Thursday, 11 February 2010

ပန်းခြံကို ရောင်းစား၍ ပြည်သူများ ဒေါသထွက်

လင်းနိုင်ဦး/၁၁ ဖေဖော်ဝါရီ ၂ဝ၁ဝ
မူရင်း (ခေတ်ပြိုင်)

မော်လမြိုင်မြို့ မြိုင်သာယာမြို့သစ် အဝင်ဝမှ ပန်းခြံ ဧရိယာ (၂) ခုကို စီးပွားရေးသမား (၂) ဦးအား ရောင်းလိုက်သည့်အတွက် မြို့ခံများ စိတ်ဆိုးဒေါသထွက်နေကြကြောင်း စုံစမ်းသိရသည်။

မော်လမြိုင်မြို့သစ် ဖော်ထုတ်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးဟောင်းတဦးက “ဒီ မြို့သစ်ကို စတင်ထူထောင် ကတည်းက ကျနော် ပါဝင်ခဲ့တယ်။ မြို့သစ်အဂါင်္နဲ့ လျော်ညီအောင် ပန်းခြံ၊ ဘောလုံးကွင်း၊ စာသင်ကျောင်း စသဖြင့် အသေအချာ အကွက်ရိုက်ပြီး လုပ်ခဲ့တယ်။ ခု အနှစ် (၂ဝ) ကြာပြီးမှ အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံကို စီးပွားရေးသမား (၂) ယောက်ကို ရောင်းစားလိုက်ပြီး သူတို့က အကွက်ရိုက် လူနေဆိုင်ခန်းတွေ ဆောက်ပြီး ရောင်းဖို့ အကောင်အထည်ဖော်နေကြတယ်။ ဒါဟာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်တာပဲ” ဟု ပြောသည်။

မြိုင်သာယာ မြို့သစ်သည် မော်လမြိုင် တောင်ဝိုင်းရပ် မော်လမြိုင်တက္ကသိုလ်အရှေ့ လေယာဉ်ကွင်းအနီးတွင် တည်ရှိပြီး ၁၉၉ဝ ခုနှစ် ဝန်းကျင်က ဝန်ထမ်းအိမ်ရာများအဖြစ် မြို့ကွက်သစ် ဖော်ထုတ်ကာ နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ကွက်သစ် ဖော်ထုတ်စဉ်ကတည်းက မြို့အဝင် အောင်ဆန်းလမ်း၏ ဘေးတဖက်တချက် တက္ကသိုလ်၏ ရှေ့မျက်နှာချင်းဆိုင်တွင် ပန်းခြံ မြေကွက် (၂) ခု ဖော်ထုတ်ပေးထားခဲ့သည်။

အဆိုပါပန်းခြံနေရာကို အရှေ့တောင်တိုင်း စစ်တိုင်းမှူးက စီးပွားရေး လုပ်ငန်းရှင် (၂) ဦးဖြစ်သည့် ဦးမိုးကျော်နှင့် ဦးလှမြင့်တို့ကို ဈေးပေါပေါဖြင့် ရောင်းချပေးခဲ့ကြောင်း၊ လုပ်ငန်းရှင် (၂) ဦးကလည်း အဆိုပါမြေတွင် လူနေဆိုင်ခန်း တိုက်ခန်းတွဲများ ဆောက်လုပ်နေပြီး ပြီးစီးပါက တခန်းကို အနည်းဆုံး ကျပ် သိန်း (၂ဝဝ) ဖြင့် ရောင်းချမည့်အကြောင်း သတင်းများ ထွက်ပေါ်နေသည်။

နှစ်ပေါင်း (၂ဝ) လုံးလုံး အဆိုပါပန်းခြံထဲတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ကို နေရာပေးပြီး တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ မြို့ခံများ အပန်းဖြေစရာ နေရာတခု ဖြစ်ခဲ့သည်။

ယခုကိစ္စနှင့် ဆက်စပ်ပြီး မော်လမြိုင်မြို့ခံတဦးက “အရင်တုန်းကလည်း သံလွင်မြစ် ကမ်းနားမှာ နေထိုင်သူတွေရဲ့ အိမ်တွေကို အဓမ္မ ဖယ်ရှားခိုင်းခဲ့တယ်။ အဲဒီနေရာမှာ ကမ်းနားလမ်းသစ် ဖောက်ပြီး မူလပိုင်ရှင်တွေကို နေရာချထားမပေးဘဲ တိုင်းမှူးအဆက်ဆက်နဲ့ ပေါင်းပြီး စီးပွားရေး လုပ်စားတဲ့ ဒီ မိုးကျော်တို့၊ လှမြင့်တို့ကိုပဲ မြေနေရာတွေ ပေးခဲ့တယ်။ သူတို့က တိုက်ဆောက်ပြီး ပြန်ရောင်းစားတာတွေ လုပ်ခဲ့တယ်။ အလားတူပဲ မော်လမြိုင် အမှတ် (၁) ကုန်စိမ်းဈေးကိုလည်း ဖျက်သိမ်းမယ်ဆိုပြီး ဈေးသည်တွေကို ကျောက်မီးသွေးရုံ ကမ်းနားမှာ နေရာချပြီး အဲဒီ လူတွေကပဲ ဆိုင်ခန်းဆောက် ရောင်းစားခဲ့ပြန်တယ်။ ဒါလည်း အောင်မြင်မှု မရပေမယ့် ပြောင်းရွှေ့ခံရတဲ့ ပြည်သူ အတော်များများတော့ ဘဝပျက်သွားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြေညာထားပြီး ယင်းအချိန် မတိုင်ခင် နိုင်ငံပိုင် အဓိက စီးပွားရေးလုပ်ငန်းကြီးများကို အာဏာရှင်တို့က လက်သင့်ရာ စီးပွားရေးသမားကြီးများကို လွှဲပြောင်းပေးနေရာတွင် မော်လမြိုင် မြိုင်သာယာ ပန်းခြံမြေကွက် လွှဲပြောင်းရောင်းချမှုသည်လည်း တခုအပါအဝင် ဖြစ်သည်။

မူရင်း (ခေတ်ပြိုင်)
WFWW (NEW YORK)

1 comment :

Anonymous said...

ကို ပေါက်ဖေါ်က "ဇွဲမရှိရင် လောကကြီးမှာ ဘာမှ အောင်မြင်ဖြစ်မြောက် လာမည်မဟုတ့်။" တဲ့။

ပါဝင် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုပေါက်ဖေါ်။
谢谢你的参与。