Savon Immigrant Woman ဆုရရှိသူ မမေမျိုးသွင်၊ Savon Woman ဆုရရှိသူ Mrs Jaana Marjanen
-သားဆွေ-
ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၇.၃.၂၀၁၀ (တနင်္ဂနွေနေ့) ဖင်လန်နိုင်ငံ စံတော်ချိန် နေ့လည် ၂ နာရီ မှ ၄ နာရီအထိ ဖင်လန်နိုင်ငံ၊ ကူအိုပီအိုမြို့ ၊ Old Kuopio Museum ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ အထိမ်းအမှတ် အခမ်းအနားအား ဖင်လန်နိုင်ငံအခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတခုဖြစ်သည့် Zonta International –
Kuopio Zonta Club II မှ ကြီးမှူးကျင်းပမှာဖြစ်ပြီး၊ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဖင်လန်နိုင်ငံ ရုပ်/သံသတင်းဌာနများ၊ စာနယ်ဇင်းသမားများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက် ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနား၌ “သက္ကရာဇ်၂၀၁၀ ခုနှစ် Savo ခရိုင် အမျိုးသမီးဆု” ၂ ဆု အဖြစ်
“Savon Woman” ဆု နှင့် “Savon Immigrant Woman” ဆု များ ချီးမြင့်ပေးအပ်သွားမည်ဖြစ်ပြီး၊
ဆုရရှိသူများမှာ ----
ဖင်လန်နိုင်ငံသူ Mrs Jaana Marjanen နှင့်
ဖင်လန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်လျက်ရှိသော မြန်မာအမျိုးသမီး မမေမျိုးသွင် တို့ ဖြစ်ပါသည်။
Mrs Jaana Marjanen သည် Kuopio Puijo ခရစ်ယာန်အသင်းတော်၏ သင်းအုပ်ဆရာမ ဖြစ်ပြီး၊ ဘာသာရေးဆိုင်ရာ မဟာဘွဲ့ကို ဟယ်လ်ဆင်ကီးတက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၌ ခရစ်ယာန်ဘုန်းကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး၊ ၁၉၉၁ ခုနှစ်တွင် ဖင်လန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Kuopio Puijo ခရစ်ယာန်အသင်းတော် ၏ ပထမဆုံး အမျိုးသမီး သင်းအုပ်ဆရာမ အဖြစ်ရွေးချယ်ခံခဲ့ရသည်။
ကူအိုပီအို မြို့တော်ကောင်စီ ဥက္ကဌ Marja-Leena Puputti မှ ဆုရရှိသူ မမေမျိုးသွင်အား ချီးကျူးဂုဏ်ပြုစကားပြောကြားရင်း ဖင်လန်နိုင်ငံ အလံတော် အထိမ်းအမှတ်အဖြစ်အဖြူရောင်နဲ့အပြာရောင် ပန်းစည်းပေးအပ်နေပုံ
မမေမျိုးသွင်သည် သက္ကရာဇ် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ မနီလွိုင် စခန်းမှနေ၍ ဖင်လန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် လာရောက် နေထိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဖင်လန်နိုင်ငံ Kuopio Business College မှ Information Technology Service ဒီဂရီ ရရှိခဲ့သည်။ လက်ရှိကာလတွင် Savonia University of Applied Sciences ၌ Bachelor of Engineering in Information Technology ၊ (IT) ဘာသာရပ်ကို သင်ကြားနေသည့် နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသူတယောက်ဖြစ်သည်။
မမေမျိုးသွင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသူရဲဘော်ဟောင်းတယောက် ဖြစ်ပြီး၊ ဖင်လန်နိုင်ငံအခြေစိုက် မြန်မာပြည်ဒီမိုကရေစီရေးလှုပ်ရှားမှုကော်မတီ-ဖင်လန်နိုင်ငံ (Campaign for Democracy in Burma – Finland) ၏ အဖွဲ့ဝင်တဦးဖြစ်သည်။ ထို့အပြင် မမေမျိုးသွင်သည် ဖင်လန်နိုင်ငံရောက် မြန်မာများ စုပေါင်းတည်ထောင် ဖွင့်လှစ်ထားသည့် မြန်မာစာသင်ကျောင်းတကျောင်းဖြစ်သော“စုစုနွေးကျောင်း” ၏ ကျောင်းကော်မတီ အတွင်းရေးမှူး နှင့် ဘဏ္ဍာရေးမှူး တာဝန်တို့ကို ထမ်းဆောင်နေသူတဦးဖြစ်ပါသည်။
Zonta International သည် ၁၉၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး၊ လက်ရှိ နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် ဌာနခွဲများဖွင့်ကာ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ရည်ရွယ်ချက်အနေဖြင့် - မတူညီသည့် လူ့အဖွဲ့အစည်းများ အတွင်း အမျိုးသမီးများ၏ အခန်း ကဏ္ဍကို (အမျိုးသမီးများ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာ၊ ကျန်းမာရေး၊ သက်မွေး ၀မ်း ကြောင်းမှုနှင့် လူမှုဆက်ဆံရေး နယ်ပယ်များအတွင်း) မြှင့်တင်ဆောင်ရွက်သွားဖို့ဖြစ်ပြီး အထူးသဖြင့် လူ့အခွင့်အရေး နှင့် ဥပဒေအရ တန်းတူ ညီမျှရေး ဖြစ်သည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
မမေမျိုးသွင် (Savon Immigrant Woman ဆု ရရှိသူ)
ဖုံးနံပါတ် +358 44 2621080
email: maymyothwin@gmail.com
Sirkka Sinkkonen (ဆုပေးအပ်သည့်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်)
ဖုံးနံပါတ် + 358 17 2625724
email: Sirkka.Sinkkonen@uef.fi

No comments :
Post a Comment