ကာဂျက်စ္စတန် ကြားဖြတ်အစိုးရခေါင်းဆောင်သစ် ရိုဇာ အိုတန်ဘေယီဗာ
-မြတ်စိုး(WFWW)-
၀၄.၁၁.၂၀၁၀
ဒေါ်လာ ဘီလီယံနဲ့ချီ အဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး၊ ဆွေမျိုးစု နှင့် နီးစပ်ရာ မိတ်ဆွေတွေကိုသာ ရာထူးပေး အာဏာတည်ဆောက်ခဲ့တဲ့ ကာဂျက်စ္စတန်သမ္မတ ဘာကီယဗ် တော့ လူထုက ရာထူးကနေ ဖြုတ်ချခဲ့လို့ မြို့ တော်က ထွက်ပြေးခဲ့ရပါပြီ။ သူ့ရဲ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ရိုဇာ အိုတန်ဘေယီဗာက ကြားဖြတ်အစိုးရဖွဲ့ပြီး၊ အစိုးရတာဝန်တွေကို နေ့ညမနား တာဝန်ယူ ထမ်းဆောင်နေပါပြီ။ အတိုက်အခံပါတီ ခေါင်းဆောင်ရိုဇာ အိုတန်ဘေယီဗာ ဟာ သူမ ကိုယ်သူမ ကာဂျက်စ္စတန် ခေါင်းဆောင် အသစ်အဖြစ် ရဲရဲဝံ့ဝံ့ကြေညာလိုက်ပြီးနောက် ရုရှားအစိုးရ ကကော၊ အမေရိကန်အစိုးရတွေ ကပါ အသိအမှတ်ပြု ထောက်ခံမှုပေးလိုက်သလို၊ ကာဂျက်စ္စတန် စစ်တပ်ခေါင်းဆောင်များ ကလည်း သူမကို ကာဂျက်စ္စတန် ခေါင်းဆောင်သစ်အဖြစ် အသိအမှတ်ပြု အားပေးထောက်ခံ လိုက်ပါပြီ။
ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ ဘာကီယဗ် ကို ကာဂျက်စ္စတန်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေ ကို ပိတ်ပစ်ရင် ဒေါ်လာ ၂ ဘီလီထောက်ပံ့ဖို့ ကူညီမယ်လို့ လာဘ်ထိုး ကျိုးစားခဲ့တဲ့ ရုရှားအစိုးရ ကလည်း သူ့ကို မထောက်ခံတော့သလို၊ တနှစ် ဒေါ်လာ သန်း ၆၀ ကျော်ပေးပြီး စစ်စခန်းဌားရမ်းခဲ့တဲ့ အမေရိကန် အစိုးရ ကလည်း သူ့ကို မထောက်ခံတော့ပါဘူး။ ရုရှားအစိုးရ နှင့် အမေရိကန် အစိုးရတွေက သမ္မတ ဘာကီယဗ်နှင့် သူ့ရဲ့ ဆွေမျိုးတွေဟာ နိုင်ငံတကာ အကူအညီတွေနဲ့ ထောက်ပံ့မှုတွေကို အလွဲသုံးစား ပြုလုပ်နေကြလို့ အတော်လေး ဒေါသထွက်ခဲ့ကြတယ်။ လူဦးရေ ၅ သန်းခွဲနီးပါးရှိတဲ့ ကာဂျက်စ္စတန်နိုင်ငံဟာ ညံ့ဖျင်းတဲ့စီမံခန့်ခွဲအုပ်ချုပ်မှု၊ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု တွေကြောင့် တိုင်ပြည်ရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျနေပြီး၊ ပြည်သူများဟာ စားဝတ်နေရေး အကျပ်အတည်းများနှင့်ရင်ဆိုင်နေခဲ့ရတယ်။
အတိုက်အခံပါတီ ခေါင်းဆောင်ရိုဇာ အိုတန်ဘေယီဗာ ဟာ နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံတကာ အစိုးရခေါင်းဆောင်းတွေ၊ ကုလသမဂ္ဂသံဝန်ထမ်းတွေ ကို ဆက်တိုက်တွေ့ဆုံနေပြီး ကြားဖြတ်အစိုးရလုပ်ငန်း တွေကို မနားမနေ တာဝန်ထမ်းဆောင် နေတာကိုတွေ့ရတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကာဂျက်စ္စတန် အတိုက်အခံပါတီ နှင့် ခေါင်းဆောင်တွေရဲ့ အရည်အချင်းတွေ ကို နိုင်ငံတကာ အတိုက်အခံပါတီ တွေ က အတုယူ အားကျနေကြလိမ့်မယ်ဆိုတာ ဧကန်မလွှဲပါ။ ကာဂျက်စ္စတန် အတိုက်အခံပါတီ ခေါင်းဆောင်တွေဟာ အချိန်တိုအတွင်း ကြားဖြတ်အစိုးရ ကို ဖွဲ့စည်းပြီး၊ လူထုကို ဦးဆောင်မှုပေးနိုင်ခဲ့တာ ကို တွေ့ခဲ့ရတယ်။
