Saturday 20 February 2010

ဒေါ်စုလွတ်ရေးကိစ္စ အန်အယ်ဒီက ကုလသံကို တင်ပြ

စိုင်းဇွမ်ဆိုင်း၊ မြင့်မောင် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၁ မိနစ်



ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကုလသံတမန် မစ္စတာ ကွင်တားနားကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် CEC က ယနေ့ ပြောဆိုလိုက်သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အန်အယ်ဒီ CEC အဖွဲ့ဝင် ၅ ဦးက ကုလသံတမန်ကို ရန်ကုန် မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် တနာရီကြာ တွေ့ဆုံခွင့် ရရှိခဲ့စဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးကို ကျနော်တို့ ပြောတယ်၊ တောင်းဆိုပါတယ်။ လွတ်ရေးအတွက် တောင်းဆိုသွားဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာအတွက် တိုက်တွန်းပါတယ်ဆိုတဲ့အခါ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောပါတယ်'' ဟု ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲတွင် ယခုလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ခဲ့ပြီး၊ CEC အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေနှင့် ဦးသန်းထွန်းတို့ တက်ရောက်ခဲ့သည်။

ဦးခင်မောင်ဆွေက “မစ္စတာ ကွင်တားနား ပြောတာက အန်အယ်ဒီ CEC တွေနဲ့ စုံစုံညီညီ တွေ့ရတာ သိပ်ပြီး ဝမ်းသာတဲ့အကြောင်း၊ ဒါမျိုး တွေ့ရတဲ့အတွက် သူ့မှာ အားရှိကြောင်း၊ ဆွေးနွေးတဲ့ ကိစ္စတွေကိုလည်း မှတ်သားပြီး ပြန်တင်ပြမယ့်အကြောင်းတွေ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

အန်အယ်ဒီက စစ်အစိုးရသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုထားပုံ၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရန်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်၍ ပြင်ဆင်ပေးရန် လိုအပ်ပုံများကို တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ကျင်းပခဲ့သည့် ပြည်နယ်/တိုင်း ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ ဗဟိုခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ရပ်တည်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရေး၊ မယှဉ်ပြိုင်ရေးကိစ္စ မစဉ်းစားသေးကြောင်းလည်း တင်ပြခဲ့ကြသည်။

ဦးဝင်းတင်က ''လူ့အခွင့်အရေးက အရေးကြီးပါတယ်။ အရေးကြီးပေမယ့် နိုင်ငံရေး အခြေခံတွေ ကင်းလွတ်လို့ မရဘူး။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားချက် မရှိဘူး၊ ရွှေဂုံတိုင်အပေါ် ရပ်တည်မယ်။ ရွှေဂုံတိုင် ပြဿနာဟာ နိုင်ငံရေး ပြဿနာပဲ။ လူ့အခွင့်အရေး ပြဿနာတခုထဲဆိုရင် လာမယ့် ရွေးကောက်ပွဲလိုဟာမျိုးပေါ့၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ မဲပေးခွင့် ဆိုတာမျိုးပေါ့။ သို့သော် နိုင်ငံရေးပြဿနာတွေကို စဉ်းစားရလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ အားလုံး ပါဝင်ပတ်သက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ဘေးမရောက်ရေး၊ အန်အယ်ဒီပါတီမျိုး ပါဝင်လှုပ်ရှားနိုင်ဖို့၊ နိုင်ငံရေး ဖြစ်စဉ်တခုလုံးထဲမှာ ပါဝင်လှုပ်ရှားနိုင်တဲ့ အနေအထားတွေ မရှိဘူးဆိုရင် ဘာမှ လုပ်လို့ မရဘူး'' ဟု ပြောသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ပြန်လည်ပြင်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရေးတို့ လိုအပ်ကြောင်း ပါရှိသည်။

ယနေ့ တွေ့ဆုံပွဲတွင် ပါတီအောက်ခြေ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့ခွင့်မရကြောင်းနှင့် ပါတီရုံးများ ချိတ်ပိတ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ခြင်း ပြုလုပ်ခံထားရကြောင်း မစ္စတာကွင်ကို အန်အယ်ဒီ ခေါင်းဆောင်များက ပြောဆိုခဲ့သည်။

ကုလသံတမန်ကလည်း မနက်ဖြန်တွင် စစ်အစိုးရ နေပြည်တော်သို့ သွားရောက်ပြီးနောက် ပြန်လာမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး မျှော်လင့်ထားကြောင်း တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။ မစ္စတာကွင်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍မူ ကျေနပ်မှုရှိကြောင်း အန်အယ်ဒီက ပြောသည်။

ဦးဝင်းတင်က ''ခရီးစဉ်အပေါ် ကျနော်တို့ ကျေနပ်ပါတယ်။ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြမယ့် အနေအထားတွေ ရှိတဲ့အတွက် ကျေနပ်ပါတယ်။ သို့သော် မြန်မာပြည် ကိစ္စတွေမှာ တကယ်ပြောလို့ ရှိရင် လူ့အခွင့်အရေး ပြဿနာတွေတင် မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာတွေလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း သဘောပေါက်စေချင်တယ်။ ကုလသမဂ္ဂမှာ ပြန်ပြီးတော့ တင်ပြစေချင်ပါတယ်'' ဟု ပြောသည်။

ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း ယခုလ ၁၆-၁၇ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်၌ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) လည်း သူနှင့်အတူ လိုက်ပါသွားခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့ NGO ၂၀ ကျော်နှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးဖြစ်ကာ၊ မစ္စလာမ် ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုဋ္ဌေးကြွယ်၊ ကိုထွန်းညို၊ ကိုမြတ်ထွန်း၊ ဦးအာမက်၊ ဦးကျော်မင်း၊ စစ်ထွေအကျဉ်းထောင်တွင် ကိုသန်းတင်၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်ထွန်းမြင့်နှင့် ဦးစန္ဒာသီရိတို့နှင့် တွေ့ဆုံခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းထံမှ သိရသည်။

ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်သို့ သွားရောက်ကာ နိုင်ငံရေး အကျဉ်းသား အချို့နှင့် တွေ့ဆုံခဲ့သေးသည်။ ၎င်းတို့မှာ ဒေါ်နော်အုန်းလှ၊ မသန်းသန်းဋ္ဌေး၊ ဦးကျော်ဆန်း၊ ကိုကြည်သန်း၊ ကိုမျိုးဝင်း၊ ကိုခိုင်ကျော်မိုးတို့ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနက အင်းစိန်ထောင်အပြီး တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု ပြောဆိုခဲ့သော်လည်း အတိုက်အခံ ပါတီတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့သို့ မည်သည့် အကြောင်းကြားမှုမျိုး မရှိခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ''တိုင်းရင်းသား ခေါင်းဆောင်ဆိုတာက နအဖအစိုးရနဲ့ အဆင်ပြေတဲ့၊ အတိုက်အခံပါတီပုံစံ မဟုတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့သာ တွေ့ခိုင်းမယ်လို့ ယူဆရပါတယ်။ အခုချိန်ထိ ကျနော်တို့ကို ဘာမှ အကြောင်းမကြားဘူးဆိုတော့ တွေ့ရဖို့ဆိုတာက မျှော်လင့်ချက် သိပ်မရှိတော့ဘူးပေါ့'' ဟု ပြောသည်။

မနက်ဖြန် ညနေပိုင်းတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သောကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရေး စစ်အစိုးရထံ တောင်းဆိုထားသည်မှာ အဖြေထွက်လာမည် ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)
မူရင်း (မဇ္ဈိမ)
WFWW (NEW YORK)

No comments :