Thursday, 22 April 2010

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

အောင်ထက်/၂၂ ဧပြီ ၂ဝ၁ဝ(ခေတ်ပြိုင်သတင်းဂျာနယ်)
ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်ဟုထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။  
 
ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။
ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကန်တော်ကြီးပတ်လမ်း မဏ္ဍပ်အားလုံးထဲမှာ X20 မဏ္ဍပ်က လုံခြုံရေး အများဆုံးပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့မြေး ဖိုးလပြည့် ရေကစားမယ်ဆိုလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအမိန့်နဲ့ အချိန်ပြည့် လုံခြုံရေးယူထားတယ်။ အဲဒီကြားထဲက ဗုံးပေါက်တာ” ဟု မျက်မြင်တို့က ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်သည် အရှေ့ပိုင်းခရိုင် စစ်ဒေသမှူး၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက လာရောက် တွဲဖက်လုပ်ဆောင်ရကြောင်း သိရသည်။
“စစ်ဒေသမှူးမှာ သား (၁) ယောက်၊ သမီး (၂) ယောက်ရှိတယ်။ သူက ဗုံးပေါက်ကွဲမယ့်သတင်း ကြိုရထားပုံရတယ်။ ကလေးတွေကို သင်္ကြန်တွင်း ဘယ်မှ ထွက်မလည်ကြဖို့ သူ့ဇနီးကို မှာတယ်” ဟူသော သတင်းစကားများ စစ်ဒေသမှူးနေထိုင်ရာ ဝေဠုဝန်အိမ်ရာတွင် ပျံ့နှံ့နေသည်။
စစ်ဒေသမှူးသည် အကြိုနေ့ကတည်းက X20 မဏ္ဍပ်လုံခြုံရေးကို အနီးကပ် ကြီးကြပ်နေခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
“စစ်ဒေသမှူးနဲ့ သူ့တပ်ဖွဲ့ အကြတ်နေ့ နံနက် (၁၀) နာရီမှာ X20 မဏ္ဍပ်ကို ရောက်လာတယ်။ နေ့လယ် (၁၂) နာရီမှာ အိမ်ပြန် ထမင်းစားတယ်။ ညနေ (၃) နာရီမှာ အရပ်ဝတ်နဲ့ ပြန်လာပြီး မဏ္ဍပ်နားအရောက် ဗုံးပေါက်ကွဲတာ” ဟု တာဝန်ကျ တပ်ကြပ်တဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို၏ မျက်နှာကို ဗုံးစ ရှပ်၍ ထိမှန်ပြီး ၀မ်းဗိုက်၌ ကွမ်းသီးလုံးခန့် အပေါက်ဖြစ်သွားသည်ဟု သိရသည်။
“ဗိုလ်မှူးကြီးက ဗိုက်ကို လက်နဲ့ဖိပြီး အဘရေ ကျနော်တော့ ထိသွားပြီလို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဆီ သတင်းပို့လိုက်သေးတယ်” ဟု ထိုစဉ်က အနီးရှိ ရဲဘော်တဦးက ပြောပြသည်။
အခင်းဖြစ်ပွားရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ရောက်ရှိလာပြီး စစ်ဒေသမှူးအား ဦးဝိစာရလမ်း၊ အမှတ် (၂) စစ်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ပြုစုကုသမှုများ ပြုလုပ်ပေးခဲ့သည်။
ဧပြီ (၂၀) ရက်တွင် မင်္ဂလာဒုံ အမှတ် (၁) စစ်ဆေးရုံသို့ ရွှေ့ပြောင်းပြီး ဗုံးစ၀င်သွားသော အသည်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်သည်ဟု သိရသည်။
ထိုသို့ သင်္ကြန်ကာလ X2O မဏ္ဍပ်၌ ဗုံးဖောက်ခွဲမည်ကို ကြိုတင် သတင်းရရှိပါလျက် တာဝန်ရှိသူတို့မှ လုံခြုံရေး အပြည့်အ၀ မပေးနိုင်သည့်အပေါ် အချို့က အပြစ်မြင်နေကြသည်။
ထို့ပြင် သင်္ကြန်ကာလနှင့် ဆီလျော်မှုမရှိသော လူနာတင်ကား အသင့်ထားရှိခြင်း၊ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာဆောင်အား ဖယ်ရှားရှင်းလင်းထားခြင်းတို့အပေါ် သံသယ၀င်ကာ နအဖ၏လုပ်ရပ်ဟု အများက ထင်မြင်ချက်ပေးနေကြသည်။
“ဗုံးခွဲမယ့်သတင်း ကြိုရထားရင် သင်္ကြန်မဏ္ဍပ်တွေ ပိတ်လိုက်ပေါ့။ ခုတော့ နအဖ ဂုဏ်သိက္ခာတည်ဆောက်နိုင်ဖို့ ပြည်သူတွေရဲ့ အသက်တွေကို ချကျွေးတာတော့ မလုပ်သင့်ဘူး” ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။
ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိနေပြီဟု ရန်ကုန်ဆေးရုံကြီးမှ သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် မရသေးပေ။

4 comments :

Anonymous said...

ထိသွားရင် သေလိုက်တော့၊ မသေချင်သေးရင်တော့ ဒုက္ခိတ ဘ၀နဲ့ဆက်ပြီးတော့ ရှင်သန်ပေါ့ကွာ။ တိုက်ပွဲမှာ မတရားတာ မရှိဘူး၊ ရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးသည်သာ အဓိက။ အစွန်းထွက် အနည်းငယ်လောက်တော့ ရှိမှာပေါ့။ ထိမှ နာမနေကြနဲ့။ မြို့ကြီးတွေမှာ မဟုတ်ဘဲ ကျေးလက် တောရွာတွေမှာ နေ့စဉ်နှင့်အမျှ သေကြေပျက်စီး ဖြစ်ပျက် နေကြတာတွေကိုတော့ မြို့ပေါ်ကလူတွေက ဘယ်နှစ်ခါများ အခုလို ခံစားဖူး၊ ကိုယ်ချင်းစာစိတ် ရှိခဲ့ဖူးလဲ။ ( ရန်သူမဟုတ်ဘဲ စစ်မှန်တဲ့ပြည်သူတွေ ထိခဲ့တာကိုတော့ စိတ်မကောင်း ၀မ်းနည်းမိပါတယ်၊ ကိုယ်ချင်းလည်းစာပါတယ်) ဒီမိုကရေစီ ဘက်တော်သားတွေလည်း ထောင်တွေထဲမှာနဲ့ ပုန်းရှောင်ထွက်ပြေး နေကြရတာနဲ့ သေကြေပျက်စီး နေကြရတာတွေကိုလည်း ပြန်လည် ကိုယ်ချင်းစာစိတ် ထားပေးကြစေချင်ပါတယ်။

Unknown said...

"ပြည်ထောင်စု ကုန်းပိုးပွဲ"

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ကုန်းပိုးပွဲ ကျင်းပသတဲ့။ ကုန်းပိုးပွဲမှာ လူ ၁၆ ယောက် ပါတယ်။ ၈ ယောက်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတဲ့။ ကျန်တဲ့ ၈ ယောက်ကတော့ အစိမ်းကောင်တွေတဲ့။ ကုန်းပိုးပွဲဆိုတာ လူတွေက စက်ဝိုင်းပုံ မျက်နှာချင်းဆိုင် နေရာယူပြီး၊ အောက်ကတစ်ယောက်က ကုန်း (ခံတဲ့လူ)၊ နောက်တစ်ယောက်က ကုန်းထားသူရဲ့ ကျောမှာ ပိုး (စံတဲ့လူ) ပေါ့။ အထုပ်ကလေးတစ်ထုပ်ကို ကျောပေါ်တက်ထိုင်နေသူတွေက လက်ဆင့်ကမ်း ပစ်ကြတာပေါ့။ အထုပ်ဖမ်းတာ မမိဘဲ မြေကြီးပေါ်ကျသွားရင်။ အောက်က လူက အပေါ်တလှည့်တက်၊ အပေါ်က လူက အောက်တလှည့်ဆင်း ကုန်းပိုးပေးပေါ့။ အထုပ်ကလေးကို စက်ဝိုင်းပုံ နေရာယူထားတဲ့ အတိုင်း မြေကြီးပေါ် မကျ မချင်း။ လက်ဆင့်ကမ်းပစ်ပေးကြတာပေါ့။ အောက်ဆင်းပြီး ကုန်းမပိုးရအောင် သတိထားပြီး ပစ်ကြရတာပေါ့။ အောက်ကျရင် ဆင်းပြီး ကုန်းပိုးရမှာကိုး။ ခံရမယ့် အလှည့်လေ။

ခုကုန်းပိုးပွဲမှာတော့ ထူးခြားတာရှိတယ်ဗျ။ စရိုက်ကြမ်းတဲ့ အစိမ်းကောင်းတွေက ကစားပွဲ စည်းမျဉ်းကို ဆွဲထားတယ်ဗျ။ ကြိုတင်ပြီးတော့ပေါ့လေ။ တကယ်ကစားနေကျ စည်းမျဉ်းကတော့ အထုပ်ကို မိအောင် မဖမ်းနိုင်တဲ့ အပေါ်က လူက အထုပ်မြေကြီးပေါ်ကျသွားရင် သူက တလှည့် အောက်ကနေ ပိုးပေးရမှာပေါ့။ ခံရတဲ့ အလှည့်ပေါ့။ အောက်ကလူက တစ်လှည့်တက်ပြီး စံရတဲ့ အလှည့်ပေါ့။ ခု အစိမ်းကောင်းတွေ ဆွဲထားတဲ့ စည်းမျဉ်းက "အထုပ် အောက်ကျရင် အစိမ်းကောင်တွေ တက်စီး" ။ စည်းမျဉ်းက ဒါပဲ။ ဘယ်သူပစ်ပစ် မပစ်ပစ်၊ ဘယ်သူ့ကြောင့် ကျကျ မကျကျ။ အစိမ်းကောင် စံပဲ။ ခံ ဖို့ မပါဘူး။ တနည်းပြောရရင်။ "နိုင်လည်း နိုင်ရမယ်။ ရှုံးလည်း နိုင်ရမယ်" ဆိုတဲ့ စည်းမျဉ်းပေါ့ဗျာ။ ဒီလို စည်းမျဉ်းနဲ့ ကစားပွဲကို ၀င်ကစားကြရမယ့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တွေကတော့ ခံရမယ့် အလှည့်ချည်းပေါ့ဗျာ။
ကျွန်တော်တို့ ဆီက "ပြည်ထောင်စု ကုန်းပိုးပွဲ" ဆိုတာ ဒီလို စည်းမျဉ်းနဲ့ ဥပဒေနဲ့ဗျ။ ဒီလို ကစားပွဲမျိုးကို ၀င်ပါချင်သူ မရှိတာ မဆန်းပါဗျာ။ ပြည်ထောင်စု ဆိုတာလည်း အဲလိုပါပဲ တန်းတူတဲ့ အခွင့်အရေးမှ မရှိရင် "ဘာလဲဟဲ့ ပြည်ထောင်စု" လိုပဲ မေးလိုက်ချင်ပါတော့တယ်။ ကိုလိုနီ လက်သစ်ဝါဒနဲ့ ပြည်ထောင်စု ဆိုတာ ဒါပါပဲ။

Anonymous said...

One can see that Buddhism is dead in Burma because of both sides. Such a shame.

Anonymous said...

1st Anonymous
Really good words..thats right..