်းအနေနှင့် ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ အနေနှင့်လည်း အခြားနိုင်ငံများအရေးကို ဂရုစိုက်ကြောင်း ပြသသည့် သဘောမျိုးဖြင့် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်လေတပ်မှ MC-130P (Combat Shadow tankers), MH-53J PAVE-LOW III, MH-60L Black Hawks နှင့် UH-1V Medivac စသည့် ရဟတ်ယာဉ်များကို ကြည်းတပ်လေ့ကျင့်မှုတွင် အသုံးပြုမှာ ဖြစ်ပြီး၊ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု၌ CH-46, UH-1, SH-60, F-14, F-18, ES-3, EA-6 and C-2; and US Marine Corps: KS-130, C-12F, CH-46, CH-53E, F/A-18, AV-8B, AH-1W and UH-1N စသည့် ရဟတ်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ အသုံပြုမည့် သင်္ဘောများမှာ အမေရိကုန်လုပ် EPU 111 of Oklahoma City; EPU 113 of Fort Worth, Texas; EPU 116, Everett, Wash.; EPU 117 of Alameda, Calif စသည့် သင်္ဘောများဖြစ်သည်။
၂ဝဝ၃ ခုနှစ် CG ကို ထိုင်းနိုင်ငံအရှေ့တောင်ဘက်၊ ဘန်ကောက်မြို့မှ ၁၄၅ ကီလိုမီတာအကွာရှိ ရာရောင် (Rayong) ခရိုင်၌ ကျင်းပခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၄ဝဝဝ နှင့် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့ ၇ဝဝဝ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့သည်။ ၂ဝဝ၃ CG စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်မှ သင်္ဘော ၆ စင်း၊ လေယာဉ် ၄၁ စင်း နှင့် ထိုင်းဘက်မှ စစ်သင်္ဘော ၁၁ စင်းနှင့် လေယာဉ် ၃၂ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။
Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျမှု
၂ဝဝ၉ ခုနှစ် CG လေ့ကျင့်မှုအတွက် ထိုင်းနိုင်ငံက ဘတ် သန်းပေါင်း ၄ဝ ကုန်ကျခံခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒေါ်လာ ၁၁၃ သန်းသုံးစွဲခဲ့သည်။ သို့သော် ယခုနှစ်အတွက် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို မသိရှိရသေးပေ။
Cobra Gold နှင့် မြန်မာနိုင်ငံ
၂ဝဝ၉ ခုနှစ် မေလ ၃ဝ ရက်နေ့က စင်္ကာပူနိုင်ငံ Shangari-La ဟော်တယ်၌ ပြုလုပ်သော အစည်းအဝေး၌ အမေရိကန် ကာကွယ်ရေးကြီးဌာန ဝန်ကြီး ရောဘတ်ဂိတ် (Robert Gates) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို ကူညီရန် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး၊ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော အမေရိကန် ရေတပ်သင်္ဘောများ စေလွှတ်ခြင်းကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပေ။
Cobra Gold အပေါ် မြန်မာ့နိုင်ငံရေး လေ့လာသူများ၏ အမြင်
ကိုအောင်သူငြိမ်း
