Friday, 12 February 2010

ပြည်ထောင်စုနေ့ (ဖေဖဝါရီလ ၁၂ ရက် နေ့)

ဇော်ဝင်း (နယူးရော်ခ့်)


ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံမြို့ (ဖေဖဝါရီလ ၁၂ ရက် ၁၉၄၇)

ဒီနေ့ဟာ ပြည်ထောင်စုနေ့ (ဖေဖဝါရီလ ၁၂) ပါ။ လွန်ခဲ့တဲ့ (၆၂) နှစ်က ဒီနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေ ပင်လုံမြို့မှာ ပင်လုံစာချုပ်ကိုခက်ခက်ခဲခဲချုပ်ဆိုခဲ့တဲ့နေ့ပါ။ လွတ်လပ်တဲ့ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ပြည်ထောင်စုစနစ် ကို ဦးတည် သော သမိုင်းဝင် အုပ်မြစ်ချ စာချုပ် ဖြစ်ပါတယ်။


ဒီစာချုပ်နဲ့မြန်မာ့လွတ်လပ်ရေးကိုအရယူပေးနိုင်ခဲ့တာမဟုတ်ပါလား။


ပင်လုံစာချုပ်ကို ကြည့်ရှုနိုင်ပါတယ်။



၁၉၄၇-ခုနှစ်-ပင်လုံစာချုပ်


ပင်လုံစာချုပ် ကနေ အောင်ဆန်း-အက်တလီ စာချုပ်၊ ဗိုလ်ချုပ်လုပ်ကြံခံရပြီး ကျဆုံးတော့ ပြည်ထောင်စုမြန်မာနိုင်ငံ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု နဲ့ ချုပ်ဆိုတဲ့ နု-အက်တလီ စာချုပ်၊ ဒီစာချုပ် သုံးခု နဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၁၀၀ နီးပါး သူ့ကျွန်ဘဝက နေ ထာဝရ လွတ်လပ်တဲ့နိုင်ငံ တခုဖြစ်ခဲ့ရတာမဟုတ်ပါလား။

အောင်ဆန်း-အက်တလီ စာချုပ် ကို ကြည့်ရှုနိုင်ပါတယ်။

အောင်ဆန်း-အက်တလီ စာချုပ်


(နု အက်တလီစာချုပ် ကို အောက်တိုဘာ ၁ ၁၉၄၇ မှာ လန်ဒန်မှာ ရေးထိုးနေစဉ်)

နု-အက်တလီ-စာချုပ် ကို ကြည့်ရှုနိုင်ပါတယ်။

နု-အက်တလီ-စာချုပ်

လွတ်လပ်ရေးရပြီး ၁၀နှစ်အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ပေးခဲ့တဲ့ စစ်တပ်က အာဏာရူး ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး ပြည်သူ့ဆန္ဒ နဲ့ ရေးဆွဲထားတဲ့ ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလွဲသုံးစားလုပ် ပြီး စစ်အာဏာသိမ်းယူခဲ့တယ်။

အဒီတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရရှိရေး တိုက်ပွဲမှာ ဒီမိုကရေစီ တိုက်ပွဲ နဲ့ အတူ တိုင်းရင်းသားများအရေး ဟာလည်း ခေါင်းနဲ့ပန်းလို အရေးပါလှပါတယ်။ လူ့အခွင့်အရေးလေးစားသူတိုင်း လေ့လာသင့်တာကတော့ ဖက်ဒရယ်-နှင့်-မြန်မာ့နိုင်ငံရေး အကြောင်း ဖြစ်ပါတယ်။