အဓိက အတိုက်အခံပါတီတွေအနေဖြင့် လိုအပ်တဲ့အခါ နှင့် အရေးပေါ် အခြေအနေတွေပေါ်မှာ ကြားဖြတ်အစိုးရကို ဖွဲ့စည်းနိုင်ရမဲ့အခြေအနေ အသင့်အနေအထား ရှိရမှာဖြစ်သလို၊ အစိုးရတာဝန်တွေကို တာဝန်ထမ်းဆောင်နိုင်သည့်သူများ၊ နိုင်ငံတကာမှ အသိအမှတ်ပြု နိုင်သည့် အရည်အချင်းပြည့်ဝသည့် သူများကို တာဝန်ပေးနိုင်ဖို့ အဆင်သင့်ပြင်ဆင် ထားကြရလိမ့်မယ်ဆိုတာ ကာဂျက်စ္စတန်နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် အခြေအနေတွေကို လေ့လာခြင်းဖြင့် သင်ခန်းစာယူနိုင်ကြပါလိမ့်မယ်။
အတိုက်အခံပါတီ ခေါင်းဆောင်ရိုဇာ အိုတန်ဘေယီဗာ ဟာ အမေရိကန် နှင့် ဗြိတိန်ဆိုင်ရာ ကာဂျက်စ္စတန် သံအမတ်တာဝန်၊ နိုင်ငံခြားရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးလို့ နိုင်ငံတကာ နှင့် သံတမန်ဆိုင်ရာ အတွေ့အကြုံရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း အထူးသံတမန်အဖြစ် စေ့စပ်ရေးတာဝန်ကိုလည်း ထမ်းဆောင်ပေးခဲ့လို့ ဒေသတွင်းခေါင်းဆောင်များက ယုံကြည်မှုရရှိခံခဲ့ရတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။
မော်စကိုတက္ကသိုလ် မှ ဒဿနိကဗေဒ ဘာသာနဲ့ဘွဲ့ရခဲ့ပြီး၊ ပါမောက္ခတစ်ဦးဖြစ်ခဲ့တဲ့သူမဟာ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်က ကာဂျက်စ္စတန် ကွန်မြူနစ်ပါတီ မှာ အဆင့်မြင့်တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသူလည်းဖြစ်ပါတယ်။ ရုရှားအစိုးရ ဟာ ရာထူးက ဖြုတ်ချခြင်းခံခဲ့ရတဲ့ ကာဂျက်စ္စတန်သမ္မတ ဘာကီယဗ် နဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့ပြီးနောက် သူမ ကို နောက်ကွယ်ကနေ ထောက်ခံမှုတွေပေး ခဲ့တယ်လို့ သိရတယ်။ သူမဟာ ကြားဖြတ် အစိုးရ အဖွဲ့ သက်တမ်း ကို ခြောက်လ သတ်မှတ် ထားပြီး၊ တရားမျှတပြီး၊ ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတွင်းရှိ အမေရိကန် လေတပ်စခန်း မာနစ် ကို လည်း သူမက သဘောတူညီချက်အတိုင်း ဆက်လက်ထားရှိ သုံးစွဲခွင့်ပြုဖို့ အာမခံချက်ပေးခဲ့ကြောင်းသိရှိရပါတယ်။
ကာဂျက်စ္စတန်ခေါင်းဆောင်သစ် အဖြစ်ကြေညာထားတဲ့ အတိုက်အခံပါတီ ခေါင်းဆောင်ရိုဇာ အိုတန်ဘေယီဗာ တစ်ယောက် နိုင်ငံအတွင်းကြုံတွေ့နေရတဲ့ စိမ်ခေါ်မှုတွေကို သူမ ဘယ်လိုရင်ဆိုင်ဖြေရှင်း မလဲဆိုတာကတော့ နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာရှိ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းတွေကတော့ သတိထားစောင့်ကြည့်လေ့လာနေကြပါတယ်။
No comments :
Post a Comment