ဖိုးသံချောင်း
၅/ ဖေဖော်ဝါရီ ၂၀၁၀
ခေတ်ပြိုင်
စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာလက်လွှတ်ရတဲ့အဖြစ်ကို မရောက်မီမှာဘဲ အပြောင်းအလဲတွေကို ဒင်းတို့ဖြတ်သန်းရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိတည်ရှိနေတဲ့ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေလွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့်ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာသိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံလဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။
အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်ပိုင်ပြုလုပ်ပြီး နောက်အစိုးရအတွက် အညံ့အဖျင်းတွေကိုချန်ထားတာ၊ နိုင်ငံပိုင်လုပ်ငန်းတွေကို သူတို့ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေအတွင်း၊ တပ်တွေအတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲလုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာနိုင်သေးတာရဲ့ အဓိကအကြောင်းရင်းတခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။
မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရေးဆိုတဲ့ သူတို့မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲမထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့သဘောမျိုးနဲ့ ထွက်တော်မူနန်းကခွာတယ် လုပ်သွားတာဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။
အခုလည်း နအဖစစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာမယ့်အစိုးရကို ဘာတွေလွှဲပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး လွှဲပေးမယ့်အရာကတော့ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဆိုးဟာ ဒီအစိုးရအတွက် တမင်ဖန်တီးထားတာပဲမဟုတ်ပါလား။ ဒီလိုလွှဲပေးပြီးတယ်ဆိုရင် ဒါဟာ ဗမာပြည်သမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတခုနဲ့အညီ ထိန်းသိမ်းတဲ့ ဒုတိယမြောက်အစိုးရ ဖြစ်လာပါလိမ့်မယ်။ (မဆလ အစိုးရကပထမပါ)။ အဲဒီနိုင်ငံတော်ကို ကျားကန်ဖို့အတွက် အင်အားမတန်တဆ ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ ပုလိပ်တပ်ဖွဲ့လို တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ကြံ့ဖွံ့နဲ့စွမ်းအားရှင်လို (၂၁) ရာစုနှစ် ပြူစောထီးအဖွဲ့များကိုလည်း ချန်ပေးထားခဲ့ ပါလိမ့်မယ်။ ဒါမှလည်း အဲဒီအစိုးရဟာ လိုအပ်ရင် ဒိုင်းဝန်ထက်ကဲနိုင်မှာ မဟုတ်ပါလား။
နောက် ချန်ပေးထားခဲ့မှာ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေးဘက်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရင်ဆိုင်နေရတဲ့ပြဿနာ၊ အပစ်ရပ်အဖွဲ့တွေရဲ့ပြဿနာ စတဲ့ အာဏာရှင်ဗိုလ်ချုပ်တွေအဖို့ ဗြဟ္မာမင်းဦးခေါင်း ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ စစ်တပ်အတွင်း မကျေနပ်မှုလို၊ အမှုထမ်းများအကြား မကျေနပ်မှု၊ မင်းစေကနေ ဝန်ကြီးအထိ အကျင့်ပျက်လာဘ်စား၊ ခြစားတဲ့ ကိစ္စမျိုးတွေကတော့ နောက်လူတွေလည်း တကယ်တမ်းမဖြေရှင်းနိုင်ဘူးဆိုတာသိနေလို့ ဘာမှအထူးမှာမနေမယ့် သဘောရှိပါတယ်။
