Saturday, 6 February 2010

ခေါင်းဆောင်

 
Leadership is more art than science.
Leaders always find a way to make things happen.

-အောင်ခက်-

ထမင်းကောင်း ဟင်းကောင်းစားရတဲ့ အခါ မိတ်ကောင်းဆွေကောင်းတွေကို သတိရသလို စာကောင်းပေကောင်း တွေကို ဖတ်ရတဲ့ အခါ ကျနော်တို့ စာဖတ်မိတ်ဆွေတွေကိုလည်း သတိရမိတာတော့ အမှန်ပါဘဲ။ အဲဒီအတွက် ဘဲ ကျနော်တို့ WFWW( We Fight We Win) က ကျနော်တို့ ဖတ်ရှု့ ခဲ့ တဲ့ စာကောင်းပေကောင်းတွေကို ကျနော်တို့ရဲ့ စာဖတ်ပရိသတ် အဆွေခင်ပွန်းတွေအတွက် မျှဝေ ပေးနေပါတယ်။ ဒီလမှာတော့ အင်တာနက်စာမျက်နှာများမှာလူထုအကျိုးအတွက် မိမိဆန္ဒအလျောက် အသိစိတ်ဓာတ်ရှိရှိဖြင့် သတင်းများ၊ ခွန်အားဖြစ်စေမည့် ဗဟုသုတများ၊ ဘ၀ခံစားချက်များ၊ အတွေးအမြင်များကို မျှဝေပေးနေကြတဲ့ Citizen Journalists လို့ခေါ်တဲ့ လူထု သတင်းထောက်များ၊ နိုင်ငံသား သတင်းထောက်များ က ရေးသားတင်ပြထားကြတဲ့ “ခေါင်ဆောင် /ခေါင်းဆောင်မှု” ဆိုသည့် အကြောင်းနှင့် ပက်သက်ပြီး လက်လှမ်းမှီ ဖတ်ရှု့ရသမျှ ကို ချစ်လှစွာသော စာဖတ်သူများအား ဝေမျှ ပေးသွားပါမယ်။

ဒီနေ့မှာတော့ Myanmar Multiply Group (MMG )ဘလော့ခ်စာမျက်နှာမှာ စာရေးဆရာ “ချစ်စံဝင်း” ၏ “ခေါင်းဆောင်" အနက်အဓိပ္ပာယ်နဲ့ပက်သက်ပြီး သူ့ရဲ့ အမြင်ကို ဝေမျှ ပေးသွားပါမယ်။ ဒီဆောင်ပါးကို စီစီဇော်ထိပ် ကပို့စ်လုပ်ထားတာဖြစ်ပါတယ်။

၂၀၁၀ နှစ်သစ်ကူးမှစတင်ပြီး ၀င်ရောက်လာခဲ့ပြီဖြစ်တဲ့ ဆယ်စုနှစ်သစ် မှာ အရည်အချင်း ပြည့်ဝပြီး၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ မြန်မာလူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာပြီး တိုင်းပြည်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ် ဦးဆောင်လမ်းပြခေါ်ဆောင် သွားနိုင်ကြပါစေ။


ခေါင်းဆောင်

ခေါင်းဆောင်ပါ။
(သို့ )
နောက်ကလိုက်ပါ။
(သို့ )
ဘေးဖယ်နေပါ။
ဘေးတိုက်မလိုက်ပါနှင့်။
LEAD or FOLLOW or OUT of THE WAY

လောကတွင်ခေါင်းဆောင်ရော နောက်လိုက်ပါအရေးကြီးသည်။
ခေါင်းဆောင်ကောင်းရှိဖို့ လိုသကဲ့သို့  နောက်လိုက်ကောင်းရှိရန်လည်းလို
သည်။နောက်လိုက်ကောင်း မရှိပါက ခေါင်းဆောင်မရှိနိုင်။
ခေါင်းဆောင်ကောင်းများသည် နောက်လိုက်ကောင်းများထဲမှသာ ပေါ်ထွက်ပါ၏။
ခက်ခဲသောကိစ္စများထဲတွင် လူတွေကိုခေါင်းဆောင်ဖို့ ဆိုသောကိစ္စလည်းပါဝင်၏။
ထို့ ထက်ပိုခက်တာက ကောင်းကောင်းဦးဆောင်နိုင်ဖို့ ကပိုခက်ပြီး အခက်ဆုံး
ကတော့ မှန်မှန်ကန်ကန်ခေါင်းဆောင်ဖို့ဖြစ်၏။