ဖက်ဒရယ်-နှင့်-မြန်မာ့နိုင်ငံရေး အကြောင်း ကို ကြည့်ရှုနိုင်ပါတယ်။

ဖက်ဒရယ်-နှင့်-မြန်မာ့နိုင်ငံရေး အကြောင်း

နှစ်ပေါင်း ၆၂ နှစ် အကြာ ဒီနေ့ အခါသမယမှာ ကျွန်တော်တို့ တကယ်ကို ပြည်ထောင်စုသားတိုင်းရင်းသားတွေနဲ့ ညီရင်းအကိုပမာ အေးအတူပူအမျှ ချစ်ချစ်ခင်ခင် နေနိုင်ကြပါပြီလား။ ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ်ပျော်ရွှင်တဲ့နိုင်ငံ တိုးတက်တဲ့နိုင်ငံ အဖြစ် မြင်နေကြရပါပြီလား။ ဝမ်းနည်းဖွယ်ရာကောင်းတာကတော့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ လုံးဝ မဖြစ်သေးဘဲ စစ်အာဏာရှင်တွေ အဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေကြောင့် နိုင်ငံသားမိသားစုတွေ တစစီပြိုကွဲသွားရလေသော မရပ်တံ့နိုင်သေးသော ပြည်တွင်းစစ်ရှည်ကြီးကြောင့် ပြည်သူချင်း နိုင်ငံသားချင်း ကျနေရတဲ့ သွေးစက်တွေ၊ မျက်ရည်တွေ၊ သောကတွေ အပြည့်နဲ့ စစ်ကျွန်ဘဝအောက်မြန်မာပြည်ဖြစ်သွားရတာပါ။ ယူကျုံးမရစရာပါ။

ပြည်ထောင်စုနေ့ (ဖေဖဝါရီလ ၁၂) အနှစ်သာရ ဟာဘာလဲ မြန်မာနိုင်ငံကိုချစ်မြတ်နိုးသူတိုင်းသိသင့် လေ့လာသင့်လှပါတယ်။ ယခုအခါ နအဖ စစ်အုပ်စုဟာ မြန်မာပြည်ကို နာဂစ် ဥပဒေ နဲ့ စစ်ကျွန်အဖြစ်သွတ်သွင်း ဖို့ အသနကုန် အားထုပ်နေပါတယ်။ တိုင်းရင်းသားပြည်သူအပေါင်းက နယ်ချဲ့ကျွန်ဘဝလွတ်မြောက်ရေး နယ်ချဲ့ဆန့်ကျင်ရေးအတွက် အသက်ပေါင်းမြောက်များစွာပေးပြီး နှစ်ပေါင်း တရာနီးပါး ခက်ခက်ခဲခဲ ရုန်းကန်ခဲရပါတယ်။ နယ်ချဲ့ကျွန်ဘဝ က လွတ်မြောက် လာပြန်တော့ တိုင်းရင်းသားချင်း စစ်ကျွန်ပြုအုပ်ချုပ်တာ ခံနေကြရဆဲပါ။

၂၀၀၈ ခုနှစ် ဇူလိုင်လ မြန်မာနိုင်ငံကပြည်သူလူထုတွေဟာ ဆယ်စုနှစ်တွေထဲမှာ အဆိုးဆုံး ဆိုင်ကလုံးမုန်တိုင်းကြီး ကြောင့်လူထောင်ပေါင်းများစွာ သေဆုံး၊ ထောင်ပေါင်းများစွာ ပျောက်ဆုံး သွားလို့ ကယ်ဆယ်ရေး နဲ့ စောင့်ရှောက်ရေးတွေ ကို ပြည်သူပြည်သားတွေက ဂရုစိုက်နေရချိန်မှာ၊ စစ်အစိုးရက သူတို့အစီအစဉ်နဲ့သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အသစ်ကို အတည်ပြူပြဌာန်းဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့တယ်၊ ဒီအချိန်ဟာ လူတွေမဲလာပေးဖို့မသင့်တဲ့အချိန်၊ ပြည်သူတွေဆန္ဒပြုဖို့ မပြောနဲ့ လူတွေလက်ထဲမှာပါ ဖတ်ဖို့တောင် အခွင့်အရေးမရခဲ့ပါဘူး။ လေ့လာဆွေးနွေးဖို့ကတော့ဝေလာဝေးပါ။ ကမ္ဘာရော မြန်မာပြည်သူတွေ ကပါ ဆန္ဒခံယူပွဲကြီး ကို ရွှေ့ဆိုင်းဖို့မေတ္တာရပ်ခံ နေတာကို နအဖ ကဇွတ်ကျင်းပပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုတာ လူထုနဲ့ အစိုးရကြား စာချုပ်ပါ။ အရေးပါတဲ့ဒီ စာချုပ်ကိုမရေးဆွဲခင် ရေးဆွဲနေစဉ် ရေးအပြီး ကာလတွေမှာ အာဏာသုံးထိမ်းချုပ်တာမြင်မကောင်းပါဘူး။ စစ်တပ်စိုးမိုးချယ်လှယ်မှုကို အဓွန့်ရှည်အောင် လုပ်တာပါ။ ၉၀ ရာခိုင်နှုန်း အထက်ရှိတဲ့ ပြည်သူလူထုအများစုကြီးက ထောက်ခံပါတယ် လို့တောင် စစ်အစိုးရက ဗြောင်လိမ် အတည်ပြုကြေငြာခဲ့ပါတယ်။ စစ်တပ်စိုးမိုးချယ်လှယ်မှုကို အဓွန့်ရှည်အောင် ရည်ရွယ်ချက်နဲ့ နာဂစ် ကာလမှာ အတင်းအကျပ် ဇွတ် အတည်ပြု ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မို့လို့ ကျွန်တော်တို့က နာဂစ် ဥပဒေလို့ခေါ်ကြတယ်။

