Thursday 4 February 2010

နော်လီဇာဘင်ဆင် ကွယ်လွန်


မယ်ဗမာတဦးလည်းဖြစ်၊ ရုပ်ရှင်သရုပ်ဆောင်တဦးလည်းဖြစ်ခဲ့ပြီး၊ မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ ကရင်လူမျိုးရေး အတွက် ဆက်လက်ကျိုးပမ်းဆောင်ရွက်ခဲ့သူ နော်လီဇာဘင်ဆင်(၆၉)နှစ်ဟာဖေဖော်ဝါရီလ (၂)ရက်နေ့ မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဦးနှောက်ကင်ဆာ ရောဂါနဲ့ကွယ်လွန်သွားကြောင်း ကြားသိရ၍ ကရင်တမျိုးသားလုံး အပါအ၀င် ကျန်ရစ်သူမိသားစုများ နှင့် ထပ်တူ ၀မ်းနည်းကြေကွဲပါကြောင်း။

We Fight We Win


(ကိုယ်ရေးအကျဉ်း)

ရန်ကုန်ဇာတိဘွား နော်လီဇာ ဘင်ဆင်သည် ၁၉၅၆ ခုနှစ်မှ စတင်၍ မယ်ဗမာဘွဲ့ နှစ်ကြိမ် ရခဲ့ပြီး ရုပ်ရှင် လောကသို့ ၀င်ရောက်ခဲ့သည်။ ရုပ်ဆင်းအင်္ဂါ ချောမော လှပသူဖြစ်သဖြင့် နိုင်ငံကျော်လူသိများခဲ့ပြီး၊ သူ့မနဲ့ခေတ်တူ ကြီးပြင်းခဲ့သူတွေကတော့ မြန်မာနိုင်ငံရဲ့ အလှဘုရင်မလေးအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု ဘော်စတွန် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။

ဖခင်သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် ရှစ်မိုင် သမိုင်းလမ်းဆုံတွင် နေထိုင်ခဲ့သည့် ပေါ်တူဂီ ဂျူးလူမျိုး မစ္စတာ ဘင်ဆင် ဖြစ်ပြီး၊ မိခင်မှာ ပဲခူးတိုင်း သာယာဝတီခရိုင်မှ ကရင် အမျိုးသမီးတဦး ဖြစ်သည်။

ဘော်စတွန် တက္ကသိုလ်တွင် ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံ တက္ကသိုလ်မှာနည်းပြဆရာမ အလုပ် လုပ်ခဲ့သည်။ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင် နှင့် အိမ်ထောင်ကျခဲ့သည်။

ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့သည်။ အမေရိကန်နိုင်ငံ ၌နေထိုင်စဉ် ရည်စားဟောင်းဖြစ်ခဲ့သူ အမေရိကန်လူမျိုးတစ်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့ပြီး၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ  မိသားစု နှင့် ကွယ်လွန်သည်အထိနေထိုင်ခဲ့သည်။

No comments :