အသက်ကြီးမှုသည် ခေါင်းဆောင်မှုအတွက် အရည်အချင်းတစ်ရပ်ဖြစ်၏။
သို့ သော်ကမ္ဘာပေါ်တွင် ခေါင်းဆောင်ငယ်အများအပြားရှိပါ၏။
အသက်အရွယ်မည်သို့ ပင်ဖြစ်စေ ခေါင်းဆောင်လုပ်သူမမှားဖို့ လိုသည်။
ခေါင်းဆောင်သည် နောက်လိုက်ထက် ပိုအရေးကြီးသည်မှာအမှန်ဖြစ်သည်။
မိမိ ဘဝ အောင်ပွဲအတွက်မူ မိမိကိုယ်မိမိ ခေါင်းဆောင်နိုင်ဖို့ လည်းလိုအပ်သည်။
ကိုရီးယားတို့ က“ နေ့ တစ်နေ့ ကိုကျုပ်တို့ ကတော့ မနက်ခင်းနဲ့ အစပြုတယ်”
ဟုဆို၏။ ဂျူးလူမျိုးများကတော့ နေ့ တစ်နေ့ ရဲ့အစဟာ အဲဒီနေ့ မရောက်ခင်ကည ဟု
ဆို၏။နေ့ နှင့်ညသည် တစ်လှည့်စီ ဖြစ်နေပြီး ဘယ်ဟာနဲ့ ပဲစစ
ကြိုတင်လုပ်ဆောင်ထားဖို့ က အရေးကြီး၏။

အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးခေါင်းဆောင်သည် အရေးကြီး၏။
အရည်အချင်းရှိပြီး အလုပ်ကောင်းလုပ်သည့်သူဦးဆောင်သည့်အိမ်ထောင်ဟာ
သာယာတာပါပဲ။ပြည့်စုံတာပါပဲ။ ငါးဖျဉ်းတစ်ကောင်၊ငါးဆားလူးတစ်ကောင်
ဦးဆောင်သည့်အိမ်ထောင်မှာ မိန်းမ ဖြစ်သူက ငတ်ပေရော့။
သားသမီးများကလည်း ကိုယ့်လက်ကိုယ့်ခြေ ကြိုးစားလေရော့။
မကြိုးစားရင်တော့ သူတောင်းစားဖြစ်မှာပဲ။

ခေါင်းဆောင်ဆိုတာ အပေါ်ကိုဆွဲမတင်ရမှာဖြစ်သည်။ လူတွေကိုတွန်းထိုးချရမှာ
မဟုတ်ဘူးဟုဆို၏။ ခေါင်းဆောင်သည် ဆရာမဟုတ်ဘူး။ သခင်မဟုတ်ဘူး။
ခေါင်းဆောင်ဖြစ်လိုသူတစ်ဦး၏ ပထမဆုံးအရည်အချင်းသည် စံပြဖြစ်၏။
ကိုယ်ကစံပြ ဦးဆောင်သူမဟုတ်ပဲ ဘယ်သောအခါမှခေါင်းဆောင်မဖြစ်နိုင်ပါ။
ခေါင်းဆောင်ဆိုသည်မှာ မိမိကအတင်းခေါင်းဆောင်ဖြစ်ချင်တိုင်း
ခေါင်းဆောင်လုပ်လို့ မရပါ။
ခေါင်းဆောင်အရည်အချင်းရှိမှ ခေါင်းဆောင်ဖြစ်၏။

ကိုယ်ကစံပြမဖြစ်ရင် ခေါင်းဆောင်မလုပ်တာအကောင်းဆုံးပါ။
စံပြဆိုသည်မှာအရာရာစံပြဖြစ်သည်။ ကိုယ်ကသူများထက်ပိုတော်ရမည်။
သူများထက်ပိုအနစ်နာခံရမည်။ သူများထက်ပိုပြီးစောင့်စည်းရမည်။
သူများထက်ပိုပြီးစာဖတ်ရမည်။ ခေါင်းဆောင်တော့ဖြစ်ချင်ပါရဲ့ အဲဒီလူက
တော်လည်းမတော်၊ အတ္တလည်းကြီး သူ့ ချည်းပဲရယူချင်ပြီး မမျှမတလုပ်တာက
လည်းလွန်ပါရောဆိုလျှင် အဲဒီလူဟာ တနည်းနည်းနဲ့ ငရဲကြီးပါလေရော။
အဲဒီလို လူမျိုး တစ်ယောက်ရှိခဲ့ရင်တောင် အဲဒီ့လူ့ ဘောင်ဟာ
အတော်လေးဒုက္ခရောက်ရတတ်သည်။

အရည်အချင်းမရှိပဲ၊စံပြမဟုတ်ပဲ မိသားစုကိုခေါင်းဆောင်မယ်လို့ ကြံစည်တာဟာ
ရာဇဝတ်မှုကျူးလွန်ဖို့ ကြိုးစားတာနှင့်အတူတူဖြစ်သလို တာဝန်မယူတာ
ဝန်မထမ်းဆောင်လိုပဲ ခေါင်းဆောင်လုပ်ချင်သည့်စိတ်ဓါတ်ကလည်း
ရာဇဝတ်မှုမကင်းသည့်စိတ်ဓါတ်၊ အရှက်မရှိသည့်လုပ်ရပ်ဖြစ်သည်။
တာဝန်မယူလိုပါက ခေါင်းဆောင်လုပ်ရန်မသင့်။ နောက်လိုက်တစ်ယောက်
အမှားလုပ်မိတာထက် ခေါင်းဆောင်တစ်ယောက်အမှားလုပ်ခြင်းသည်
လူ့ ဘောင်လူ့ ဘဝနှင့် သူ့ မိသားစုသာမက အခြားသူတွေကိုတောင်ပျက်စီး
စေနိုင်ပါသည်။

လင်ကွန်းနှင့်ချာချီတို့ သည်ခေါင်းဆောင်ဖြစ်သလို ဟစ်တလာ
နှင့်စတာလင်တို့ သည်လည်း ခေါင်းဆောင်များဖြစ်၏။
လင်ကွန်းကြောင့် အမေရိကန်ပြည်တွင်းစစ်အေးငြိမ်းခဲ့၏။
ချာချီသည် ဒုတိယကမ္ဘာစစ်တွင်ခေါင်းဆောင်ကောင်းဖြစ်ခဲ့သည်။
ဟစ်တလာကြောင့် တစ်ကမ္ဘာလုံး စစ်မီးတောက်ခဲ့ရ၏။
စတာလင်ကြောင့်ရုရှားပြည်သူများဒုက္ခနှင့် အဓမ္မကိုရင်ဆိုင်ခဲ့ရသည်။
ဟိုချီမင်းကဲ့သို့ သောခေါင်းဆောင်မျိုးကို အားလုံးကသတိရဆဲဖြစ်သည်။
ဂန္ဒီကြီးကို ယနေ့ ကမ္ဘာကဘယ်သောအခါမှမေ့မည်မဟုတ်ပါ။

အများရဲ့ဝန်ထုပ်ဝန်ပိုးကိုသယ်ယူလိုစိတ်မရှိတဲ့ခေါင်းဆောင်နောက်
လိုက်မိတဲ့သူတွေဟာတောလမ်းခရီးမှာကျားစားခံရပြီသာမှတ်။
လှည်းသားငါးရာဇာတ်တွင် ခေါင်းဆောင်သည် အရည်အချင်းမရှိ၊ စံပြမဖြစ်
၊အနစ်နာမခံသဖြင့် ဘီလူးစားခံရကာဆုံးရှုံးပျက်စီးကြသည်။

ခေါင်းဆောင်မှုမှာ-
-ပုဂ္ဂိုလ်ရေးခင်မင်မှုဆိုတာမရှိဘူး။
-မျက်နှာသာပေးမှုဆိုတာလည်းမရှိဘူး။
-အနာဂတ်အလားအလာကိုလည်းစာနာထောက်ထားမှုမရှိ။
ခေါင်းဆောင်နှင့်ပတ်သက်လို့ ကတော့ဒါလောက်ပါပဲ။
ခေါင်းဆောင်လုပ်ဖို့ သိပ်မကျွမ်းကျင်ရင် ခေါင်ဆောင်လုပ်တာထက်
နောက်လိုက်ကောင်းလုပ်ရတာက ပိုပြီးအရသာရှိသည်….။

ဆရာ“ချစ်စံဝင်း” ၏ အရေးအသားကို ကူးယူဖော်ပြသည်။

3 comments :

Anonymous said...

ချစ်စံဝင်း နဲ့ ဒေါက်တာမတင်ဝင်း တို့ရဲ့ စာတွေကို ဖတ်ရှုမယ် ကိုးကားမယ် ဆိုရင် သူတို့ရဲ့နောက်ကြောင်း
ီနဲ့ စေတနာမှန်ကို အရင်လေ့လာဖို့ အကြံပြုချင်ပါတယ်။

Anonymous said...

ဟားဟားဟားဟား.... အမှန်ပါပဲ ဗျာ။

ချစ်စံဝင်း ရေးတာ မတင်ဝင်းရေးတာ တွေကို တင်လာတာရယ်တော့ရယ်ရတယ်ဗျာ။

ထီလာစစ်သူတို့ စာတွေ မတင်လာသေးတာကိုပဲ တော်လှပြီထင်ရ။

စာဖတ်အားကလဲသိပ်ကောင်းတာကိုး ဆရာတွေက တိုင်းပြည်ရဲ့ ကိစ္စအားလုံးနဲ့က အဲသလိုကိုမျက်ခြေမပြတ်တာ လေးစားအားကိုးဖွယ်ပေါ့။

Anonymous said...

မြသန်းစံ ဆိုသူလည်း ရှိသေးတယ်။
ကိုယ်ကျိုးစီပွား နဲ့ ကိုယ်ကောင်းစားရေး အတွက် ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ တရားမျှတမှု
မှန်ကန်ခြင်း သစ္စာတရား၊ ဆိုတာတွေတင်မက ကိုယ့်ပညာ သမာဒိ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ့်ကိုယ်ကိုပါ သစ္စာဖောက်တဲ့ လူတော် ပညာရှိ အချောင်သမားတွေလေ။