နာဂစ် ဥပဒေ (၂၀၀၈-ဖွဲ့စည်းပုံ-အခြေခံဥပဒေ-အင်္ဂလိပ်-မြန်မာ-၂-ဘာသာ)ကြည့်ရှုနိုင်ပါတယ်။


၂၀၀၈-ဖွဲ့စည်းပုံ-အခြေခံဥပဒေ-အင်္ဂလိပ်-မြန်မာ-၂-ဘာသာ

လွတ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့တိုင် ကြုံတွေ့နေရတာ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ဖွဲ့စည်းထူထောင် မလဲ ပြဿနာ တွေဟာ ခုအထိ နက်ရှိုင်းနေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး ဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးပါ။


(ဒေါ်အောင်ဆန်းစုကြည်)



ပြည်ထောင်စုနေ့ မှာ ပြည်ထောင်စုစိတ်ဓါတ် ကို စစ်ဝါဒီတွေက ရှုတ်ထွေးအောင်လုပ်လေ့ရှိပါတယ်။ စစ်ဝါဒီတွေဟာ ဒီမိုကရေစီအင်အားစုတွေက တိုင်းရင်းသားတွေအကြောင်းပြောရင် ဖဒရယ်နဲ့ ရှုပ်အောင် အမြဲလုပ်လေ့ရှိပါတယ်။ တိုင်းရင်းသားတွေ နဲ့ ဗမာတွေ သွေးကွဲပြီး နားလည်မှုရှုပ်ထွေးအောင် အင်္ဂလိပ် စာလုံးဖဒရယ်ဆိုတာကိုတိုင်းပြည်ကနေခွဲထွက်တာဆိုပြီးစစ်အစိုးရအဆက်ဆက်ကဝါဒဖြန့်မှိုင်းတိုက်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်မှာချက်ဟာမှတ်သားစရာကောင်းလှပါတယ်။
နေအိမ်ရှေ့ အမေးအဖြေ ဗွီဒီယို ထဲမှာ ကြည့်ရဖူးတဲ့မိန့်ခွန်းပါ။ ကျွန်တော်မှတ်မိသလိုပြန်ရေးပြတာပါ

"ဖဒရယ် ဆိုတာကို ကျွန်မရှင်းပြချင်တယ်။ ဖဒရယ်ဆိုတာ အင်္ဂလိပ် စာလုံးပါ။ ဒေရှင်နရီကို ကြည့်မယ်ဆိုရင် ဖဒရယ်ဆိုတာ တိုင်းပြည်ကနေ ခွဲထွက်တာ လည်းမဟုတ်ဘူး၊တိုင်းပြည်ထဲမှာလည်းအတူနေမယ်ဆိုတာလည်း မပါဘူး။ ဖဒရယ်ဆိုတဲ့ အဓိပ္ပါယ် က ဗဟို အစိုးရ နဲ့ ပြည်နယ်အစိုးရတွေကြားမှာ ဘယ်နည်းဘယ်ပုံ တာဝန်ခွဲဝေကြမယ်ဆိုတဲ့ နားလည်မှုစနစ်ပါ"