“အရင်တုန်းကတော့ ပူးတွဲစစ်ဆင်ရေးကို သူတို့လုပ်နေတာပဲလေ။ လုပ်တဲ့အခါကျတော့ ဗမာဘက်က နေပြီးတော့ သူတို့တပ်တွေကို alert (တပ်လှန့်) လုပ်တယ်။ ဘယ်လိုခေါ်မလဲ။ စိုးရိမ်တယ်ပေါ့ဗျာ။ နောက်ပိုင်းမှာကျတော့ ဒီ Cobra Gold ရဲ့ စစ်ရေးလေ့ကျင့်မှု ပုံစံတွေက ပြောင်းသွားတာကို တွေ့ရတယ်။ အရင်တုန်းကတော့ သမားရိုးကျ တပ်နှစ်ခုပေါင်းပြီး စစ်ဆင်ရေးလုပ်တာမျိုးလေ။ အခုနောက်ပိုင်းဆိုတော့ သူတို့က ဘယ်လိုလုပ်လာလဲဆိုတော့၊ ဥပမာ - ကျနော်တို့ နိုင်ငံမှာလုပ်တဲ့ နာဂစ်ပုံစံမျိုးပေါ့။ အဲလို အကြီးအကျယ် ကပ်ဘေးဒုက္ခ ဖြစ်တဲ့အခါမျိုးမှာ တပ်တွေက ဘယ်လိုကူညီမလဲဆိုတဲ့ အိုင်ဒီယာမျိုး ကိုလည်း ဒီဘက်မှာ၊ Cobra Gold ဘက်မှာပြောင်းလာတယ်။ Disaster Management (သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု) ပုံစံမျိုးပေါ့။ အင်ဒိုနီးရှားအာချေးဒေသမှာ ဆူနာမီဖြစ်တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်တယ်။ အဲဒါမျိုးတွေကျတော့ သူတို့ရဲ့ training ပုံစံက အရင်လို သမားရိုးကျ စစ်ပွဲတွေမဟုတ်တော့ဘူးလေ။ အဲဒီတော့ တခြားသမားရိုးကျ စစ်ပွဲတွေပုံစံမျိုးမဟုတ်တာတွေကို စဉ်းစား လာပြီးတော့ လုပ်ဆောင်ပုံပြောင်းလာတယ်ပေါ့။
ဒါပေမယ့် ဗမာအစိုးရကတော့ အမြဲတမ်း ကိုယ့်အိမ်နီးချင်းနိုင်ငံမှာ အခုလို လာလုပ်တယ်ဆိုတော့ စိတ်ပူတယ်။ အမြဲတမ်း တပ်လှန့်ထားတာ တွေလုပ်တယ်”
ကိုဝင်းမင်း
“ပုံမှန်အားဖြင့်တော့ နယ်စပ်မှာလုပ်တယ်ဆိုရင် မြန်မာအစိုးရဘက်က မကြိုက်ဘူးလေ။ သူတို့ စိုးရိမ်တာပေါ့။ အထူးဖြင့် ရှမ်းပြည်နယ်စပ်မှာ လုပ်ရင် သူတို့မကြိုက်ဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဘက်မှာ အရင်တုန်းကတော့ လုပ်ခဲ့တာမျိုး ရှိတယ်။ အဲဒီအချိန်တုန်းက ထိုင်းစစ်တပ်မှာ ဗိုလ်မှူးချုပ် ဝပ်ထနာချိုင်းဆိုတာရှိခဲ့တယ်။ သူ့လက်ထက်တုန်းက မြန်မာစစ်တပ်က ရှမ်းကို စစ်တိုက်နေတဲ့ အချိန်ကိုး။ ဒီဘက်မှာလည်း အမေရိကန်နဲ့ ထိုင်း ပူးတွဲစစ်ဆင်ရေးလုပ်ရင် သူတို့က (မြန်မာစစ်တပ်က) မကြိုက်ဘူး ပေါ့ဗျာ။ နယ်စပ်ကို ဖြတ်ပြီးပြောလေ့ရှိတယ်။ အဲဒါ သက္ကရာဇ် ၂ဝဝဝ၊ ၂ဝဝ၁ လောက်မှာလို့ ကျနော် ထင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ထိုင်းဘက်ကလည်း တခါတလေ ရွှေ့ပေးရတာမျိုးတွေ ရှိခဲ့ဖူးတယ်။ အရင်တုန်းက ကန်ချနဘူရီဘက်မှာ လုပ်တာကတော့ ပြဿနာ မရှိခဲ့ဘူး။
အထူးသဖြင့် ရှမ်းပြည်နယ်စပ်က SSA ရှိတဲ့နေရာမျိုးတွေမှာ ကပ်ပြီးလုပ်ရင် မြန်မာအစိုးရဘက်က မကြိုက်ဘူး။ အဲဒီတခေါက်တုန်းက ထိုင်းဘက်က လေ့ကျင့်တာကို ရွှေ့ပေးလိုက်ရတယ်။ သူတို့ (မြန်မာအစိုးရ) ဘက်ကတော့ စောင့်ကြည့်တာမျိုးတော့ရှိတယ်။ အမေရိကန်တပ်တွေ မြန်မာနယ်စပ်ဘက်ကို ကပ်တာမျိုးရှိရင်ပေါ့”
ထိုင်းစစ်တပ်သည် ၁၉၅၁ ခုနှစ်အတွင်းက ကုလသမဂ္ဂတပ်များက မြောက်ကိုရီးယားကို တိုက်ခိုက်ခဲ့စဉ်က ကုလသမဂ္ဂတပ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုင်းနိုင်ငံအနေနှင့် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် ထိုင်း-အမေရိကန် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် စောင့်ကြည့်လေ့လာမည်နိုင်ငံအားလုံးအား Cobra Gold မှ ကြိုဆိုကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
No comments :
Post a Comment