နောက်တမျိုးက နိုင်ငံတကာက တမေးတည်းမေးနေတဲ့ နျူကလီးယားလက်နက်စီမံကိန်းလိုဟာမျိုးတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ တာဝန်ကိုလည်း နအဖဟာ နောက်လူတွေကို ချန်ထားပေးခဲ့မှာ သေချာပါတယ်။ နိုင်ငံတကာရေးရာမှာတော့ ဝါရှင်တန်ကို အခုအတိုင်း လှိမ့်မြဲတိုင်း ဆက်လှိမ့်တဲ့တာဝန်နဲ့ အာဆီယံအပါ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ “မချစ်သော်လည်းအောင့်ကာနမ်း” နှစ်ပါးသွားဇာတ်လမ်းကို ဆက်ကဖို့ တာဝန်ကိုလွှဲသွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူ့အခွင့်အရေးပြဿနာလို၊ ကလေးစစ်သားပြဿနာလို နိုင်ငံတကာက အပြစ်တင်နေတာတွေအတွက်တော့ ဆက်ခံသူတွေဟာ သူတို့လိုပဲ အရေထူဖို့ လေ့ကျင့်ပေးထားပြီးမို့ ဘာမှ အထူးတာဝန် လွှဲပေးနေစရာမလိုဘူးဖြစ်မှာပါ။ နာဂစ်ဒုက္ခသည်တွေ ကိစ္စလိုဟာတွေကိုတော့ ဘာမှလက်လွှဲစရာ မရှိပါဘူး။ အကြောင်းက သူတို့ကိုယ်တိုင် ဘာမှမလုပ်လို့ ဖြစ်ပါတယ်။
စီးပွားရေး၊ ဘဏ္ဍာရေး နယ်ပယ်ဘက်မှာဆိုရင်တော့ နအဖဟာ မပြီးပြတ်သေးတဲ့ ဆင်ဖြူတော်စီမံကိန်းတွေ၊ ဘတ်ဂျက်လိုငွေ ပြဿနာတွေ၊ ငွေဖောင်းပွမှုပြဿနာ၊ လယ်ယာမြေပြဿနာတွေ စတဲ့ အနိဋ္ဌာရုံအချင်းအရာတွေ တပြုံတခေါင်းကြီးနဲ့ ငွေရိုက်စက်တလုံး ထားပေးခဲ့မှာဖြစ်ပါတယ်။ ရေနံ၊ ဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ရေ၊ မြေကြီး စတဲ့ မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတ အရင်းအမြစ်တွေကတော့ သူတို့သယ်မကုန်လို့ ကျန်တာလောက်ပဲ နောက်လူတွေ အတွက် ထားခဲ့မှာပါ။ ဒါ့အပြင် ပြည်သူလူထုမျိုးဆက် အဆက်ဆက်ပိုင်ဆိုင်တဲ့ ဒီသယံဇာတတွေကို သူတို့တတွေ ဆက်ထုတ်ယူခွင့်၊ အသုံးပြုခွင့်တွေ ဆက်ရနေအောင်လည်း တာဝန်ယူခိုင်းပါလိမ့်မယ်။
နို့ပေမယ့် သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ်လို့တော့ လုံးဝ စိတ်ကူးမယဉ် လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီဝေစားကောင်းစားမှာပါ။ ဒီနတ်စည်းစိမ်တွေကိုတော့ ဝေမျှမခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ချန်ထားခဲ့ပါလိမ့်မယ်။
နအဖက ဒီလိုအမွေလွှဲတာတွေထဲမှာ စိုးရိမ်စရာအင်မတန်ကောင်းတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါ အိမ်ချုပ်ကျခံနေရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လက်လွှဲပေးခဲ့မလားဆိုတာပါပဲ။ တနည်းပြောရရင် နိုင်ငံရေးအကျဉ်းသားတွေ အပြည့်ရှိနေတဲ့ ထောင်တွေ၊ စနစ်တွေကိုပါ မူလပကတိအတိုင်း နောက်အစိုးရလက်ထဲ လွှဲမယ့် ပြဿနာဖြစ်ပါတယ်။ ဗိုလ်နေဝင်းကနေ ဗိုလ်စောမောင်ကိုလွှဲတုန်းကတော့ ဒီပြဿနာမရှိပါဘူး။ အရေးတော်ပုံကြီးက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နဝတကနေ နအဖကို လွှဲတဲ့အခါမှာကျတော့ ပိုက်ဆံစုဘူး လွှဲပေးသလို ထောင်တွေ၊ အချုပ်တွေကို လွှဲပေးသွားတယ်ဆိုတာ ပြည်တွင်းပြည်ပ ဘယ်သူကမှမမေ့ပါဘူး။ အခုလည်း ဒီလိုမလုပ်ဘူးလို့ ထင်စရာ အကြောင်းတချက်မှ မတွေ့ရသေးပါဘူး။
မှန်ပါတယ်။ အထက်မှာ ရေးခဲ့တာတွေဟာ နအဖအနေနဲ့ ရွေးကောက်ပွဲလုပ်ခဲ့သော်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့အလိုအတိုင်း ချောချောမွေ့မွေ့ဖြစ်ပေါ်ခဲ့သော် ဆိုတဲ့ “ခဲ့သော်” အပေါ်မှာ အခြေခံစဉ်းစားပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ “ခဲ့သော်” စဉ်းစားနည်းဟာ နိုင်ငံရေးလှုပ်ရှားလုပ်ကိုင်စရာ “စပေ့စ်” ဖြစ်ပေါ်လာမယ်၊ အနာဂတ်ဒီမိုကရေစီ ထွန်းကားမှုအတွက် လမ်းခင်းရာ ကျလိမ့်မယ်ဆိုတဲ့ စဉ်းစားနည်းတွေနဲ့ ကွာပါတယ်။ မသေချာလှသေးဘူးလို့ ဆိုနိုင်ပါတယ်။
သေသေချာချာ ပြောနိုင်တာကတော့ အပြောင်းအလဲဆိုတိုင်း ကောင်းတာမဟုတ်ဘူးဆိုတာပါပဲ။
Saturday, 6 February 2010
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment