(စိုးနေလင်း)
ဂျာနယ်လစ်စ် (journalist) ဆိုတဲ့ ဝေါဟာရကို ဘာသာပြန်တဲ့ နေရာ မှာတော့ မြန်မာတွေရဲ့ဘာသာပြန်ဆိုမှုဟာ အတော်ကြီးပြည့်စုံ ကောင်းမွန် တယ်လို့ ပြောလို့ရပါတယ်။ စာ-နယ်-ဇင်း ဆိုပြီး သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းဆိုပြီး အားလုံးပေါင်းပြီး စကားလုံးတလုံး ပြန်ဆိုဖန်တည်းလိုက် တာပါပဲ။ ပြန်ဆိုသူပညာရှင်ကို ကျေးဇူးတင်ရပါလိမ့်မယ်။
ကမ္ဘာကျော် Webster’s New Collegiate Dictionary ရဲ့ ဖွင့်ဆိုချက် ကတော့ ...
Journalist
(a) one engaged in journalism;esp,a writer or editor for a newspaper.
(a) one engaged in journalism;esp,a writer or editor for a newspaper.
(b) a writer who aims at a mass audience.လို့ ဖွင့်ဆိုထားပြီး
Journalism ကိုတော့ ...
2(a) writing designed for publication in a newspaper or popular magazine.
(b)Writing characterized by a direct presentation.
(c) Writing designed to appeal to current popular taste or public interest.
လို့ ဖွင့်ဆိုထားပါတယ်။
လို့ ဖွင့်ဆိုထားပါတယ်။
တချိန်က မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ စာနယ်ဇင်းသမားတယောက်ရဲ့ မူ ဝါဒ ကတော့ …
“မှားသည်ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်၊ ကျွန်ုပ်လက်လှမ်းမှီသမျှတင်ပြရမှကျေနပ်တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင် လည်း ကိစ္စမရှိ၊ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်။” ဆိုတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့စာနယ်ဇင်းလောကမှာ အကြောင်းအမျိုးမျိုးနဲ့ စာနယ်ဇင်းတွေ ဇီဝိန်ကြွေရတဲ့ အချိန်တချိန် ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ဆရာ ကြီး ရွှေဥဒေါင်းက ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာမှာ “သတင်းစာဆိုတာဘာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါင်းကြီးပိုင်းအာဘော်တခု ရေးပေးခဲ့ပါတယ်။ အဲဒီ အာဘော်မှာ…
“သတင်းစာဆိုတာဝါဒဖြန့်စာရွက်လား၊ မှန်ပါ့ဘုရား သံတော်ဦးတင်လွှာလား၊ ဗောင်းတော်ညိတ်စိတ်တော်သိ ဘုန်းတော်ဘွဲ့လား၊ အား လုံးကောင်းပါသည်ခင်ဗျား အစီရင်ခံစာလား၊ ခိုင်းရာရေး၊ ပေးရာထုတ်ပြန်သည့် ပြန်ကြားရေးစာစဉ်လား၊ လက်ညှိုးညွှန်ရာ ရေဖြစ်ချင် သူတို့၏ ဖောင်တော်စီးလက်မှတ်လား အာဏာနှင့်ငွေကို ရေလိုသုံးကာ ကိုယ်ကျိုးရှာသူ နိုင်ငံရေး စီးပွားရေး လူမှုရေးဖောက်ပြန်သူ၊ အာဏာနှင့် အခွင့်အရေးအလွဲသုံးသူတို့၏ အသိပျက်မှု အကျင့်ပျက်မှု တာဝန်ပျက်မှု စည်းကမ်းပျက်မှု ယုံကြည်ချက် ခံယူချက် ရပ် တည်ချက်ပျက်ပြားမှုများကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာလား၊ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားမှားကို ပိတ်ဟဲ့ ကာဟဲ့ တားဟဲ့ ဆီးဟဲ့ လျှို့ဟဲ့ ဝှက်ဟဲ့နှင့် သတင်းထောက်က တကောက်ကာက်လိုက်ခြင်း၊ သတင်းစာက တစာစာရေးခြင်းကို မခံနိုင် မရပ် နိုင်ဖြစ်ကာ ပြည်သူလူထုကို နားမျက်စေ့ပိတ်ပြီး အကြံတုံး ဥာဏ်တုံးဖြစ်အောင်လုပ်ရာ၌ အသုံးပြုသည့် စက္ကူမျက်နှာဖုံးလား”… ဆိုပြီး မေးခွန်းထုတ်ခဲ့ဖူးတဲ့အကြောင်း ဆရာဦးဝင်းတင်က “စာနယ်ဇင်းဘာလဲ” ဆိုတဲ့သူ့ဆောင်းပါးထဲမှာ ထည့်ရေးခဲ့ဖူးပါတယ် “စာနယ် ဇင်း ဘာလဲ”ဆိုတာ “စာနယ်ဇင်းသမားဘာလဲ”လို့မေးလိုက်တာပဲ ဖြစ်ပါတယ်။
သစ္စာလို့ခေါ်တဲ့ အမှန်တရားဘက်ကသာရပ်တည်ပြီး အမှန်တရား အရှိတရား အဖြစ်တရားများကို ပြည်သူလူထုသိရှိအောင် ဖော် ထုတ်ရေးသားဖို့ စာနယ်ဇင်းသမားတွေမှာ တာဝန်ရှိတယ်လို့ ပြောလိုက်တာပါပဲ။ သတင်းစာဆရာ စာရေးဆရာနဲ့ ဒီကနေ့ မြန်မာနိုင်ငံ က စစ်အာဏာရှင်အစိုးရကို ကြံ့ကြံ့ခံ ဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံရေးသမားကြီးလည်းဖြစ်တဲ့ ဆရာဦးဝင်းတင်ရဲ့အမြင်ကတော့…
“သတင်းစာသည်ခေတ်၏ ကြေးမုံပြင်ပမာဖြစ်၍ ခေတ်၏အရှိအဖြစ်မှန်များကို ရင်းစွဲအတိုင်း ထင်ဟပ်ပြမည်သာဖြစ်သည်။ သို့ရာတွင် သတင်းစာသည် ခေတ်၏ကြေးမုံပြင်သာမဟုတ်၍ မကောင်းဆိုးဝါးသတင်းများကို ထိုးနှက်တိုက်ခိုက်သော ထင်မြင်ချက်များကို တင်ပြ ရင်း ရေစုန်မျှောလိုက်နေမည် မဟုတ်ချေ။ သတင်းစာသည် ပြည်သူတို့၏ တော်လှန်ရေးလက်နက်ဖြစ်သည်နှင့်အညီ ခေတ်ကြီးကို အ တင်းပြောင်းမည်ဟူသော ကြွေးကြော်သံအတိုင်း မကောင်းဆိုးဝါးခေတ်၏ အကြွင်းအကျန်များကို ကလောင်လက်နက်ဖြင့် ထိုးနှက်ခြေ မှုန်းရင်း ခေတ်ပြောင်းတော်လှန်ရေးကြီးကို တွန်းတင်သယ်ဆောင်သွားမည်သာ ဖြစ်သည်။” လို့ သူအမည်မခံပဲရေးပေးလိုက်တဲ့ အမှာစာတခုထဲမှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။
ဟာမင်းအားလ်စတိုင်း(Herman Ullstein) ဆိုတဲ့ စာနယ်ဇင်းပညာရှင်တဦးကတော့ “သတင်းစာသည် လူမှုဘဝကိုကြေးမုံကဲ့သို့ ထင် ဟပ်၍ အကျင့်ပျက်မှုများကိုဖွင့်ချ အစိုးရကိုဝေဖန် လူ့အဖွဲ့အစည်းကိုစောကြောရန် တာဝန်ရှိသူ ဖြစ်သည်။” လို့ ဆိုပါတယ်။ လူမှုဘဝ ကိုကြေးမုံပြင်တခုကို ထင်ဟပ်ဖို့ဆိုတာ ခေတ်တခေတ်ရဲ့လူမှုဘဝကို အရှိအတိုင်းအမှန်အတိုင်း မြင်တတ်ဖို့လိုသလို အမှန်အတိုင်း ရဲရဲဝံ့ဝံ့တင်ပြရဲဖို့ပဲ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတယောက်ဟာ ပြည်သူလူထုကို လှုံ့ဆော်ပညာပေးဖို့တာဝန်ရှိသလို အစွဲအာဃာ တ ကင်းကင်းနဲ့ သတင်းရေးသားဖို့ ပုဂ္ဂလဓိဋ္ဌာန်အရမဟုတ်ပဲ ဓမ္မဓိဋ္ဌာန်သက်သက်နဲ့ အမှန်ဘက်ကရပ်တည်ပြီး အမှားဘက်ကို နှိပ်ကွပ်ဖို့ လည်း တာဝန်ရှိပါတယ်။
လန်ဒန်တိုင်းမ် သတင်းစာခေတ်ဦးပိုင်းကအယ်ဒီတာတွေဖြစ်ကြတဲ့ Thomas Barnes နဲ့ John T.Delane တို့က သတင်းစာသည် လွတ်လပ်သည်။ လူထုထင်မြင်ချက်ကို တဝန်ခံသည်။ အစိုးရကိုတာဝန်မခံ။ သတင်းကိုရအောင်နှိုက်ပြီး သတင်းမှန်ကိုဖွင့်ချရဲရမယ်။ သတင်းပိတ်ဆို့သူတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့ သတင်းစာလွတ်လပ်ခွင့်သဘောတရားကိုထူထောင်ခဲ့ကြပါတယ်။ လူ့အဖွဲ့အစည်းထဲ က အမှန်တရားကို ရအောင်ရှာဖွေပြီး ပြည်သူလူထုကို ဖော်ထုတ်တင်ပြဖို့ တာဝန်ရှိတယ်။ တင်ပြရဲရမယ်လို့ ပြောတာပါပဲ။
နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ အယ်ဒီတာဖြစ်ခဲ့တဲ့ James Reston တော့… “အမေရိကန်တွင်အစိုးရသည် သတင်းမှန်များအ စား ၎င်းတို့က ပြည်သူလူထုကို မှန်သည်ဟုထင်စေလိုသည့် သတင်းများကိုသာ ဖြန့်ဖြူးနေသည်။” လို့ အမေရိကန်အစိုးရကို ပြတ် ပြတ် သားသား ဝေဖန်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက စစ်အစိုးရရဲ့ လုပ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ကြပါတယ်။
စာနယ်ဇင်းသမားတွေအဖို့ကတော့ အဖြစ်အပျက်မှန် သတင်းမှန်တွေကို စာပေပုံစံတရပ်နဲ့ ရေးသားပြီး ပြည်သူလူထုကို ဖော်ထုတ် တင်ပြပေးကြဖို့ ဖြစ်ပါတယ်။ သတင်းစာသမားသက်သက်ကတော့ သတင်းအမှန်တွေကို တိတိကျကျမြန်မြန်ဆန်ဆန် လူထုကို ဖော် ထုတ် တင်ပြကြရမှာ ဖြစ်ပါတယ်။
နိုဘယ်လ်ဆုရ စာရေးဆရာကြီး အယ်လ်ဘတ်ကမူး (Albert Camu) က… “သတင်းစာသမားသည် အမှန်တရားကိုအလေးထားသော တနေ့တာ သမိုင်းပြုစုသူဖြစ်သည်။” လို့ ဆိုခဲ့ဖူးပါတယ်။
အမှန်တရားကို အလေးထားဆုပ်ကိုင်ဖို့ဟာ သတင်းသမားများရဲ့ အဓိကတာဝန်ဖြစ်တယ်ဆိုတာကို ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ သ တင်းစာသမား စာနယ်ဇင်းသမားတွေဟာ အမှန်တရားကိုတန်ဘိုးထားကိုင်စွဲနိုင်ဖို့ အမှန်တရားကိုရှာဖွေကြရပါလိမ့်မယ်။ နစ်မြုပ်နေရင် တူးဖော် ဖော်ထုတ်ပေးကြရပါလိမ့်မယ်။ အမှန်တရားရှာဖွေတွေ့ရှိနိုင်ဖို့ စာနယ်ဇင်းသမား သတင်းစာသမားတွေ ဘယ်ကိုသွားကြရမှာ ပါလဲ။ အဓိကအရေးအကြီးဆုံးသွားရမယ့် နေရာကတော့ ပြည်သူလူထုကြားကိုပါပဲ။ ပြည်သူလူထုဆီမှာသာ တိုင်းပြည်တပြည်ရဲ့ အစိုး ရတရပ်၊ နိုင်ငံရေးစနစ်တခု၊ စီးပွားရေးစနစ်တခုရဲ့ အမှားအမှန်ကိုတိုင်းထွာနိုင်တဲ့ ပေတံတွေစံတွေ ရှိပါတယ်။ အဲဒီအစိုးရ၊ အဲဒီနိုင်ငံ ရေးစနစ်နဲ့ စီးပွားရေးစနစ်ကြောင့် ထွက်ပေါ်လာတဲ့ရလဒ်တွေဟာ အဲဒီတိုင်းပြည်ရဲ့ ပြည်သူလူထုာကားမှာသာ ထင်ထင်ရှားရှားတွေ့ နိုင်ပါတယ်။ ဘယ်လောက်ပဲ ဖုံးထားကာကွယ်ထားပါစေ အမှန်တရားကတော့ တနည်းနည်းနဲ့ ပြသနေမှာပဲဖြစ်ပါတယ်။ စာနယ်ဇင်း သမား သတင်းစာသမားတွေဟာ ပြည်သူလူထုကြားက တကယ့်အမှန်တရားကို ဖော်ထုတ်ပြီး မှန်ကန်အောင်တည့်မတ်ပေးကြရပါ လိမ့်မယ်။ ဒီနေရာမှာလွှဲရှောင်လို့မရအောင် ကိုယ်းကားတင်ပြရမှာတခု ရှိလာပါတယ်။ အဲဒါကတော့ ကမ္ဘာကျော် ပူလစ်ဇာ စာပေဆု ကြီးကို ဖြစ်ပေါ်လာစေတဲ့ “ဂျိုးဇက်ပူလစ်ဇာ” လို့ အမည်ရတဲ့ ဟန်ဂေရီ နိုင်ငံမှာမွေးဖွားခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင် စုရဲ့ ထင်ရှားကျော်ကြားတဲ့ သတင်းစာဆရာကြီးဖြစ်လာခဲ့သူဟာ သူမျက်စေ့ကွယ်သွားလို့ သတင်းစာလောကက လုံးဝအနားယူတော့ မယ့်အချိန်မှာ ရေးသားခဲ့တဲ့ သဝဏ်လွှာပဲဖြစ်ပါတယ်။ သူရဲ့သဝဏ်လွှာကို ဒီကနေ့အထိ သတင်းစာတွေ သတင်းစာဆရာသံဓိဋ္ဌာန် အဖြစ် ကူးယူဖော်ပြနေကြဆဲဖြစ်ပါတယ်။
အဲဒီ သူ့ရဲ့သဝဏ်လွှာကတော့…
“ကျနော်အနားယူလိုက်ခြင်းကြောင့် သတင်းစာ၏ အဓိကအခြေခံမူကြီးတွေ ဘာမှပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ သတင်းစာသည် တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် အမြဲတမ်းတိုက်ပွဲဝင်လိမ့်မည်။ မတရားမှုနှင့် အဂတိလိုက်စားမှုကို ဘယ်တော့မှသည်းခံခွင့်လွှတ်လိမ့်မည်မဟုတ်။ ပါတီအားလုံးမှ အပြောသမားခေါင်းဆောင်တွေကို အမြဲတမ်းတိုက်ခိုက်လိမ့်မည်။ သ တင်းစာသည် မည်သည့်ပါတီဘက်ကမှ ပါလိမ့်မည်မဟုတ်။ ပြည်သူ့ပစ္စည်းလုယက်သူများကို အမြဲတမ်း ဆန့်ကျင်အတိုက်အခံပြုသွား မည်။ ဆင်းရဲသူဆင်းရဲသားများအပေါ်အမြဲတမ်းထာက်ထားစာနာမည်။ ပြည်သူလူထု သက်သာချောင်ချိရေးကို အမြဲအလေးထားမည်။ သတင်းသက်သက်ဖော်ပြနေရုံမျှဖြင့် ကျေနပ်နေမည်မဟုတ်။ လွတ်လပ်စွာရေးသားခြင်းကို အမြဲတမ်းကျင့်သုံးမည်။ ဓနရှင်အမြတ်ကြီး စားက ခေါင်းပုံဖြတ်ခြင်းဖြစ်စေ၊ ဆင်းရဲသားအမြတ်ကြီးစားက ခေါင်းပုံဖြတ်ခြင်းဖြစ်စေ မတော်မတရားပြုမှုဟူသမျှကို တိုက်ခိုက်သွား ရန်သတင်းစာသည်ဘယ်တော့မှ မကြောက်မရွံ့” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
ကျနော် အခုတင်ပြခဲ့တဲ့ အချက်အလက်အကိုယ်းအကားတွေအရ ကြည့်မယ်ဆိုရင် စာနယ်ဇင်းသမားတွေရဲ့တာဝန်၊ အဓိကကိုင်စွဲရ မယ့်အရာ၊ အဓိကရပ်တည်ရမယ့်ဘက်ဟာ ဘာလဲဆိုတာ အတော်လေး ပီပြင်ရှင်းလင်းလောက်ပြီလို့ ထင်ပါတယ်။
သတင်းစာဆရာ စာရေးဆရာ ML.Stein ကလည်း …
“လောကကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောပြနိုင်စွမ်းရှိတာဟာ ဒီမိုကရေစီစနစ်တခုရဲ့ အရေးအပါဆုံး လုပ်ငန်းဆောင်တာ တွေထဲမှာ တခုအပါ အဝင်ဖြစ်ပါတယ်။ ပြီးတော့ အလွန်လိုအပ်မှုရှိနေတဲ့ အဲဒီအလုပ်ကို လုပ်ဆောင်နေတဲ့သူဟာ ဒီကနေ့ စာနယ်ဇင်း သမားတယောက်ပဲဖြစ်ပါတယ်။” လို့ သူရဲ့ Your Career In Journalism စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
အဲဒီစာအုပ်ထဲမှာပဲ အယ်ဒီတာတဦးဖြစ်တဲ့
ကိုးလ်မင်းဟတ်ဝဲလ် (Coldman Heartwell ရေးသားခဲ့တဲ့ “Do you belong in Journalism?” ဆိုတဲ့ စာအုပ်ထဲမှာ သူရေးသားဖော် ပြခဲ့တဲ့ တွေးမြင်ယုံကြည်မှုတခုကို ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ကိုးလ်မင်းက “ပြသနာတွေကို နိုင်နိုင်နင်းနင်းမကိုင်တွယ်တတ်တဲ့ သူ၊ တခြားသူတွေအတွက် လုပ်ကိုင်ပေးချင်တဲ့ဆန္ဒပြင်းပြင်းပြပြ မရှိတဲ့လူမျိုးဟာ စာနယ်ဇင်းသမားတယောက်ဖြစ် မလာသင့်ပါဘူး” လို့ ရေးသားခဲ့တာပါ။
တခြားသူတွေလို ကိုးလ်မင်းပြောခဲ့တဲ့သူတွေကတော့ အများပြည်သူဖြစ်ပါတယ်။ ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုအတွက် လုပ် ကိုင်ဆောင်ရွက်ပေးလိုစိတ်၊ ပြည်သူလူထုကို အကျိုးပြုလိုစိတ်မရှိသူတွေဟာ စာနယ်ဇင်းသမားတယောက် ဖြစ်လာရင်လည်း ပြည်သူ လူထုအတွက် ဘာမှပေးအပ်နိုင်မှာမဟုတ်ပါဘူး။ စာနယ်ဇင်းသမားဘဝကို အသက်မွေးလမ်းကြောင်းတခုအဖြစ် တက်လမ်း ရှာဖို့ ရွေး ချယ်လုပ်ကိုင်ကြတဲ့သူတွေမှာ အခြေခံရှိရမယ့် စိတ်ဓာတ်နဲ့ ခံယူချက်ကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။
(၇ ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂညီလာခံတွေင်ဖတ်ကြားခဲ့သော စာတမ်းငယ်ဖြစ်ပါသည်)
(ဒုတိယပိုင်းဆက်ပါအုံးမယ်)
စိုးနေလင်း
နေ့သစ် http://www.naytthit.com မှ ကူးယူဖေါ်ပြသည်
photo by: http://www.writethinking.co.uk/2009/11/pro-journalism-must-stand-out.html
photo by: http://www.writethinking.co.uk/2009/11/pro-journalism-must-stand-out.html
No comments :
Post a Comment