(မဇ္ဈိမ)
ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၁ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့သော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တရားစွဲဆိုရန် ယနေ့ လျှောက်ထားမှုအား ရန်ကုန် ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်သည်။
ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များ၏ ယမန်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ရွှေ၏ လက်မှတ်ဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တရားစွဲဆိုသည်ကို ဗဟိုတရားရုံးချုပ်၊ တရားမဌာနမှ တာဝန်ရှိသူက လက်ခံပိုင်ခွင့် မရှိကြောင်း ပြောဆိုကာ ပယ်ချခဲ့ခြင်း ဖြစ်သည်။
“လျှောက်လဲချက်ကို သူတို့ မှတ်ပုံတင်မပေးဘူး။ မှတ်ပုံတင်ခွင့် မပေးဘူး။ ကျနော်တို့ မှတ်ပုံတင်လုပ်ဖို့ သွားတာ။ ဒါကို လက်မခံဘူး။ ကျမတို့ လက်ခံပိုင်ခွင့် မရှိပါဘူးလို့ ပြောပြီးတော့ ပယ်ချလိုက်တာပါ” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က) (ဇ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅၊ ၅၄ အရ တရားစွဲဆိုရန် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့က ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်မီ ဥပဒေမူကြမ်းများကို ပထမ ထုတ်ပြန်၍ ပြည်သူများ၏ အကြံပြုချက်များကို ရယူပြီးမှ ထုတ်ပြန်ရမည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသဖြင့် မှန်ကန်ပြီး တရားမျှတမှု မရှိကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် လက်မှတ်ဖြင့် ယခုလ ၈ ရက်နေ့၌ ထုတ်ပြန်လိုက်သော “နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” တွင် ထောင်ဒဏ်ချမှတ်ခံထားရသူများကို ပါတီမှ ထုတ်ပယ် (သို့မဟုတ်) လက်မခံဘဲ နေရမည်ဟု သတ်မှတ်ခြင်းသည်လည်း ပြစ်ဒဏ်ချခံထားရသူကို နှစ်ကြိမ် ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်ဟုလည်း သူက ထောက်ပြသည်။
ဗဟိုတရားရုံးက အမှုစွဲသည်ကို လက်မခံဘဲ ပယ်ချခဲ့မှုနှင့်ပတ်သက်၍ ဦးဥာဏ်ဝင်းက “ဒီနေ့ လက်မခံဘူးဆိုတဲ့လူတွေက ဝန်ထမ်းတွေ။ သူတို့မှာ တရားစီရင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့် အာဏာ လုံးဝမရှိဘူး။ ဒုတိယအချက်က တရားရုံးချုပ်ရဲ့ လက်စွဲအရ ငြင်းတယ်ဆိုရင် အကြောင်းပြချက် ပေးပြီးတော့ ငြင်းပယ်ရမယ်။ လက်မှတ်ထိုးပေးပါ ဆိုတော့လည်း မထိုးပေးဘူး။ လုပ်ထုံးလုပ်နည်းတွေ လုံးဝ မှားယွင်းနေတယ်လို့ ပြောချင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
စစ်အစိုးရ ခေါင်းဆောင်အား NLD က တရားစွဲသည်ကို လက်မံဘဲ ပယ်ချလိုက်ခြင်းသည် မှန်ကန်မှု မရှိကြောင်းနှင့် ဥပဒေအကြောင်းအရ ဆက်လက်အရေးယူရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သဘောထားပေးလိုက်ကြောင်း ဦးဥာဏ်ဝင်းထံမှ သိရသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)
(မဇ္ဈိမ)
Tuesday, 23 March 2010
Subscribe to:
Post Comments
(
Atom
)
1 comment :
အန်င်အယ်ဒီက ရူးနေတာလား
Post a Comment