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်မှာချက် ၂ ခု ကို ဖတ်ကြည့်ပါအုန်း။ တခုက ၁၉၈၈ ခု သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်နေတဲ့ ၁၉၈၈ ဩဂုတ်လ (၂၆) ရက် ရွှေတိဂုံစေတီ အနောက်မုဒ် မှာပြောကြားခဲ့တာပါ။

"လူမျိုးစုအားလုံးဟာ ညီညွတ်ဖို့လိုပါတယ်။ အခု လူမျိုးစု လူများစုကတော့ ဗမာလူမျိုးတွေဖြစ်နေပါတယ်။ လူများစု ဗမာ တွေဟာ လူနည်းစုတွေဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးဖြစ်ဖို့ အလွန်ကြိုးစားဖို့လိုပါတယ်။ ကိုယ်ကအားရှိနေတဲ့လူ၊ ကိုယ်ကအားများနေတဲ့လူမို့လို့ ပိုပြီးတော့ကြိုးစားဖို့လိုပါတယ်။ အားနည်းနေတဲ့လူတွေကို အစဉ်အမြဲ လျှော့ပြီးတော့ ညှာပေးဖို့လိုပါတယ်"


အနာဂါတ်မှာဖော်ဆောင်မဲ့ ပြည်ထောင်စုပုံစံ နဲ့ ပါတ်သက်လို့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်စုကြည်က ပြောကြားခဲ့တာက

"ခုကတည်းကစပြီး နားလည်မှုယူဖို့သင့်တော်ပြီလို့ ကျမထင်ပါတယ်။ ဖက်ဒရယ် လို့ပဲခေါ်ခေါ်၊ ပြည်ထောင်စုလို့ပဲခေါ်ခေါ် ဘာမှမခေါ်လည်းရပါတယ်။ ကျွန်မတို့ဟာ ဘာပဲခေါ်ခေါ် အရေးကြီးတာက ကျွန်မတို့ကြားထဲမှာ အားလုံးသဘောတူညီနိုင်မဲ့ ပုံစံရှိတဲ့နိုင်ငံတခုကို ဖေါ်ထုတ်ဖို့ပဲ"





(ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ်ထားတဲ့ "သူ့ကျွန် မခံ" ကဗျာလေး က ကျွန်တော်တို့ပြည်သူတွေ ရဲ့ ရင်တွင်းက ဆန္ဒကို ယနေ့ကာလမှာ အထင်ဟပ်ဆုံးဖြစ်ပါတယ်။

"သူ့ကျွန် မခံ"

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှ မခံ .........ဒေါင်း အလံ ဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။

(မင်းကိုနိုင် ၈. ၈ .၂၀၀၇)


ကျွန်တော်တို့ က ဘယ်သူ့ကျွန်မှ တိုင်းပြည်နဲ့ လူမျိုးကို အဖြစ်မခံနိုင်ပါဘူး။

အဓိက အကျဆုံးကတော့ မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်နေရတဲ့ အထွေထွေပြဿနာများ ဟာ နိုင်ငံရေးပြဿနာများဖြစ်ပါတယ်။ နိုင်ငံရေးပြသနာ ကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ပါ။


ဒီလိုရှင်းဖို့က
၁) ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့
၂) တိုင်းရင်းသားလူမျိုးများအရေးကို ဖြေရှင်းဖို့
၃) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့ လိုပါတယ်။

ကျွန်တော်တို့ ဟာ ငြိမ်းချမ်းစွာအတူလက်တွဲနေနိုင်ရေး နဲ့ စစ်မှန်သောပြည်ထောင်စုစနစ် တည်ဆောက်ရေး တို့ကို ကြိုးပမ်းကြရမှာပါ။ အခုလို ပြည်ထောင်စုနေ့ အခါသမယ မှာ "စစ်မှန်သော ဒီမိုကရေစီ ဖဒရယ်ပြည်ထောင်စု နိုင်ငံသစ်ကို ကြိုးစားတည်ဆောက်ကြပါစို့" လို့အဓိဌန်ပြုကြပါစို့။

ဇော်ဝင်း (နယူးရော်ခ့်)

No comments :